တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက်တိုင်းဒေ သကြီးများနှင့် ပြည်နယ်အသီးသီး၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ကို ဈေးပြိုင်တင်ဒါခေါ်ယူမှုမှ ပိုလျှံလာသောငွေကြေး များကို နိုင်ငံတော် ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းခြင်းရှိ/မရှိ။ တင်ဒါများခေါ်ယူရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများကဲ့သို့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ထည့်သွင်းကြော်ငြာခြင်းရှိ/မရှိ၊ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သော လုပ်ငန်းရှိ/မရှိ။ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ တင်ဒါခေါ်ယူသည့်နေရာတါင် ပိုလျှံလာသော ရန်ပုံများကို အခြားလုပ်ငန်းတစ်ခု ထပ်မံဆောင်ရွက်ခွင့်ရှိ/မရှိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရန်ပုံငွေဖြင့် ဆောင် ရွက်သော ဆောက်လုပ်ရေးလုပ်ငန်းများကို မည်သည့်အဖွဲ့ဖြင့် ကြီးကြပ်စစ်ဆေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများအတွက် ဈေးပြိုင်တင်ဒါခေါ်ယူမှုမှ ပိုလျှံသည့် ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းအရ ပြန်လည်အပ်နှံရမည်ဖြစ်ပါကြောင်း၊ သို့သော် ဆက်စပ်လုပ်ငန်းများဆောင်ရွက်လိုပါက သတ်မှတ်ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ မေးမြန်းသော မေးခွန်းနှင့် အဆိုများအရလည်းကောင်း၊ ဒေသခံ ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်းကောင်း လုပ်ငန်းပြောင်းလဲ ဆောင်ရွက်ခွင့်ရယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တင်ဒါများခေါ်ယူရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများကဲ့သို့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းကြော်ငြာ ခြင်းရှိ/မရှိနှင့် တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သောလုပ်ငန်းရှိ/မရှိနှင့် စပ်လျဉ်း၍ တင်ဒါခေါ်ယူရာတွင် တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းများအတွက် ပြည်ထောင်စုဝန်ကြီးဌာနများကဲ့သို့ ရန်ပုံငွေပမာဏပေါ် မူတည်ပြီး နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းကြော်ငြာ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတန်ဖိုး ကျပ် ၅ သန်း အောက်ဖြစ်ပါက တင်ဒါခေါ်ယူရန် မလိုအပ်ဘဲ ဌာနတွင်း ဘုတ်အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်တာဝန်ပေး ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းတန်ဖိုး ကျပ် ၅ သန်းမှ ၅၀ သန်းအထိ လုပ်ငန်းများကို သက်ဆိုင်ရာဌာန၏ ကြော်ငြာသင်ပုန်းများတွင် လည်းကောင်း၊ ခရိုင်ရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းတွင်လည်းကောင်း နှစ်ပတ်ကြိုတင်ပြီး ကြော်ငြာကာ ဘုတ်အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းတန်ဖိုး ကျပ် ၅၀ သန်းအထက် လုပ်ငန်းများအတွက် နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာ၍ အနည်းဆုံးတစ်လကြိုတင် တင်ဒါခေါ်ယူ၍ ဆောင်ရွက်ရပါကြောင်း၊ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့် ကျပ် ၅ သန်းနှင့်အထက် လုပ်ငန်းများမရှိခဲ့ပါကြောင်း၊ ဌာနမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပစ္စည်းတင်ဒါ ကြော်ငြာခေါ်ယူရွေးချယ်ပြီး ဆောင်ရွက်ရပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရရန်ပုံငွေနှင့် ဆောင်ရွက်သော ဆောက်လုပ်ရေးလုပ်ငန်းများအား တင်ဒါခေါ်ယူရာတွင် ပိုလျှံသောရန်ပုံငွေများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့၏ အတည်ပြုချက်ရယူပြီး လုပ်ငန်းများ ပြောင်းလဲဆောင်ရွက်ခွင့် ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဆောက်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ တာဝန်ပေးအပ်ထားသော တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီမှ ရန်ပုံငွေဖြင့် ခန့်မှန်းခြေစာရင်းများအား စစ်ဆေးအတည်ပြုပေးပြီး တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးများ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့နှင့် လုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
