ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းမှ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်နှင့် ပြည်တွင်းကြွေးမြီ ကျပ် ၉.၉ ထွီလီယံခန့်ရှိကြောင်း ပြောကြားသွားပါတယ်။ ပြည်တွင်း လည်ပတ်ငွေကတော့ ၆ ထွီလီယံရှိကြောင်းသိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ ငွေထက် အကြွေးတွေက ပိုများနေပါတယ်။ နိုင်ငံခြားကြွေးမြီပေးဆပ်ရေး လျှော့ပေါ့ပေးရေး၊ လျှော်ပစ် ရေးစသည်ဖြင့်ကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်မှာ လာရောက်တင်ပြဆောင်ရွက်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူ့တွေက သိရှိရပါတယ်။ သို့သော်လည်း ပြည်တွင်း ကြွေးမြီပေးဆပ်ရေးအတွက် ဘယ်လိုဆောင်ရွက်နေတာ မသိရှိရတဲ့အတွက် ၎င်းကိစ္စသိရှိလိုကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါသည်။
ပြည်တွင်းကြွေးမြီပေးဆပ် ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်နေကြောင်း သိရှိလိုပါတယ်ဆိုတဲ့ မေးခွန်း နှင့် ပတ်သက်လို့ နိုင်ငံတိုင်းမှာ အကြွေးတွေရှိတယ်ဆိုတာတော့ အထူးပြောစရာမလိုပါဘူး။ စီးပွားရေး အကြီးဆုံးဆိုတဲ့နိုင်ငံတောင်မှ အမေရိကန်ဒေါ်လာ ၁၆ ထွီလီယံကျော်လောက် အကြွေးရှိနေပါတယ်။ နိုင်ငံတွေမှာရှိတဲ့ကြွေးကို ပြည်တွင်းကြွေး၊ ပြည်ပကြွေးဆိုပြီးတော့ ခွဲခြားနိုင်တယ်ဆိုတာလည်းအားလုံး အသိပဲဖြစ်ပါတယ်။ ပြည်ပအကြွေးကတော့ ရှင်းပါတယ်။ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေဆီကနေ ယူထားတဲ့အကြွေးဖြစ်ပါတယ်။ ပြည်တွင်းအကြွေးဆိုတာကတော့ အမှန်တကယ်မှာ နိုင်ငံအစိုးရတွေ အနေနဲ့ ပြည်သူတွေဆီကနေချေးယူထားတဲ့ အကြွေးဖြစ်ပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးလောက မှာကတော့ ဒီပြည်တွင်းကြွေးကို ဘုရင့်ရဲ့အကြွေးကို နိုင်ငံခြားစကားလုံးသုံးစွဲခွင့်ပြုပါ။ Sorerign and Debt ဆိုပြီးတော့ခေါ်ပါတယ်။ နိုင်ငံအစိုးရကနေ ပြည်သူတွေဆီကနေ ဘယ်လိုအကြွေးယူသလဲ။ ဘယ်လိုပုံစံနဲ့ယူသလဲဆိုရင်တော့ နိုင်ငံအစိုးရတွေအနေနဲ့က ပြည်သူတွေကို ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းချခြင်းနည်းလမ်းနဲ့ ပြည်သူတွေဆီကနေ အကြွေးယူတာဖြစ်ပါတယ်။ ငွေတိုက်စာချုပ်ဝယ် ထားတဲ့ပြည်သူတစ်ယောက်ဟာ နိုင်ငံတော်ကို အကြွေးပေးထားတဲ့သဘောဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ ငွေတိုက်စာချုပ်တွေကို ၂ နှစ်သက်တမ်း၊ ၃ နှစ်သက်တမ်း၊ ၅ နှစ်သက်တမ်းနဲ့ အနိမ့်ဆုံး ၁၀၀၀၀ ကနေ ကျပ် ၁၀ သန်းအထိ ဝယ်လို့ရပါတယ်။ ၂ နှစ်သက်တမ်းနဲ့ ဝယ်ထားတဲ့ ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံတော်ကို ၂ နှစ်ငွေချေးထားတဲ့ သဘောဖြစ်ပါတယ်။ ၂ နှစ်ပြည့်တာ နဲ့သူရသင့်ရထိုက်တဲ့ အတိုးနှင့်အရင်းတွေကိုလည်း နိုင်ငံတော်က ပြန်ပြီးတော့ပေးပါတယ်။ ပြည်တွင်း ကြွေးမြီတွေကိုတော့ နှစ်ပြည့်တဲ့အခါမှာ အတိုးနှင့်အရင်းကို ပေးခြင်းအားဖြင့် တဖြည်းဖြည်း တဖြည်းဖြည်း ပေးဆပ်သွားနေပါကြောင်း ဖြေကြားပါသည်။
