(ဃ)-မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ သာမန်အသုံးစရိတ်များ ခွဲဝေချထားရာတွင် ခေတ်ကာလနှင့် လျော်ညီသော အသုံးစရိတ်များ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁.၂၀၁၃)

ကျွန်တော့်အနေနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများရဲ့ သာမန် အသုံးစရိတ်များ ခွဲဝေချထားရာမှာ ခေတ်ကာလနှင့် လျော်ညီသော အသုံးစရိတ်များ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ၊မရှိနဲ့ပတ်သက်လို့ မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဌာနဆိုင်ရာများမှာ ဝန်ထမ်းများကို စရိတ်ချီးမြှင့်ငွေအဖြစ် ကျပ် ၃၀၀၀၀ တိုးမြှင့်ပေးခဲ့သော်လည်း ခရီးစရိတ်များအပါအဝင် ရုံးအသုံးစရိတ်များဟာ ခေတ်နှင့်လျော်ညီသော အသုံးစရိတ်များမဟုတ်ပါလို့ သိရှိရပါတယ်။ မြို့နယ်အဆင့်ရုံးအသုံးစရိတ်များ ခွဲဝေချထားရာမှာ ရန်ပုံငွေမလောက်ငှတဲ့အတွက် ဌာနတာဝန်ခံများက မဖြစ်မနေ အများဆုံးစိုက်ထုတ်သုံးစွဲနေရခြင်းနှင့် အခြားအဆင်‌့ဝန်ထမ်းများကလည်း မိမိတို့ရဲ့တာဝန် အလျောက် မိမိတို့လုပ်ငန်းအပေါ် တာဝန်ခံ လုပ်ကိုင်ရသလောက် စိုက်ထုတ်သုံးစွဲနေရခြင်းများရှိနေကြောင်းနဲ့ ဒီလိုစိုက်ထုတ်သုံးစွဲကြရာမှာ နည်းလမ်းနှစ်ခုနှင့် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ပထမနည်းလမ်းကတော့ အများပြည်သူ များနှင့်ဆက်ဆံရပြီးတော့ ဝင်ငွေရလမ်းရှိတဲ့ဌာနများ၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရတဲ့ဌာနများက စိုက်ထုတ်ကျခံသုံးစွဲရတဲ့ကိစ္စများအတွက် ဌာနရန်ပုံငွေအဖြစ်လည်းကောင်း၊ ဝန်ထမ်းသက်သာ အဖြစ်လည်းကောင်း ခေါင်းစဉ်အမျိုးမျိုးတပ်၍ အများပြည်သူများထံမှ အပိုငွေကောက်ခံခြင်း၊ အလှူခံခြင်း၊ ဌာနမှထိန်းသိမ်းစောင့်ရှောက်ရတဲ့ ပြည်သူပိုင်ပစ္စည်းများ၊ မြေယာများကို လုပ်ပိုင်ခွင့် တစ်ရပ်အနေဖြင့် ဆောင်ရွက်စေပြီး ရန်ပုံငွေရှာခြင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သည့်ဌာနများမှ လည်း ရန်ပုံငွေအပိုရရှိရန် နည်းလမ်းပေါင်းစုံဖြင့် ရှာကြံသုံးစွဲနေခြင်းများဖြင့် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ အဲ့ဒီလိုနည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေဆောင်ရွက်နိုင်တဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ များဟာ မိမိဌာနရဲ့လုပ်ငန်းများကိုဆောင်ရွက်ရာမှာ အခက်အခဲမရှိဆောင်ရွက်နိုင်ကြသော်လည်း မလိုလားအပ်သော လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာခြင်း၊ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုခြင်း၊ အများ ပြည်သူပိုင်ပစ္စည်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်ပစ္စည်းများအား အလွဲသုံးစားပြုမှုများ ကြောင့် ပြဿနာများဖြစ်ပေါ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးခြင်းနှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုလာခြင်း စသည်တို့အပြင် အများပြည်သူက နိုင်ငံတော်အစိုးရဌာနများ နှင့် ဝန်ထမ်းများအပေါ် ယုံကြည်မှုမရှိတော့ခြင်း စသည့်ကိစ္စရပ်များ ပေါ်ပေါက်နိုင်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ဝင်ငွေရလမ်းမရှိတဲ့ ဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာမှာ ဌာန တာဝန်ခံများအပါအဝင် ရုံးလုပ်ငန်းများတာဝန်ခံ လုပ်ကိုင်ကြတဲ့ ဝန်ထမ်းများဟာ မိမိတို့ရရှိတဲ့လစာ စရိတ်ထဲကနေပြီးတော့စိုက်ထုတ်ကျခံပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရတဲ့အတွက် ဝန်ထမ်းများရဲ့ စိတ်ဓာတ်၊ စည်းလုံးမှု၊ လုပ်ငန်းအပေါ်စိတ်ဝင်စားမှု၊ လုပ်ငန်းစွမ်းရည်ကျဆင်းမှုများဖြစ်ပေါ်နေ ကြောင်းသိရှိရပါတယ်။ ဒီအချက်တွေဟာ မြို့နယ်တစ်မြို့နယ် ခရိုင်တစ်ခုတည်းအတွက်သာ မလိုလား အပ်တဲ့ အားနည်းချက်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ကောင်းမွန်သောကိစ္စ မဟုတ်သည်ဟု သိရှိပြီး လိုအပ်သလို စီမံဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ မြို့နယ်အဆင့် ဌာနဆိုင် ရာများမှာ မည်ကဲ့သို့ ရုံးအသုံးစရိတ်များ စိုက်ထုတ်သုံးစွဲနေသည်ကို အကြမ်းဖျင်းအားဖြင့်ဖော်ပြရမယ် ဆိုရင် ခရီးစရိတ်ခွဲဝေချထားရာမှာ အရင်ဘဏ္ဍာရေးနှစ်များအတိုင်း ခွဲဝေချထားပေးသော်လည်းပဲ ရထားဖြင့်ခရီးသွားလာပါက ရထားခမှာသုံးဆတက်သွားခြင်း၊ နေ့တွက်စရိတ်မှာလည်း ခရီးသွားတဲ့ နေ့အတွက် မရရှိဘဲနောက်ရက်များတွင်တစ်ရက် ၁၁၀၀ ခန့်သာ ခွင့်ပြုခဲ့ရာ ထမင်းတစ်နပ်ပင် လောက်ငှမှုမရှိခြင်း၊ ဌာနမှတည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်မှုမရှိတဲ့အတွက် တည်းခိုခန်းခမှာ တစ်ရက် ၂၅၀၀ ကျပ်ပေးဆောင်ရပြီး တည်းခိုတဲ့နေရာနဲ့ သွားရသည့်ရုံးမှာ အလှမ်းကွာဝေးသဖြင့် မြို့ပတ်ကား များ၊ ဆိုက်ကားများ စီးသွားရပါက ခရီးစရိတ်မရခြင်း၊ ပြေစာဘောက်ချာပါလျှင်ပေးမည်ဆိုသော်လည်း အချို့သောကိစ္စရပ်များသည် ပြေစာဘောက်ချာမရရှိနိုင်တဲ့ကိစ္စရပ်များဖြစ်ခြင်း စသည့်စရိတ်များ ပိုမို ကုန်ကျမှုရှိသော်လည်း အမှန်တကယ်ထုတ်ယူရရှိခရီးစရိတ်မှာ ရထားလက်မှတ်ခသာသာပင် ရှိပါ တယ်။ အဆိုပါငွေကြေးခန့်သာ ထုတ်ယူရရှိသော်လည်း ခွင်‌့ပြုရန်ပုံငွေလုံလောက်စွာ ခွဲဝေချထားခြင်း မရှိတဲ့အပြင် ဝန်ထမ်းကိုယ်တိုင် စိုက်ထုတ်သုံးစွဲရခြင်းမှာ ဘဏ္ဍာရေးနှစ်တိုင်းတွင်ဖြစ်ကြောင်း သိရှိရ ပါတယ်။ ၎င်းအပြင် ရုံးအသုံးစရိတ်များ၌ လုပ်အားခ၊ ခရီးစရိတ်များ၊ ခေတ်နှင့်လျော်ညီသော စရိတ် များ ခွဲဝေမပေးသဖြင့် မိတ္တူကူးခများ စိုက်ထုတ်သုံးစွဲရခြင်း၊ ရုံးအကူ၊ ရုံးစောင့်၊ သန့်ရှင်းရေးဝန်ထမ်း ခန့်ထားမှုမရှိသော မြို့နယ်များတွင် ရုံးမြေနေရာကျယ်ဝန်းလျှင် ကျယ်ဝန်းသလောက် ပေါင်းမြက်နှင့် ချုံနွယ်များခုတ်ထွင်ရှင်းလင်းရာတွင် စိုက်ထုတ်သုံးစွဲရခြင်းစသည့် အမျိုးမျိုးသောအထွေထွေ လုပ်အားခများမှာ ဘဏ္ဍာရေးနှစ်တိုင်း ခံစားနေရသည့်  အခက်အခဲများဖြစ်ပါတယ်။ ရုံးသုံး စာရေး ကိရိယာများ၊ ရုံးအသုံးအဆောင်ပစ္စည်းများမှာလည်း ယခင် လက်နှိပ်စက်ရိုက်ဆောင်ရွက်ရသည့် ခေတ်အတိုင်းပင် ခွဲဝေချထားပေးသော်လည်း E-Government, ICT စတဲ့နည်းပညာခေတ်မှာ ကွန်ပျူတာစာစီခေတ်ဆောင်ရွက်လာကြပြီဖြစ်ရာ ရုံးလုပ်ငန်းများဆောင်ရွက်ရာမှာ စိုက်ထုတ်ရတဲ့ ကုန်ကျစရိတ်မှာ အင်မတန်များပြားလှကြောင်း သိရှိရပါတယ်။ ရုံးလုပ်ငန်းများဆောင်ရွက်ရာမှာ လွယ်ကူလျင်မြန်စေဖို့ အချို့သော ရုံးဌာနများမှာ နိုင်ငံပိုင်သိမ်းထားတဲ့ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များခွဲဝေပေးသော်လည်း စက်ဆီ၊ ချောဆီ ရန်ပုံငွေမလောက်ငှသည့်အပြင် တစ်နှစ်စာ ပြင်ဆင်ထိန်းသိမ်းစရိတ်မှာလည်း ဘီးတစ်ပေါက်ဖာလျှင် ကုန်သွားတတ်ပါတယ်။ မော်တော်ယာဉ်၊ ဆိုင်ကယ်ထုတ်၍မပေးသော်လည်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဌာန၊ ရုံးလုပ်ငန်းအရေးအရ လည်းကောင်း၊ အခြားသောတာဝန်ပေးမှုအရလည်းကောင်း မြို့နယ်အတွင်း ခရီးသွားရလျှင် မိမိပိုင် ယာဉ်ရှိပါက ဆီ၊ ယာဉ်အသင့်စိုက်ထုတ်မောင်းနှင်ရန်ဆီမရှိပါက ပိုမိုကုန်ကျသောခရီးလမ်းကြောင်း ဖြစ်မည်မှာမလွဲပါ။ ရုံးသုံးတယ်လီဖုန်းခများမှာလည်း တယ်လီဖုန်းပြောဆိုခ၊ သုံးစွဲခအတွက်ပင်လျှင် ရန်ပုံငွေလောက်ငှမှုမရှိသော်လည်း ခေတ်မီစွာပင် ဖက်စ်ကြေးနန်းပို့ခများ၊ ဖက်စ်ကြေးနန်းလက်ခံ ခများကုန်ကျလာသည်ကိုတွေ့ရပါတယ်။ ကွန်ပျူတာနှင့် ခေတ်မီစက်ကိရိယာများကိုင်တွယ်သုံးစွဲရခြင်း မရှိသော ခေတ်၌ပင်လျှင် လုံခြုံရေးမီးထွန်းရန်နှင့် ရုံးတွင်းလျှပ်စစ်မီးထွန်းရန်အတွက် ခွဲဝေချထား ပေးသောမီတာခပင် ယခုအခါ ခွဲဝေချထားပေးခြင်းမရှိသော လျှပ်စစ်မီတာနှင့်ဓာတ်အားခရန်ပုံငွေ သည် လစဉ်မီတာထိန်းသိမ်းစောင့်ရှောက်ခသာသာဖြင့် စိုက်ထုတ်သုံးစွဲရသော ငွေကြေးများရှိကြောင်း သိရှိရပါတယ်။ သတင်းစာဖိုးတွေနဲ့ နိုင်ငံပိုင်သတင်းစာတစ်စောင် ဝယ်ယူဖတ်ရှုရန်အတွက်သာ ခွဲဝေ ချထားပေးသော်လည်း အခြားသော မဝယ်မနေရစာစောင်များရောယှက်နေသဖြင့် ကုန်ကျစရိတ်မှာ များပြားလှကြောင်းသိရပါတယ်။ ဖော်ပြပါကုန်ကျစရိတ်များဟာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားလုံး အနည်းနှင့်အများခံစားနေရတဲ့ စရိတ်များဖြစ်ပြီးတော့ ဆက်လက်ဖော်ပြခြင်းမပြုတဲ့ ပြင်ဆင် ထိန်းသိမ်းခြင်းစရိတ်များ၊ ဧည့်ခံစရိတ်များ စသည့် ခေတ်မမီသောစရိတ်များ၊ အခြားအသုံးစရိတ်များ ဟာလက်ရှိအတိုင်း ဆက်လက်ခွဲဝေချထားဆောင်ရွက်သွားမည်ဆိုပါက ဝန်ထမ်းများအပေါ် လစာ စရိတ်မည်မျှပင်တိုး၍ပေးစေကာမူ ပေးကာပေး၏မရဆိုသကဲ့သို့ ဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁)အရ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအဖွဲ့အစည်းများ၏အကြီးအမှူးများနှင့် အဖွဲ့အစည်း ဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏အသုံးစရိတ်များကို ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြု ခြင်းမပြုရဟူ၍လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၃ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ် (၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များကို ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းမပြုရဟူ၍ လည်းကောင်းပါရှိပါတယ်။ သို့သော်လည်း မြို့နယ်အဆင့် ဌာနတာဝန်ခံများဟာ မိမိတို့အား အပ်နှင်း ထားသော လုပ်ပိုင်ခွင့်အပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် ခန့်မှန်းခြေများ၊ အပြီးသတ် ရန်ပုံငွေများ ရေးဆွဲတင်ပြတောင်းခံသော်လည်း ရရှိမှုမရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အခုလို ဌာနဆိုင်ရာများရဲ့ လက်တွေ့အခက်အခဲကို ဖြေရှင်းပေးနိုင်ခြင်းမရှိလျှင် နိုင်ငံတော်အကြီးအကဲများ မျှော်မှန်းထားသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်အပါအဝင် လာဘ်ပေး လာဘ်ယူမှုကင်းရှင်းရေး၊ ဝန်ထမ်းများအရည်အချင်း၊ အရည်အသွေးမြင့်မားရေးတို့မှာ အလှမ်းဝေးနေ မည်ဖြစ်ပါတယ်။ သို့ပါ၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သာမန်အသုံးစရိတ်နှင့်ပတ်သက်၍ ခေတ်နှင့်ဆီလျော်သော အသုံးစရိတ်များဖြစ်စေရန် ရန်ပုံငွေခွဲဝေချထားပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
အဖြေ

မြို့နယ်အဆင့် ဌာနဆိုင်ရာများရဲ့ သာမန်အသုံးစရိတ်များကို ခေတ်ကာလနှင့်လျော်ညီတဲ့ အသုံးစရိတ်များအဖြစ် ခွဲဝေ ချထားပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းကလည်း အင်မတန်ကောင်းတဲ့မေးခွန်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်းပဲ အသေးစိတ်ထင်ဟပ်ပြပြီး နောင်ပေါ်ပေါက်လာမယ့် အကျိုးတရားတွေကိုပါ နောက်ဆက်တွဲအကျိုးတွေကိုပါ ထည့်သွင်းမေးမြန်း ထားတဲ့အတွက် အင်မတန်မှ ခိုင်မာတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ ခရီးစရိတ်၊ အသုံးစရိတ်နှင့် သာမန်အသုံးစရိတ်ဆိုပြီးတော့ ၃ မျိုးရှိပါတယ်။ ခရီးစရိတ်နှင့်ပတ်သက် လို့ကတော့ ခရီးစရိတ်လက်စွဲနည်းဥပဒေအရ အမှန်ကုန်ကျစရိတ်ကို တင်ပြတောင်းခံခွင့်ရှိပါတယ်။ အမှန်ကုန်ကျ စရိတ်တင်ပြတောင်းခံရင်လည်းပဲ ခွင့်ပြုပေးပါတယ်။ နေ့တွက်စရိတ်နှင့်ပတ်သက်လို့ ကတော့ နေ့တွက်စရိတ်ဟာ တိုးမြင့်လာတဲ့အတွက်ကြောင့် ပြုပြင်တာကို ၃ ကြိမ် ကျွန်တော်တို့ လုပ်ပြီးပါပြီ။ ၁၉၇၉ မှာတစ်ကြိမ်တိုးပေးပါတယ်။ ၁၉၈၉ မှာတစ်ကြိမ်တိုးပေးပါတယ်။ ၂၀၁၁ ခုနှစ်မှာ တစ်ကြိမ် ၃ ကြိမ်တိုးပေးပါတယ်။ အဲဒီလို ၃ ကြိမ်တိုးပေးတဲ့အတွက်ကြောင့် ၁၀ ကျပ်ကနေ ၁၁၀၀ ကျပ် ဖြစ်သွားပါတယ်။ သို့သော်လည်းပဲ ပြောင်းလဲနေတဲ့အခြေနေအရ ဒါဟာ ကိုယ်စားလှယ်တော်ကြီး တင်ပြသလိုပဲ လုံလောက်မှုမရှိသေးဘူးဆိုတာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ ဒီအသုံးစရိတ် ကိုလည်းပဲ နိုင်ငံတော်ရဲ့ဘတ်ဂျက်အခြေအနေပေးရင်ပေးသလိုပဲ ပြုပြင်တိုးမြှင့်ပေးသွားဖို့ စေတနာ လည်းရှိပါတယ်။ ဆန္ဒလည်းရှိပါတယ်။ သာမန်အသုံးစရိတ်နဲ့ပတ်သက်လို့ကတော့ ဒီသာမန် အသုံးစရိတ်ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်း အဆင့်ဆင့်ကနေပြီးတော့ လျာထားသတ်မှတ်ပေးပါ တယ်။ အဲဒီ လျာထားသတ်မှတ်ချက်တွေကိုမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကနေပြီး အစဉ်တိုးမြှင့် ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။