(စ)-ကွန်ဟိန်းမြို့နယ်၊ မြို့နယ် စီမံကိန်း ရေးဆွဲရေးရုံး ဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁.၂၀၁၃)

ကွန်ဟိန်းမြို့နယ်မှာ မြို့နယ်အတွင်း လူဦးရေများပြားသော်လည်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍကို များစွာ အထောက်အကူပြုနိုင်သော နိုင်ငံတော်ပိုင်မြို့နယ်စီမံကိန်းရေးဆွဲရေးရုံး ကိုယ်ပိုင်အဆောက်အဦ မရှိသေးပါဘူး။ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ ၂၀-၁-၂၀၁၁ ရက်စွဲပါ မြေပေးမိန့်အမှတ် (၁/၂၀၁၁) ဖြင့်မြေရရှိပြီးဖြစ်‌ပေမယ့် မိမိကိုယ်ပိုင်အဆောက်အဦ မရှိသေးလို့ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းကိုလည်း ကြားသိခဲ့ရပါတယ်။ မြို့နယ်ဒေသခံများက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုနိုင်တဲ့ စီမံကိန်းရေးဆွဲရာမှာ မှန်ကန်တိကျရေးအတွက် မြို့နယ်အတွင်းရှိ အချက်အလက် Data များကို ခိုင်မာလျင်မြန်စွာ စုစည်းတွက်ချက်နိုင်ရန် မြို့နယ်စီမံကိန်းရေးဆွဲရေးရုံး အဆောက်အဦကို အလျင်အမြန်ရလိုကြောင်း ဆန္ဒပြုလာတဲ့အတွက် ကြောင့် ပြည်သူများရဲ့ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်းများမှာကွန်ဟိန်းမြို့နယ် မြို့နယ် စီမံကိန်းရေးဆွဲရေးရုံး အဆောက်အဦဆောက်လုပ်ရန် အစီအစဉ်ရှိပါသလား။ အဆောက်အဦဆောက် လုပ်ရန် ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်တွင် ထည့်သွင်းပေးနိုင်ပါမည်လား။ ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်တွင် မထည့်သွင်းနိုင်သေးဘူးဆိုပါက အဘယ်ကြောင့်နည်း။ မည်သည့်အချိန်ကာလတွင် တည်ဆောက်ရန် စီစဉ်ထားပါသနည်းတို့ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်
အဖြေ

ပထမဦးစွာ ကွန်ဟိန်းမြို့နယ် မြို့နယ်စီမံကိန်းရုံး ဆောက်လုပ်ရန် အစီအစဉ်ရှိပါကြောင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ထို့အပြင် ရှမ်းပြည်နယ် အတွင်း ရှမ်းပြည်နယ် စီမံကိန်းဦးစီးရုံးများအနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကွန်ဟိန်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ကျေးသီးမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မိုင်းယွန်းမြို့နယ်များတွင် မြို့နယ်စီမံကိန်းဦးစီးရုံးများကို တစ်ရုံးလျှင် ကျပ်သိန်း ၅၀၀ ဖြင့် ဆောက်လုပ်ရန်လျာထားပါကြောင်းနှင့် ရုံးအဆောက်အဦ ဆောက်လုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် Open Tender စနစ်ဖြင့် ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။