(ဈ)-မိုးစပါးသီးနှံချေးငွေ အပေါ် အတိုးဆပ်၍ အရင်းငွေအား တစ်နှစ်ဆိုင်းငံ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အတိုးအရင်း စုစုပေါင်းအပေါ်မှ(၅၀%)အား ပေးဆပ်ပြီး ကျန်(၅၀%)အား တစ်နှစ်ဆိုင်းငံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁.၂၀၁၃)

၂၀၁၂-၂၀၁၃ မိုးစပါးစိုက်ပျိုးရာသီက တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၅၀၀၀၀ နှုန်းနှင့် ထုတ်ချေးခဲ့ကြတာဖြစ်ပါတယ်။ ဒီမှာလည်းပဲ ချေးစဉ် အခါကတည်းက စည်းကမ်းများအရ ပေးဆပ်ရမည့်အချိန်ကာလသတ်မှတ်ထားပြီးတော့ အပြည့်အဝ ပြန်လည်ပေးဆပ်ဖို့လည်း အတိုးအရင်းဆပ်ဖို့လည်း တောင်သူများဥပဒေအရ သိရှိပြီး ဖြစ်ပါတယ် ခင်ဗျား။ သို့ရာတွင် ပြီးခဲ့တဲ့နှစ် ရာသီဥတုဆိုးဆိုးရွားရွားဖောက်ပြန်မှုကြောင့် အောက်ခြေကျေးရွာများ မှာရှိတဲ့ မိုးစပါးစိုက်ပျိုးထုတ်ယူထားတဲ့ စိုက်ပျိုးစရိတ်ထုတ်ယူထားတဲ့ တောင်သူများမှာ ယခုလို အတိုး ရော၊ အရင်းရော ပြန်လည်ပေးဆပ်ချိန်မှာ များစွာအခက်အခဲရှိနေတာပဲ ဖြစ်ပါတယ်။ သီးနှံမရရှိခြင်း၊ သီးနှံအထွက်နှုန်းလျော့ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဒီကိစ္စရပ်များကို အောက်ခြေမှာ ကွင်းဆင်းတဲ့အခါမှာ တောင်သူများက ပြန်လည်တင်ပြလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအနေအထားပေါ်မှာ တောင်သူများအနေနဲ့ အကယ်၍များ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူထားခဲ့ရတဲ့ ချေးငွေများအပေါ်မှာ အတိုးဆပ်ပြီးတော့ အရင်းကို တစ်နှစ်ဆိုင်းငံ့ပေးဖို့အစီအစဉ်ရှိနိုင်ပါမလား သို့မဟုတ် အတိုးအရင်းနှစ်ရပ်လုံးကို ဒီနှစ်ရာသီဥတုနှင့် ငွေကြေးအခက်အခဲကြောင့် ၅၀ ရာခိုင်နှုန်းကို ဆပ်ပြီးတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို တစ်နှစ်ဆိုင်းငံ့ပေးရန် အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ပါရန် ကျွန်တော်တို့ကို တင်ပြလာပါတယ်။ ဒါကြောင့်မို့လို့ ဒီအနေအထားလေးပေါ်မှာ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အဆိုပါကိစ္စရပ်များအပေါ်မှာ တောင်သူများအတွက် နည်းလမ်းတစ်ခုရှာပြီးတော့ စဉ်းစားပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ကျွန်တော့်အနေနဲ့ မေးခွန်းမေးရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူ လယ်သမားများသို့ ထုတ်ချေးခဲ့တဲ့ ရာသီအလိုက်၊ သီးနှံအလိုက်ချေးငွေများသည် နှစ်ချင်းဆပ်ချေးငွေ များဖြစ်၍ သတ်မှတ်ကာလအတွင်း ချေးငွေများကိုအတိုးနှင့်တကွ အပြည့်အဝပြန်လည်ကောက်ခံရပါ တယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေစနစ်ဖြင့် ထုတ်ချေးခဲ့ခြင်းဖြစ်၍ အရင်း ပြန်လည်ပေးဆပ်ချိန်တွင် ယင်းကာလအတိုင်း အတိုးတွက်ချက်ကောက်ခံရခြင်း ဖြစ်ပါတယ်။ တောင်သူလယ်သမားများသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ထုတ်ချေးငွေများကို မြန်မာ့ စီးပွားရေးဘဏ်မှတစ်ဆင့် အတိုးဖြင့်ချေးငွေရယူထုတ်ချေးခဲ့ရခြင်းဖြစ်ပါ၍ တောင်သူများမှ ချေးငွေ ပြန်လည်မပေးဆပ်သေးသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ့စီးပွားရေးဘဏ်သို့ ဘဏ်ဥပဒေစည်းကမ်းချက်များအရ သုံးလပတ်အတိုးများကို အကျေအလည်ပေးဆပ်နေရပါတယ်။ ယမန်နှစ်ကလည်း အချို့ဒေသများတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်းနှင့် သီးနှံဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ဘဏ်မှသတ်မှတ်ကာလအတွင်း ချေးငွေအပြည့်အဝပြန်လည် ပေးဆပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိသကဲ့သို့ ကျန်တိုင်းဒေသကြီး အချို့တွင်ချေးငွေ နှစ်ဆိုင်းပေးခဲ့ခြင်းမရှိသော်လည်း အချိန်ကာလနောက်ဆုတ်၍ ကောက်ခံပေးရခြင်းများရှိခဲ့ပါတယ်။ အထူးကိစ္စတစ်ရပ်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ထူးခြားအခြေအနေများအရ အမှန်တကယ် ထူးခြားအခက်အခဲကြုံတွေ့နေရသည့် မြို့နယ်၊ ကျေးရွာအချို့ကိုမူ ခြွင်းချက်အနေဖြင့် ယမန်နှစ် နည်းတူ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ထောက်ခံတင်ပြလာပါက ညှိနှိုင်း ကာလသတ်မှတ်ချက်ဖြင့် နောက်ဆုတ်၍ ပေးဆပ်နိုင်ခွင့်ပြုပါရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ သို့ရာတွင် မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် ၁၉၉၁ နည်းဥပဒေ အခန်း(၆) ပုဒ်မ ၂၉ အရ ဘဏ်ကထုတ်ပေးခဲ့သော မည်သည့်ချေးငွေမျိုးကိုမဆို ချေးယူသူက အချိန် မှန်မှန်ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှင် ဘဏ်သည်ယင်းပျက်ကွက်သူအား ချေးငှေသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားရမည်ဟု ဖော်ပြပါရှိသဖြင့် နောက်ထပ်ချေးငွေအသစ် ထပ်မံထုတ်ချေး ပေးနိုင်မူအတွက် ချေးငွေအဟောင်းကို ကျေလည်အောင် ပြန်လည်ပေးဆပ်ပြီးသည့် ကာလမှသာလျှင် စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းအား နိုင်ငံအဝှမ်းဆောင်ရွက်နေရသော ဝန်ဆောင်မှုဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေ များ မဆုံးရှုံးစေရေးနှင့် အချိန်မီပြန်လည်ကောက်ခံရရှိရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါ၍ သိရှိ နားလည်ပေးနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။