ယခုအချိန်တွင် နိုင်ငံံံ့ဝန်ထမ်း ၁ သန်းခန့်နှင့် ၎င်းတို့မှီခိုနေရသော မိသားစု ၃ သန်းခန့်သည် တိုးမြှင့်ရရှိလာမည့်လစာကို မျှော်လင့်နေကြပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကျန်ရှိသည့် ပြည်သူ သန်း ၅၀ က လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာကို သင့်တင့်မျှတသော လစာသို့တိုးမြှင့်ပေးစေလိုကြပါကြောင်း၊ အကျိုးဆက်အဖြစ် ထွက်ပေါ်လာမည့် ဝန်ထမ်းမိသားစုများ၏ဘဝ သာယာချမ်းမြေ့ခြင်းနှင့်အတူ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးကိုလည်း မျှော်လင့်တောင့်တ လိုလားကြပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ လစာတိုးလျှင် ကုန်ဈေးနှုန်းတက်မည်၊ ငွေကြေးဖောင်းပွမည်ဟူသော အစွဲအလမ်းသည် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူအားလုံး၏ စိတ်တွင် ခြောက်လန့်နေပါကြောင်း၊ ထိုအစွဲအလမ်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏စိတ်တွင်လည်း မိမိတိုးရမည့်လစာ၊ တိုးရမည့်ကုန်ဈေးနှုန်းနှင့် ကာမိပါ့မည်လားဟု စိတ်ပျက်အားလျော့မှုများ ဖြစ်ပေါ်နေပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ဘဲ ကျန်သော ပြည်သူသန်း ၅၀ ကလည်း ဝန်ထမ်းများအား လစာတိုးပေးပါက ကုန်ဈေးနှုန်းများ တက်လာလျှင် ဒုက္ခရောက်နိုင်သည်ဟု ဝန်ထမ်းများ၏ လက်ရှိနိမ့်ပါးနေသော လစာကို စာနာမိသော်လည်း မိမိတို့ကြုံတွေ့လာနိုင်မည့် အခက်အခဲကို ရင်မဆိုင်နိုင်သည့်အတွက် ဝန်ထမ်း ၁ သန်း၏ဘဝကို စာနာမပေးနိုင်တော့သည့်အတွေးများ ပေါ်ပေါက်နေရပါကြောင်း၊ ယင်းအစွဲအလမ်းများသည် အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အစဉ်အလာရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လစာတက်ပေးမည်ဟု သတင်းရသည်နှင့် ဆန်များကို မူလက တစ်အိတ်ချင်းဝယ်သူက ၃ အိတ်၊ ၅ အိတ်အထက် ဝယ်သည့်အတွက် သုံးစွဲမှုမတိုးသော်လည်း ဝယ်လိုအားတက်သွားသဖြင့် ရောင်းသည့်ကုန်သည်၊ တောင်သူများကလည်း မရောင်းတော့သဖြင့် ရောင်းလိုအားကျသွားပြီး ကုန်ဈေးနှုန်းများ တက်လာခြင်းဖြစ်ပါကြောင်း။
အထက်ပါဖြစ်စဉ်ကို သုံးသပ်ပါက ကုန်ဈေးနှုန်းတက်သွားရခြင်းသည် နိုင်ငံ့ဝန်ထမ်းများကို ပိုမို တိုးမြှင့်ပေးလိုက်သောငွေနှင့် ဝန်ထမ်းများက ပိုမိုသုံးစွဲ၍မဟုတ်ဘဲ အားလုံး၏ စိတ်ထဲတွင်ရှိနေသော၊ ယုံကြည်စွဲလမ်းနေသော စိတ်အစွဲကြောင့်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတူ ကုန်ဈေးနှုန်းများ၏ ပင်မသော့ချက်ဖြစ်သည် ဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းတွင်လည်း ထိုကဲ့သို့ အစွဲအလမ်းများကြောင့် ဝန်ထမ်းလစာတိုးသည်နှင့် ဒေါ်လာဈေးများတက်လာမည်ဟူသော အစွဲကြောင့် ဝယ်သူများက ပိုမိုဝယ်ယူစုဆောင်းမှုများကြောင့် ရောင်းသူများကလည်း ဈေးမြှင့်ပြီးမှ ရောင်းသည့်အတွက် ဒေါ်လာဈေးများ တက်လာပါကြောင်း၊ ဒေါ်လာဈေးများတက်လာသည်နှင့် ၎င်းနှင့်ဆက်စပ်နေသော သွင်းကုန်၊ ပို့ကုန် အားလုံးသည် စားအုန်းဆီမှ အပ စားသုံးကုန်ပစ္စည်းအားလုံး ဈေးတက်ပါသဖြင့် ဝန်ထမ်းလစာ တိုးမြှင့်ချိန်တွင် ကုန်ဈေးနှုန်းတက်ရခြင်းသည် အစွဲအလမ်းကြောင့် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများလစာတိုးပေးချိန်တွင် ယုံကြည်ချက် အစွဲအလမ်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကုန်ဈေးနှုန်းကြီးမြင့်မှုကို စီမံချက်ချ ဆောင်ရွက်ထားသင့်ပြီး ဆောင်ရွက်ထားသောစီမံချက်ကို ပြည်သူလူထုအား အသိပေးထားသင့်ပါကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဝန်ထမ်းလစာတိုးမြှင့်ချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နောက်ဆက်တွဲဖြစ်ရပ် ဖြစ်ပေါ်မလာစေရန် စီမံချက်ချဆောင်ရွက်ထားရန်ရှိ/မရှိနှင့် ရှိပါက မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါ ဖော်ပြချက်များသည် Precautionary motive နှင့် speculative motive တို့ကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းများ ကို မေးမြန်းထားခြင်းဖြစ်ပြီး လူသားများ၏ အပြုအမူနှင့်ဆိုင်သော ကိစ္စရပ်များဖြစ်သည့်အတွက် ထိန်းချုပ်နိုင်ရန် ခက်ခဲပါကြောင်း၊ သို့သော် နိုင်ငံတော်အနေဖြင့် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ စသည်တို့ဖြင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်း မရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများလစာကို အဆင့်အတန်းနှင့်လျော်ညီပြီး လက်ရှိနေထိုင်စားသောက်စရိတ်နှင့် လိုက်လျောညီထွေမည့် လစာကို ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးချိန်တွင် နိုင်ငံတော်၏ ဘတ်ဂျက်အသုံးစရိတ် တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တင်ပြလိုပါကြောင်း။
(၁) လစာတွေတိုးလာသည့်အခါ အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်တိုးလာမည်ဖြစ်ပြီး ဘတ်ဂျက်ဝင်ငွေတိုးလာခြင်းကို ဗဟိုဘဏ်က ငွေကြေးထုတ်ဝေခြင်းနှင့် ဖြည့်ဆည်းပေးရမည်ဆိုပါက ငွေကြေးပမာဏများ လာခြင်းကြောင့် ငွေကြေးဖောင်းပွမှု တိုးလာမည်ဖြစ်ပါကြောင်း။
(၂) ဝင်ငွေတိုးလာသည့်အတွက် စားသုံးမှု (Consumption) တိုးလာမည်ဖြစ်ပြီး ဝယ်လိုအားများလာခြင်းအတွက် လုံလောက်သော ရောင်းလိုအားမရှိပါက တိုက်ရိုက်အကျိုးဆက်အနေဖြင့် ဝယ်လိုအားမြင့်တက်မှုကြောင့် ဖြစ်ပေါ်သော ငွေကြေးဖောင်းပွမှု တိုးမြင့်လာမည်ဖြစ်ပါကြောင်း။
(၃) နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာ တိုးလာခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍနှင့် အခြားကဏ္ဍများ၏ လစာလုပ်ခများလည်း ထပ်မံတိုးမြင့်လာနိုင်မည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုစရိတ်တိုးလာပြီး ငွေကြေးဖောင်းပွမှုနှုန်း တိုးလာနိုင်ပါကြောင်း။
(၄) ဝယ်လိုအားတိုးလာခြင်းကြောင့် သွင်းကုန်တင်သွင်းမှုလိုမှုများ တိုးမြင့်လာပြီး ပြည်ပငွေပေးငွေယူ ရှင်းတမ်း၏ သာမန်စာရင်းပိုင်းလိုငွေ (Current Account Deficit) မြင့်တက်နိုင်ပြီး မြန်မာငွေ တန်ဖိုးကျဆင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ထပ်မံမြင့်မားနိုင်ခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများလစာတိုးမြင့်ပေးပါက ငွေကြေးဖောင်းပွမှုနှုန်း လွန်စွာမြင့်မားမှု မရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒအပိုင်းက အောက်ပါတို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း။
(၁) ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်က အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူကာ တိုက်ရိုက်ဖြည့်ဆည်းခြင်းကို လျှော့ချပြီး အခြားဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အစိုးရငွေတိုက်လက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းခြင်းနည်းလမ်းဖြစ်ပါကြောင်း၊ ယင်းအစိုးရငွေတိုက်လက်မှတ်များ ဈေးပြိုင်စနစ်နှင့်ရောင်းချပြီး ဘတ်ဂျက်လိုငွေဖြည့်ဆည်းခြင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ အရှိန်မြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ငွေကြေးသက်သေခံလက်မှတ်များ ဈေးကွက်တွင် ရောင်းဝယ်ခြင်းစသည့် Open Market Operation နည်းလမ်းကိုလည်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
(၂) ပိုလျှံငွေကြေးများ နုတ်သိမ်းနိုင်ရန်အတွက် ဗဟိုဘဏ်သည် အပ်ငွေလေလံခေါ်ယူမှုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှ ယခု ဖေဖော်ဝါရီလအထိ အပ်ငွေလေလံ အကြိမ် (၂၀) ခေါ်ယူခဲ့ပြီး စုစုပေါင်းငွေကျပ် ၂၃၉၆ ဘီလီယံကို ခေါ်ယူခဲ့ပါကြောင်း၊ ထိုနည်းလမ်းသည် ငွေကြေးပမာဏတိုးတက်မှုနှုန်းကို ရည်မှန်းချက် ဘောင်အတွင်းမှ ထိန်းသိမ်းနိုင်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ၆ ရာခိုင်နှုန်းခန့် ထိန်းသိမ်းထားရှိနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မမြင့်မားစေရန် ထပ်မံတိုးလာမည့် ငွေကြေးပမာဏ (Excess liquidity) များကို ယခု မိမိတို့ ဆောင်ရွက်နေသော အပ်ငွေလေလံစနစ်ဖြင့် တိုးမြှင့်ခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
(၃) ငွေကြေးမူဝါဒနည်းလမ်းများကို တိုးမြှင့်ကျင့်သုံးနိုင်ရန်အတွက် အတိုးနှုန်း (interest rate)နှင့် သီးသန့်ငွေ လိုအပ်ချက် (reserve requirement) အပါအဝင် ငွေကြေးမူဝါဒနည်းလမ်းများကို ပြောင်းလဲသတ်မှတ်ခြင်းဖြင့် သင့်လျော်သည့် ငွေကြေးပမာဏရှိစေရန် ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖြစ်ထွန်းမှုကို အထောက်အပံ့ဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်စေရန် ပြည်သူများတစ်ပိုင်တစ်နိုင် ရင်းနှီးမြှုပ်နှံမှုပြုနိုင်စေရန်အတွက် ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ်တွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပြဋ္ဌာန်းခြင်းနှင့် မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်များလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးမှုကိုတိုးခြင်းထက် စုဆောင်းမှုကမှတစ်ဆင့် ပြည်သူများ၏ ရင်းနှီးမြှုပ်နှံမှုကို တိုးစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ငွေကြေး၏ ဝယ်နိုင်စွမ်းအားနှင့်လျော်ညီသော ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပြီး အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၁-၂၀၃၁ ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်သူများ၏ စားဝတ်နေရေး ပြေလည်မှုကို ရှေးရှု့လျက် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေနှင့် GDP ၏အချိုးကို ၅ ရာခိုင်နှုန်းထက် မကျော်စေရန် ထိန်းညှိဆောင်ရွက်လျက်ရှိပြီး ဘတ်ဂျက်လိုငွေလျော့နည်းလာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားနိုင်စေရန်အတွက် စီမံကိန်းနှင့် ဘတ်ဂျက်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်ကာလများတွင် မြန်မာနိုင်ငံဆိုင်ရာ လူတစ်ဦးချင်း ဝင်ငွေစုဆောင်းမှုစနစ် (Myanmar Provident Fund) ကို ထူထောင်ပြီး အလုပ်ရှင်နှင့် အလုပ်သမား ပါဝင်ထည့်ဝင်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍဝန်ထမ်းများ အငြိမ်းစားယူသည့်အချိန်တွင် ကိုယ်ပိုင်အိမ်ရာနေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုလူနေမှုဘဝ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ငွေကြေးဖောင်းပွမှု အခြေအနေကို လေ့လာခန့်မှန်းရန်အတွက် ငွေကြေးဖောင်းပွမှုနှုန်း လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ၎င်းတို့၏ သက်ဆိုင်ရာဌာနများ ပါဝင်ဖွဲ့စည်းခဲ့ပြီး လစဉ်အစီရင်ခံစာတင်သွင်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် လစာတိုးမြင့်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကိစ္စရပ်များအတွက် ကြိုတင်မျှော်မှန်းပြီး ဘက်ပေါင်းစုံမှထောက်ရှုလျက် အနာဂတ်ဖူလုံနိုင်မည့် လူမှုရေးဆိုင်ရာအစီအစဉ်များ၊ ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော အမျိုးသားဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
ပြည်တွင်း၌ ထုတ်လုပ်မှုမရှိသော အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှုသည် ပြည်တွင်းထုတ်လုပ်မှု Supply နှင့် ဝယ်လိုအား ပြောင်းလဲမှုအခြေအနေ၊ ပြည်တွင်းကုန်စည်စိစစ်မှု ပုံမှန်ဖြစ်မှုအခြေအနေ၊ ပြည်ပကိုတင်ပို့သော ပစ္စည်းများဖြစ်ပါက ပြည်ပဝယ်လိုအားနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ပြည်ပမှတင်သွင်းသော အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ၏ ဈေးနှုန်း အတက်အကျသည် ပြည်ပတွင် ဖြစ်ပေါ်နေသောထိုကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ပြောင်းလဲမှုအခြေအနေ၊ ငွေလဲလှယ် မှုနှုန်းထားများ ပြောင်းလဲမှု အခြေအနေနှင့် ပြည်ပမှ တင်သွင်းသော ပမာဏ Supply နှင့် ပြည်တွင်းမှ ဝယ်ယူလိုသော ဝယ်လိုအား Demand အခြေအနေပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ထို့အပြင် တစ်ခါတရံ ကာဟဟာလသတင်းများ၊ မမှန်မကန်ထွက်ပေါ်လာသော သတင်းများကြောင့် ကုန်ဈေးနှုန်းများ လျော့ဆင်းမြှင့်တက်မှု၊ နိမ့်ကျမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ မိမိအနေဖြင့် အဓိကပြည်တွင်းမှု ထုတ်လုပ်စိုက်ပျိုးသော ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုမဖြစ်စေရန်၊ ပြည်ပမှတင်သွင်းသော ပစ္စည်းများ ဈေးနှုန်းမြှင့်တက်မှုမဖြစ်စေရန် အောက်ဖော်ပြပါ လိုအပ်သော စီမံခန့်ခွဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးဆောင်ပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီတွင်လည်း မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနမှ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ်များနှင့် မိမိတို့ဝန်ကြီးဌာနမှ အဖွဲ့ဝင်များနှင့် ပေါင်းစပ်ပြီး လစဉ် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးများကို ကျင်းပလျက်ရှိပါကြောင်း၊ ထိုအစည်းအဝေးကျင်ပပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အဓိကအခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လိုအပ်သော အစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ထမ်းများလစာ တိုးပေးပြီးပါ ကုန်ဈေးနှုန်းများ မြင့်တက်မှု မဖြစ်သင့်သော ကုန်ဈေးနှုန်းများ မဖြစ်ပေါ်စေရန် အဓိကစိုက်ပျိုးသီးနှံများအတွက် သီးနှံစိုက်ပျိုးချိန်၊ လက်ကျန်နည်းချိန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်၊ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ချိန်များတွင် လှောင်ထားသော ကုန်သည်များမှ တက်ဈေးကိုမျှော်ပြီး ဈေးကွက်တိုင်းကို ကုန်စည်းဖြန့်ဖြူးမှုကို ထိန်းချုပ်ထားခြင်း၊ ဈေးကျချိန်ရောက်သော်လည်း တက်ဈေးမြင့် ဆက်လက်ရောင်းချနေမှုများကို စိစစ်ဖော်ထုတ်ပြီး စီမံခန့်ခွဲမှုနည်းလမ်းအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများသည်လည်း သီးနှံဈေးနှုန်းများ ကျဆင်းပြီး အရှုံးပေါ်မှုများကြောင့် မိရိုးဖလာစိုက်ပျိုးနေကြ အဓိကစားသုံးသီးနှံများထက် ဈေးကွက်ခိုင်မာပြီး ဈေးပိုမိုရသော ပြည်ပပို့ကုန်သီးနှံများကို ရွေးချယ်စိုက်ပျိုးလာနိုင်ခြင်းဖြစ်သည့်အတွက် အခြေခံစားကုန်များရှားပါးပြီး ဈေးနှုန်းမြင့်တက်မှုများကို မဖြစ်ပေါ်စေရန် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဈေးကွက်အတွင်းရှိ ရောင်းချသူဈေးသည်အများစုသည် ကုန်ပစ္စည်းများကို အမြတ်ရလိုမှုကြောင့် ဝယ်ရင်းဈေး ပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းထက် အမြတ်များများတင်ပြီး ရောင်းချမှုများ ရှိနေခြင်းအပေါ် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများ၊ ဈေးစီမံခန့်ခွဲသူများ၊ သက်ဆိုင်ရာဌာနဆိုင် ရာများနှင့်အရေးယူ ဆောင်ရွက်ရန်ကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများက ကောလဟာလသတင်းများကို ယုံကြည်ပြီး ဈေးနှုန်းများ မြင့်တက်လာမည်မှု ကုန်ပစ္စည်းများကို စိုးရိမ်းစိတ်ဖြင့် သယ်ယူစုဆောင်းမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းမှုများ အသိပညာပေး သတင်းဖြန့်ဝေမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းအတက်အကျပြောင်းလဲမှုမှာ အမေရိကန်ဒေါ်လာငွေ တန်ဖိုးမြင့်တက်ခြင်း၊ ကျဆင်းခြင်းတို့သည့် အဓိကပြည်ပမှ တင်သွင်းသော ပစ္စည်းများတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေသည်ဖြစ်သည့်အတွက် ပြည်ပတွင် တင်သွင်းသော ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာငွေတန်ဖိုး မြင့်တင်ခြင်းအပေါ်တွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သော တင်သွင်းကုန်ပစ္စည်းဈေးတက်မှုကိုသာ စီမံဆောင်ရွက်စေပြီး အမြတ်တင်မှုနှင့် ပစ္စည်းပြတ်လပ်မှုကို အခွင့်ကောင်းယူပြီး အမြတ်တင်မှုများ၊ ပစ္စည်းထိန်းမှုများ မဖြစ်စေရန် အဓိကလိုအပ်သော လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုကို စဉ်ဆက်မပြတ် အားပေးဆောင်ရွက်မည်ဖြစ်ပြီး ဈေးကို မတန်တဆတက်မှု မဖြစ်စေရန် လိုအပ်သောအစီအမံများနှင့် ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မလိုလားအပ်သော ကုန်ပစ္စည်းရှားပါးမှု၊ ဈေးနှုန်းမြှင့်တက်မှုသတင်းများကို လုပ်ကြံဖြန့်ဝေမှုများရှိပါက လုပ်ငန်းကဏ္ဍအလိုက် ကုန်သည်အသင်းအဖွဲ့ တာဝန်ရှိပြည်သူများက သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် မီဒီယာများမှတစ်ဆင့် အမေး၊ အဖြေကဏ္ဍများ ပြုလုပ်ပြီး ပြည်တွင်းထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျံမှုများအပေါ် ထိုက်သင့်သော အရေးအတွက်ကိုသာ ပြည်ပသို့တင်ပို့ရောင်းချစေရန် စီမံဆောင်ရွက်နေမှုနှင့် ပြည်တွင်းလက်ကျန် အခြေအနေ အမှန်တကယ်ဖြစ်ပေါ်သင့်သော ဈေးနှုန်းအခြေအနေများကို အများပြည်သူ သိရှိစေရန် ပြောကြားပေးပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
လစာများနှင့် ပင်စင်များ တိုးမြှင့်သတ်မှတ်ပေးသည့်အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မည့် ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေကြေးဖောင်းပွမှုဖြစ်ခြင်း အကြောင်းအရင်း ၃ ချက်ရှိပါကြောင်း၊ (၁) လစာများ တိုးလာသည့်အခါ စားသုံးမှုသည်လည်း တိုးလာသည့်အတွက် တိုးတက်လာမည့် စားသုံးမှုအတွက် နေ့စဉ်အသုံးစရိတ်များကလည်း တိုးတက်လာပါကြောင်း၊ ထို့ကြောင့် တိုးတက်လာမည့် နေ့စဉ်အသုံးစရိတ်များအတွက် လဲလှယ်မှုပြုသော Transition Montage ကြောင့်လည်း ဖြစ်နိုင်ပါကြောင်း၊ (၂) မမျှော်လင့်သော အကြောင်းများကြောင့် ကြိုတင်ကာကွယ်လိုခြင်း၊ အနာဂတ်ကို မယုံကြည်ခြင်းကြောင့် Percolation Motive ကြောင့်လည်းဖြစ်ပါကြောင်း၊ (၃) စဉ်းစားလိုသောအချက်များ၊ အကျိုးအမြတ်ကို ပိုပြီး ရယူလိုသော အကြောင်းအရင်းများအတွက်ကြောင့် ကုန်စည်များကို စုစောင်းပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းစသည့် Specification Motive ကြောင့်ပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဈေးကစားလိုခြင်းနှင့် အကျိုးအမြတ်များ ရယူလိုသည့်အတွက် ကြိုတင်စုစောင်းခြင်းနှင့် အနာဂတ်ကို မယုံကြည်သည့်အတွက် ကုန်စည်များကို ဝယ်လာကြသည့် အကြောင်းအရင်းနှစ်ခုသည် လူသားများ၏ အပြုအမူနှင့် ပတ်သက်နေသည့်အတွက် ထိန်းချုပ်မှုတွင် ခက်ခဲမှုရှိပါကြောင်း၊ ဈေးကစားလိုခြင်းနှင့် အကျိုးအမြတ်ရရှိလိုသည့်အတွက် ကြိုတင်စုစောင်းခြင်းကို ငွေကြေးတက်နိုင်ပြီး အကျိုးအမြတ်များစွာ ရယူလိုသော လုပ်ငန်းရှင်များက ဆောင်ရွက်မှုရှိကြပါကြောင်း၊ ကြိုတင်ကာကွယ်လိုခြင်း၊ အနာဂတ်ကိုမယုံကြည်ခြင်းနှင့် ကုန်စည်များ ကြိုတင်စုစောင်းခြင်းဆိုသည့် အကြောင်းအချက်အရ သက်ဆိုင်ရာ လူတန်းစားအလွှာ အသီးသီးက အလွှာတိုင်း၊ အဆင့်တိုင်းတွင် ဖြစ်ပေါ်တက်ပါကြောင်း၊ ထို့ကြောင့် ကြိုတင်ခန့်မှန်း၍ မရနိုင်ပါကြောင်း၊ GDP၊ လိုငွေနှင့် GDPအချိုးကိုလည်း မိမိတို့က ၅ % မကျော်လွန်စေရန် ထိန်းညှိဆောင်ရွက်ပါကြောင်း၊ ဘတ်ဂျက်များကိုလည်း စိစိစစ်စစ် ဆောင်ရွက်ပေးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ကျန်သောသက်ဆိုင်သောဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
လစာတိုးပေးခြင်းကြောင့် ငွေကြေးထည့်ဝင်မှုများ များသွားသည့်အတွက် ငွေဖောင်းပွမှုနှုန်းလည်း တတ်မည်ဖြစ်ပါကြောင်း၊ လစာများ တိုးလိုက်သည်နှင့်တစ်ပြိုင်နက် ပြည်သူ့ဘဏ္ဍာရေး Public Finance ရှုထောင့်က ကြည့်မည်ဆိုပါက aggregate demand ဟုခေါ်သော တစ်နိုင်ငံလုံး၏ ဝယ်လိုအားများ တက်သွားသည့်အတွက် Demand Pull Inflation ဟုခေါ်သော ဝယ်လိုအားများသည့်အတွက် ဖြစ်ပါကြောင်း၊ ထိုသို့မဖြစ်ပေါ်စေရန် မိမိတို့ တားဆီးရန်၊ ကာကွယ်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ Metro Economic ဟုခေါ်သော နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်စေသော အကြောင်းတရား ၅ ချက်ရှိပါကြောင်း၊ (၁) Inflation ဖြစ်ပြီး Inflation အလွန်တတ်သွားပါက နိုင်ငံတော်၏ Metro Economic များကို ထိခိုက်သွားနိုင်ပြီး စီးပွားရေး အဆင်မပြေမှုများ ဖြစ်သွားပါကြောင်း၊ ထိုသို့မဖြစ်စေရန် Inflation ကို ကာကွယ်ရန် လိုအပ်ပါကြောင်း၊ Inflation ကိုကာကွယ်ရာတွင် Fiscal Policy ဟုခေါ်သော ဘဏ္ဍာရေးမူဝါဒရှုထောင့်ကနေပြီး ကာကွယ်သော နည်းလမ်း ၂ မျိုးရှိပြီး ပထမနည်းလမ်းသည် အသုံးစရိတ်များကို ဖြတ်တောက်ခြင်းဖြစ်ပါကြောင်း၊ အသုံးစရိတ်ဖြတ်တောက်ခြင်းတွင်လည်း သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်ဆိုပြီး ၂ မျိုးရှိသည့်အနက် သာမန်အသုံးစရိတ် ဖြတ်တောက်ခြင်းသည် ထိရောက်မှုမရှိပါကြောင်း၊ သာမန်အသုံးစရိတ်တွင် လစာများ ပါဝင်နေသည့်အတွက် လွန်ကဲစွာ ဖြစ်တောက်၍ မရပါကြောင်း၊ လစာမဟုတ်သော အခြားအသုံးစရိတ်များ ဥပမာအားဖြင့် စက္ကူထုပ်ငါးထုပ်ဝယ်ယူခြင်းမှ သုံးထုပ်ပဲဝယ်ယူခြင်းသည် ဖြတ်တောက်ခြင်းဖြစ်သော်လည်း Inflation ကို ထိခိုက်စေသော ကြီးကြီးမားမား အကျိုးသက်ရောက်မှုများ မရှိနိုင်ပါကြောင်း၊ ထို့ကြောင့် အသုံးစရိတ်ဖြတ်တောက်ရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်ကို ဖြတ်တောက်ရပါကြောင်း၊ သို့သော် Project ကြီးတစ်ခု၏ ငွေလုံးငွေရင်းကို ဖြတ်တောက်လိုက်မည်ဆိုပါက Project ရပ်သွားနိုင်သည့်အတွက် ငွေလုံးငွေရင်းဖြတ်တောက်သည့် နည်းလမ်းသည် ကောင်းသော်လည်း သတိထား သုံးရန် လိုအပ်ပါကြောင်း။
ဒုတိယနည်းလမ်းသည် အခွန်ငွေများကို တိုးပြီးရှာသည့်နည်းလမ်းဖြစ်ပြီး ခွန်ငွေများကို တိုးရှာရာတွင်လည်း နည်းလမ်း ၂ ခုရှိပါကြောင်း၊ (၁) အခွန်နှုန်းထားများ မြှင့်သည့်နည်းလမ်းဖြစ်သော်လည်း ပြည်သူများ မကြိုက်ပါသဖြင့် မည်သည့်နိုင်ငံတွင်မှ မသုံးပါကြောင်း၊ (၂) အခွန်လေလွင့်မှုကို ကာကွယ်ပြီး ကျသွားစေရန် ပြုလုပ်သည့်နည်းလမ်းဖြစ်ပါကြောင်း၊ အခွန်တိမ်းရှောင်သူများကို ဖော်ထုတ်ခြင်းနည်းလမ်း ပါဝင်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် Inflation ကို ကာကွယ်ရန် ထိန်းချုပ်ရန်အတွက် (၁) အသုံးစရိတ်များ လျော့ချခြင်းနည်းလမ်းများ၊ (၂) အခွန်အခြေခံနည်းလမ်းများကို တိုးချဲ့ခြင်းနည်းလမ်းများနှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဝင်းမြင့် (လှိုင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် ပထမဦးစွာ ဗဟိုဘဏ်၏ ဖြေကြားချက်တွင်ပါဝင်သော ဝန်ထမ်းများအား လစာတိုးမြှင့်လိုက်ပါက အခြားပုဂ္ဂလိက ကဏ္ဍရှိ ဝန်ထမ်းများ၏လစာလည်း တိုးလာမည်ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းများ တက်လာပြီး ငွေကြေးဖောင်းပွမှုလည်းဖြစ်မည်နှင့်စပ်လျဉ်း၍ ဝန်ထမ်းများလစာကို တိုးမြှင့်ပေးရန်ဆိုသည့် အနေအထားထက် ဖြစ်သင့်ဖြစ်ထိုက်သောလစာ ဆောင်ရွက်ပေးရန် အဓိကတင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သော လစာဆိုသည်မှာ မိမိတို့ နိုင်ငံံ့ဝန်ထမ်းအကြီးအကဲ၊ ဌာနအကြီးအကဲတစ်ယောက်ဖြစ်သော ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့၏ လစာသည် ကျပ် ၂၈၀၀၀၀ သာ ရပါကြောင်း၊ ပြင်ပရှိ ဝန်ထမ်းများ၏လစာသည် အငှားယာဉ်မောင်းတစ်ယောက်ပင်လျှင် တစ်လ ကျပ် သုံးသိန်း ခန့်ဝင်ပါကြောင်း၊ ကုမ္ပဏီများတွင်လုပ်နေသော အဆင့်အတန်းတူညီသည်ဟု သတ်မှတ်၍ရသော အထွေထွေမန်နေဂျာအဆင့်သည် ကျပ် ၁၀ သိန်းခန့်ရပါကြောင်း၊ မိမိအနေဖြင့် လက်ရှိနိုင်ငံ့ဝန်ထမ်းများ၏ နည်းပါးနေသော လစာကို အခြားပုဂ္ဂလိက ကဏ္ဍရှိ ဝန်ထမ်းများ၏လစာနှင့် တူညီနိုင်စေရန် ဆောင်ရွက်ပေးစေရန် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတွေကို ပြင်ပရှိဝန်ထမ်းများရရှိသော လစာများထက် ပိုတိုး၍ တင်ခြင်းခဲ့ခြင်းမဟုတ်ပါကြောင်း၊ ထို့ကြောင့် ဆောင်ရွက်ပေးမည် ဆိုပါက နိုင်ငံံ့ဝန်ထမ်းများ၏လစာသည် ပြင်ပဝန်ထမ်းများလစာထက် ကျော်လွန်မည် မဟုတ်သည့်အတွက် ပြန်လည် စဉ်းစားပေးစေလိုပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများလစာတိုးချိန်တွင် ဝယ်လိုအားများ တိုးလာသည်ဟု ပြောပါကြောင်း၊ အမှန်တကယ်တွင် ထမင်း တစ်နေ့ နှစ်နပ်စားသူသည် နှစ်နပ်ထက်ပိုမစားနိုင်ပါကြောင်း၊ စိန်၊ ပတ္တမြား ဈေးတက်သွားခြင်းသည် အရေးမကြီးသော်လည်း အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့်ဈေးနှုန်းများ မတက်စေဖို့ ဆောင်ရွက်ရန် နည်းလမ်းတင်ပြခြင်း ဖြစ်ပါကြောင်း၊ အခြေခံစားကုန်များနှင့်ပတ်သက်၍ ဝန်ထမ်း တစ်သန်းကလည်း လစာပိုတိုးရသည်ဆိုသော်လည်း သင့်တင့်သော လစာကိုသာ ရပြီး ပိုတိုး၍ သုံးနိုင်လိမ့်မည်ဟု မထင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာသည် လစာထက် ပိုပြီး အခြေခံပစ္စည်းများ ပိုမိုသုံးစွဲသွားနိုင်ခြင်းမရှိပါကြောင်း၊ ထို့အတူ အခြားပြည်သူ သန်း ၅၀ ကလည်း ဝန်ထမ်းတွေလစာတွေတိုးလာလို့ဆိုသည့် အတွက်ကြောင့်မို့လို့ မိမိတို့ ဗဟိုဘဏ်အနေဖြင့် ငွေကြေးများ ဈေမတက်စေရန် ကုန်ဈေးနှုန်းများ၏ အဓိက အခြေခံဈေးနှုန်းဖြစ်သော ငွေကြေးဈေးနှုန်းမတက်စေရန်နှင့် ယခုပေါက်ဈေးထက် တစ်ဒေါ်လာကို ၂၀ ခန့်လျော့နည်း၍ ရောင်းနေရပါကြောင်း၊ အဘယ်ကြောင့်ဖြစ်ရပါသနည်း။ ထိုသို့မဖြစ်စေဘဲ အမှန်တကယ် ဈေးကျချင်ပါ ဗဟိုဘဏ်က ၂၀ လျော့ ရောင်းသည်ဆိုပါက ၂၀ လျော့ရောင်းသည့်အတိုင်း ပြင်ပတွင် ဈေးဖြစ်သင့်ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြီးခဲ့သော နှစ်လခန့်က သိရှိခဲ့ပါကြောင်း၊ ယခုပြောင်းလဲပြီး ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် ဖြစ်သင့်သည့် ဈေနှုန်းတစ်ခုကို ဗဟိုဘဏ်အနေဖြင့် ထိန်းကျောင်းမှုရှိသော ငွေကြေးဈေးကွက်တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး
နိုင်ငံ့ဝန်ထမ်းများ၏လစာ တိုးလာပါက တခြားကဏ္ဍများ၏ လုပ်ခလစာများပါ တိုးလားနိုင်သည်ဟု ပြောသွားခြင်းကို ပြန်လည်မေးမြန်းထားခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးလာသကဲ့သို့ ပုဂ္ဂလိကကဏ္ဍ၏လစာသည် နိုင်ငံ့ဝန်ထမ်းများ၏ လစာထက် မြင့်မားပြီးသားဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်း၏ လစာတိုးလာချိန်တွင် အငှားယာဉ်မောင်းသူကလည်း ဝန်ဆောင်ခကို တိုး၍ တောင်းချင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍရှိ ဝန်ထမ်းများကလည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာထက် ပိုမိုရရှိခြင်းကြောင့် Inflation ဖြစ်လာချိန်တွင် ဝန်ဆောင်ခပိုမိုတောင်းခံချင်လာသည့်အတွက် Voltaic ဖြင့် ယင်းအခြေအနေမျိုး ဖြစ်လာနိုင်ပါကြောင်း။
FX Market တွင် ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းထားနှင့်ပတ်သက်၍ ဗဟိုဘဏ်က မည်သို့ ထိန်းကျောင်းပြီး ဆောင်ရွက်နေသည်နှင့် စပ်လျဉ်း၍ ယခင်က Official Rate နှင့် Market Rate သည် အလွန်ကွာခြားပါကြောင်း၊ Official Rate သည် ၆ ကျပ်ဖြစ်နေချိန်၌ ဈေးကွတ်တွင် အဆတစ်ရာခန့် ဖြစ်နေသည်ကို Unified လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ Unified လုပ်ခဲ့ချိန်တွင် စတင်ပြုလုပ်ချိန်က Exchange Rate ကို Free Float မဟုတ်ဘဲ Manage Float ဟူ၍ ပြုလုပ်ခဲ့ပါကြောင်း၊ Manage Float ဆိုသည်မှာ ထိန်းချုပ်သည့်နည်းလမ်းနှင့်ဆိုပြီး Exchange Rate ကို တည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ Central Bank က Exchange Rate သည် Market နှင့် Central Bank ၏ Official Rate နှင့် အနည်းငယ် ကွာဟနေပါကြောင်း၊ သို့သော် မိမိတို့ ဗဟိုဘဏ်အနေဖြင့် ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံးတွင် အကျိုးအမြတ်ရှိနိုင်သော အနေအထားရရှိစေရန် Manage ပြုလုပ်ပြီး Manage Float များဖြင့် ဝင်ရောက်၍ ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင်း ဈေးကွက်တွင် မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုး နှုန်းထား များစွာ ကျဆင်းမသွားစေရန် ထိန်းကျောင်း၍ ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
