ကျွန်တော်တို့နိုင်ငံတော်မှာ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူခြင်းကို အသက် ၆၀ နှစ်အထိ သတ်မှတ်ထားရှိပါတယ်။ ယခုလို သတ်မှတ် ထားတဲ့ အသက် ၆၀ ဟာ နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေးတို့အရ လျော်ကန်သင့်မြတ်တာ မှန်ပါတယ်။ သို့ပါသော်လည်း ကျွန်တော်တို့နေထိုင်ရာ ရွှေပြည်သာမြို့နယ် အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ် နှင့် မြို့နယ်အသီးသီးမှာ ယနေ့ကြုံတွေ့နေရတဲ့ အခြေအနေများအရ ပြည်သူ့ဆန္ဒကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒါကတော့ အသက် ၆၀ ပြည့်တဲ့ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်က သက်ပြည့်ပင်စင်ခံစားခွင့်ပေးလိုက်သော်လည်း စီးပွားရေးအရ စားဝတ်နေရေးအတွက် လိုအပ်မှု၊ ကျန်းမာရေးအရ သင့်တော်ကောင်းမွန်မှုတို့ကြောင့် အလုပ်အကိုင် ပြန်လည်ရှာဖွေနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ယနေ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းကို အခမဲ့ဝန်ဆောင်မှုပေးနေတာမို့ နိစ္စဓူဝ ကူညီ ဖြေရှင်းပေးနေရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေသူ တော်တော်များများဟာ အသက် ၆၀ နှင့် ၆၅ နှစ်အကြား အမျိုးသမီးအနည်းငယ်နှင့် အမျိုးသားအများစုဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ် များကို ကာလပိုမို အသုံးချခွင့်ရရှိဖို့ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများကို နိုင်ငံတော် အတွက်ရယူနိုင်ဖို့အတွက် အသက် ၆၀ ပြည့် သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး တာဝန်ဆက်လက်ထမ်းဆောင်ဖို့ဆန္ဒရှိသူများကို နှစ်အတိုင်းအတာ တစ်ခုအထိ တာဝန်ဆက်လက်ပေးမယ်ဆိုရင် နိုင်ငံတော်အတွက်သော်လည်းကောင်း၊ ဝန်ထမ်းမိသားစု များအတွက်သော်လည်းကောင်း အကျိုးတရားများရရှိမယ်လို့မျှော်လင့်ပါတယ်။ ဒီအတွက် ကျွန်တော် မေးမြန်းမယ့် ကြယ်ပွင့်ပြမေးခွန်းကတော့ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်ပင်စင် ခံစားခြင်းကို အသက် ၆၀ ပြည့်သည့်နေ့တွင်ခံစားရန် သက်မှတ်ထားသော်လည်း အသက် ၆၀ ပြည့်သည့် အချိန်အထိ ကျန်းမာရေးကောင်းမွန်၍ စွမ်းဆောင်ရည်ရှိနေသေးပြီး စားဝတ်နေရေးအခြေအနေ ကလည်း အလုပ်ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန်ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်များအတွက် သီးခြားသက်ပြည့် ပင်စင်ခံစားမည့် အသက်ကိုတိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အသက်အထိ သတ်မှတ်ထားပြီး၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်ရဲ့ မြို့ပြဝန်ထမ်းစည်းမျဉ်းအပိုဒ် ၄၅၈ အရ ကန့်သတ်ထားသော အသက် ပြည့်သည့်အခါ၌ နည်းဥပဒေအရ အငြိမ်းစားယူခွင့်ရှိသော ဝန်ထမ်းတစ်ဦးသည် သက်ပြည့် ပင်စင်ကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ မြို့ပြဝန်ထမ်းစည်းမျဉ်းအပိုဒ် ၁၄ အရလည်းပဲ ဝန်ထမ်း တစ်ဦးသည် သတ်မှတ်ထားသော အသက်ပြည့်သည့်နေ့ကို အလုပ်မှအနားယူရမည့် နေ့အဖြစ်ရေတွက်ပြီး ထိုနေ့အပါအဝင် ဖြစ်သောနေ့မှစ၍ ယင်းဝန်ထမ်းအား အငြိမ်းစားယူစေရန် သတ်မှတ်သည်ဟု ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်ပင်စင် ခံစားရမည့်အသက်ကို ၁၉၂၂ ခုနှစ်၊ မူလအခြေခံနည်းဥပဒေအပိုဒ် ၅၆ အရ ၅၅နှစ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရလက်ထက်မှာ ပြည်ထဲရေးဌာနရဲ့ ၁၉၆၉ ခုနှစ်၊ မတ်လ ၂၂ ရက်စွဲပါ စာအမှတ်၊ ၃၁၄/၆/ရေး(၁) ဖြင့် ၁၉၆၉ ခုနှစ်၊ မတ်လ ၁၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို ၅၅ နှစ်ကနေ ၆၀ နှစ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယနေ့တိုင် လိုက်နာကျင့်သုံးလျက်ရှိ ပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ သက်ပြည့်ပင်စင်ခံစားရမယ့်အသက်ကို လေ့လာဆန်းစစ်၍ ကောက်နှုတ် တင်ပြရလျှင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာ အသက် ၅၅ နှစ် နှင့် ၆၀ နှစ်၊ ဥရောပနိုင်ငံတွေ မှာတော့ ၆၅ နှစ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာ့နိုင်ငံ များ၏ သက်ပြည့်ပင်စင်ယူရမည့် အသက်သတ်မှတ်ချက်ကို အကြမ်းဖျင်းလေ့လာတဲ့အခါမှာ နိုင်ငံအများစုဟာ သက်ပြည့်ပင်စင်ယူရမည့်အသက်သည် ၆၀ နှစ်ဖြစ်ကြောင်း အောက်ပါ နိုင်ငံ ၁၀ နိုင်ငံကို ကောက်နုတ်လေ့လာတွေ့ရှိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ သက်ပြည့်ပင်စင် ၅၅နှစ်၊ သီရိလင်္ကာ ၅၅ နှစ်၊ ဂျပန် ၆၀ နှစ်၊ ပြင်သစ် ၆၀ နှစ်၊ အင်ဒိုနီးရှား ၆၀ နှစ်၊ တရုတ် ၆၀ နှစ်၊ လာအို ၆၀ နှစ်၊ ထိုင်း ၆၀ နှစ်၊ ဆွစ်ဇာလန် ၆၅ နှစ်၊ ဂျာမနီ ၆၅ နှစ်တို့ဖြစ်ပါတယ်။ လေ့လာတွေ့ရှိတဲ့ ၁၀ နိုင်ငံအပြင် လက်ရှိတွေ့ရှိနေရတဲ့ သက်ပြည့်ပင်စင် ခံစားရမယ့်အသက်ကို ပြင်သစ်နိုင်ငံမှာ ၆၀ နှစ်ကနေပြီးတော့ ၆၂ နှစ်သို့ တိုးမြှင့်ရန်ဆောင်ရွက် လျက်ရှိရာ ပြင်သစ်နိုင်ငံ၏သက်ပြည့်ပင်စင် ခံစားရမယ့်အသက်တိုးမြှင့်ခြင်းကို ဝန်ထမ်းများ၊ အလုပ် သမားများက ရက်အတန်ကြာဆန္ဒပြုမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်းနှင့် ပြင်သစ်နိုင်ငံရဲ့ သက်ပြည့်ပင်စင် ခံစားရမည့် အသက်တိုးမြှင့်ရခြင်း အကြောင်းအရင်းမှာ ပင်စင်ရန်ပုံငွေမလုံလောက်မှု အခက်အခဲကို ဖြေရှင်းခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယမှာတော့ သက်ပြည့်ပင်စင်ယူမည့် အသက်ကို ၆၅ နှစ်ကနေ ၆၀ နှစ်သို့ လျှော့ချရန်စီစဉ် လျက်ရှိပြီး ဝန်ထမ်းများနှင့်လူမှုဖူလုံရေး အဖွဲ့အစည်းများကလည်း ဒီကိစ္စကို ကြိုဆိုကြောင်းတွေ့ရှိရ ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ သက်ပြည့်ပင်စင် ခံစားရမယ့်အသက်ကို သတ်မှတ်တဲ့နေရာမှာ ဒီနိုင်ငံရဲ့ လူသက်တမ်းကြာရှည်မှုကို အဓိကထည့်သွင်းစဉ်းစား သတ်မှတ်လေ့ရှိပါတယ်။မြန်မာနိုင်ငံရဲ့ လူသက်တမ်းကိုလေ့လာတဲ့အခါမှာ လူ့သက်တမ်းကြာရှည်မှုကို လေ့လာကြည့်ရာမှာ မြို့ပြမှာရှိတဲ့ အမျိုးသားရဲ့ပျမ်းမျှအသက်က ၆၁.၁၊ အမျိုးသမီးရဲ့ပျမ်းမျှအသက်က ၇၀.၅ နှစ်ရှိပါတယ်။ ကျေးလက် ဒေသမှာတော့ အမျိုးသားများရဲ့အသက်က ၆၃.၉ နှစ်နှင့် အမျိုးသမီးရဲ့ပျမ်းမျှအသက်က ၆၇.၄ နှစ်ရှိ ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားများအသက်က ၆၄.၅ နှစ်ဖြစ်ပြီး၊ အမျိုးသမီးရဲ့အသက်က ၆၉ နှစ် ရှိပါတယ်။တစ်နိုင်ငံလုံး အမျိုးသား၊အမျိုးသမီးကို ပျမ်းမျှယူလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့လူ့ သက်တမ်းဟာ ၆၆.၈ နှစ်ဖြစ်ကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာအရလေ့လာတွေ့ရှိရပါ တယ်။ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား၊အမျိုးသမီး သက်တမ်းရှည်ကြာမှုပျမ်းမျှအားဖြင့် ၆၆ နှစ် နှင့်နှိုင်းယှဉ်ပါက လက်ရှိသက်ပြည့်ပင်စင်စားရမည့် အသက်က ၆၀ သတ်မှတ်ထားခြင်းဟာ ကျွန်တော်တို့ ကျိုးကြောင်းဆီလျော်နေဆဲ အခြေအနေများကိုတွေ့ရပါတယ်။ ထို့အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်ခံစားရမည့်အသက်ကို သက်တမ်းတိုးမြှင့်ပေးရန် လတ်တလော အားဖြင့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
