ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ဆက်သွယ်ပြီးတော့ ဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပတ်သက်လို့ မိုးပွင့်စီမံချက်များ နှင့် ၂၀၁၄ ခုနှစ်မှာပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုများကို လုပ်သားပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များသိဖို့အတွက် မေးမြန်းပေးပြီးဖြစ်ပါတယ်။ ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လာမည့်နှစ်ဘတ်ဂျက်မှာသုံးစွဲထားတဲ့ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်လို့ လုပ်သားပြည်သူများရော၊ လွှတ်တော်ကိုယ်စားလှယ် များရောသိစေလိုတဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမေးမြန်းခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၂၉ မှာ ပြည်ထောင်စုအစိုးရဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ပါပါတယ်။ အလားတူပုဒ်မ ၂၂၇ မှာ ပြည်ထောင်စု အစိုးရဟာဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာဝန်ထမ်းဆိုင်ရာအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်လို့ပါပါတယ်။ အဲ့လိုဖွဲ့စည်းတဲ့အခါမှာ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးပြီးတော့ လိုအပ်တဲ့ဝန်ထမ်းတွေခန့်ဖို့လည်းပါပါတယ်။ ပုဒ်မ ၂၂၈ မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို အခါအားလျော်စွာတင်ပြရ မည်လို့ပါပါတယ်။ ဆိုလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပြည်သူတွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုသိဖို့တင်ပြစေချင်တာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ နိုင်ငံတော်အနေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်ဖို့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင် တဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိမှသာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေထိန်းနိုင်မှာဖြစ်ပါတယ်။ ဒီ့အတွက် အမှန် တကယ်လိုအပ်တဲ့အဖွဲ့အစည်းကတော့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အင်အားများတိုးချဲ့ခြင်းကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သို့သော် လာမည့်ကာလမှာလုပ်မည့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များကို ပြည်သူများကိုလည်းသိစေချင်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သိစေချင်တဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမေးမြန်းခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော့်အနေနဲ့ မေးမယ့်မေးခွန်းကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေးအပ်ထားတဲ့ရည်မှန်းချက်တာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့အတွက် တပ်ဖွဲ့တိုးချဲ့ဖွဲ့စည်းခြင်းကိုဆောင်ရွက်လျက်ရှိရာမှာ အဆိုပါ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေး လွှတ်တော်များနှင့် ပြည်သူလူထုတစ်ရပ်လုံးမှာဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရှင်းလင်းဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်ရေးဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရည်မှန်းချက်တာဝန်များကို ချမှတ်ဆောင်ရွက် ခဲ့ပါတယ်။ အဲ့ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အဓိက တာဝန်ကြီး ၂ ရပ်ဖြစ်တဲ့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီစွာဆောင်ရွက်နိုင်ဖို့ အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများဖြစ်တဲ့ တပ်ဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အသွင်သစ်နဲ့ဖွဲ့စည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၀၆ ခုနှစ် သုတေသနလေ့လာသုံးသပ်ချက်အရ နိုင်ငံလူဦးရေ ၁၀၀၀၀၀ လျှင် ခန့်မှန်းရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ဦးခန့်လိုအပ်ကြောင်းတွေ့ရှိမှုနှင့် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားအာရှ၊ ဥရောပ၊ အမေရိကန်နိုင်ငံများရဲ့ ရဲနှင့် နိုင်ငံ့လူဦးရေပျမ်းမျှအချိုးများအပေါ် လေ့လာတွေ့ရှိချက်များအရ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရဲနှင့် နိုင်ငံ့လူဦးရေအချိုးကို ၁း၃၀၀ နှင့် ၁း၄၀၀ ကြားမှာထားရှိရန် ကမ္ဘာ့နိုင်ငံ အသီးသီးက ရဲတပ်ဖွဲ့ဝင်အင်အားကိုတိုးမြှင့်ဖွဲ့စည်းလာကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်လျက်ရှိရာမှာ လုပ်ငန်းလိုအပ်ချက်၊ နယ်မြေလိုအပ်ချက်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့အခြေအနေအရပ်ရပ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အရည်အသွေးစံချိန်မီဖို့အတွက် နိုင်ငံ့လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အင်အား အချိုးအစားအပေါ်မှာ ရှိသင့်တဲ့ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူအချိုး ၁း၄၀၀ ပြည့်မီအောင်ဆောင်ရွက်သင့် တယ်ဆိုတဲ့လေ့လာတွေ့ရှိချက်တို့အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲခြင်း များဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူအချိုး ၁း၄၀၀ တစ်နည်း အားဖြင့် လူဦးရေ ၁၀၀၀၀၀ မှာ ရဲတပ်ဖွဲ့ဝင် ၂၅၀ ဦး၊ လက်ရှိလူဦးရေသန်း ၆၀ အတွက် ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀၀ အထိတိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံများကို အသစ်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ရမည့်ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်လို့ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ အမျိုးသားစီမံကိန်းရဲ့ပဉ္စမ ကာလတို ၅ နှစ်စီမံကိန်းအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရေးဆွဲတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ် ပဉ္စမကာလတို ၅ နှစ်စီမံကိန်းရဲ့ တတိယစီမံကိန်းမှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဆောင်ရွက်ရမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြ ခဲ့ပြီးဖြစ်ပါတယ်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်ယူနေရတဲ့ ရဲတပ်ဖွဲ့ဝင်များ က တိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီ များပြားလာတဲ့စီးပွားရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များလုံခြုံရေးအတွက် ယခင်ကထက်ပိုမိုတိုးတက်များပြားစွာထောင့်စုံ၊ ကဏ္ဍစုံကနေ တာဝန်ထမ်း ဆောင်နေရတာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘဏ္ဍာရေးနှစ် အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများကိုတင်ပြရရင် ၂၀၁၀-၂၀၁၁ ခုနှစ်မှာသာမန်အသုံး စရိတ်ကျပ်သန်း ပေါင်း ၄၀၈၉၂.၂၄၄ ကျပ်သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်သန်းပေါင်း ၆၆၂၀.၉၃၈ ကျပ်သန်း၊ စုစုပေါင်း ၄၇၅၁၃.၁၈၂ ကျပ်သန်းသုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၅၆၂၉၆.၆၇၃ ကျပ်သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ၃၅၁၅၇.၃၅၆ ကျပ်သန်း၊ စုစုပေါင်း ၉၁၄၅၄.၀၂၉ ကျပ်သန်းသုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သာမန် အသုံးစရိတ်ကျပ်သန်းပေါင်း ၉၆၇၆၂.၇၃၂ ကျပ်သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်သန်းပေါင်း ၃၅၉၃၃.၄၀၃ ကျပ်သန်း၊ စုစုပေါင်း ၁၃၂၆၉၆.၁၃၅ ကျပ်သန်း သုံးစွဲလျက်ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်ကျပ်သန်းပေါင်း ၁၁၈၂၇၄.၆ ကျပ်သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၅၇၉၆၃.၈၀၆ ကျပ်သန်း၊ စုစုပေါင်း ၁၇၆၂၃၈.၄၀၆ ကျပ်သန်း ကတင်ပြထားဆဲဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ပေးအပ်ထားတဲ့ ရည်မှန်းချက် တာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အားများ အသစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လစာ၊ ရိက္ခာ၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များ တင်ပြတောင်းခံလျက်ရှိရာမှာ လွှတ်တော်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှသာလျှင် ပြည်သူလူထုပူးပေါင်းပါဝင်သော ပြည်သူ့ဗဟိုပြုရဲလုပ်ငန်းစနစ် (Community Policing) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။
