(ဃ)-တိုင်းရင်းဆေးပညာ ဦးစီးဌာန ရာထူးများတွင် တိုင်းရင်းဆေးပညာရှင်များကို ခန့်အပ်တာဝန် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် နိုင်ငံခြား ပညာတော်သင်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများစေလွှတ်ရာတွင် တိုင်းရင်းဆေး ဆရာများအား ဦးစားပေးစေလွှတ်သည့်မူ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
နိုင်ငံတော်သမ္မတကြီးက Good Goverance လို့ပြောသွားပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်ဖို့ဆိုရင် လူမှန်နေရာမှန် ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှုဟာ နေရာမှန်လူမှန်မဖြစ်ခဲ့လို့ လွဲချော်မှားယွင်းစွာ စီမံခန့်ခွဲအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ဟာ ကမ္ဘာ့အောက်ဆုံးအဆင့်သို့ ရောက်သွား ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးဟာ သဘောသဘာဝချင်း အလွန်ကွဲလွဲခြားနား ပါတယ်။ အနောက်တိုင်းဆေးက သွေးတိုးရင် သွေးတိုးကျဆေးပေးမှ၊ တိုင်းရင်းဆေးက ဓာတ်ကြီး လေးပါးရဲ့ လွန်ယုတ်လွဲမှားကို ပြုပြင်ပြီးတော့ ကုပါတယ်။ လွန်တဲ့ဓာတ်ကို နုတ်ပြီးတော့၊ ယုတ်တဲ့ ဓာတ်ကို ဖြည့်ပြီးတော့ ကုပါတယ်။ ရောဂါကို ဖြစ်စေတဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ အကြောင်းတရား လေးပါးကို ပြုပြင်ပြီးတော့ ကုသပါတယ်။ အကြောင်းကို သတ်ပြီးတော့ ကုသပါတယ်။ ဒီနေ့ ကမ္ဘာမှာ Organic ခေါ်တဲ့ သဘာဝအစားအစာတွေ ဘေးထွက်ဆိုးကျိုးနည်းတဲ့ သဘာဝဆေး Herbal Medicine တွေ အားပေးနေချိန်လည်းဖြစ်သလို အနောက်တိုင်းဆေးနဲ့ ကုသလို့မရတဲ့ရောဂါတွေကို သဘာဝတိုင်းရင်းဆေးတွေနဲ့ ကုသအောင်မြင်နေတာတွေလည်း ရှိပါတယ်။ တိုင်းရင်းဆေးကို မယုံကြည်တဲ့လူ၊ စိတ်မဝင်စားသူ၊ မကျွမ်းကျင်သူများက တိုင်းရင်းဆေးပညာဦးစီးဌာနမှာ ရာထူးကြီး တွေယူပြီးတော့ စီမံခန့်ခွဲအုပ်ချုပ်တာဟာ လူမှန်နေရာမှန်နဲ့ လွန်စွာလွဲချော်နေတာ တွေ့ရပါတယ်။ ဒုတိယသမ္မတကြီးပြောတဲ့ တိုင်းရင်းဆေးပညာကို အနောက်တိုင်းဆေးပညာနဲ့ ရင်ပေါင်တန်းပြီးတော့ ကမ္ဘာက လက်ခံနိုင်အောင်ဆိုရင် လူမှန်နေရာမှန်ဖြစ်မှ လုပ်နိုင်မှာပါ။ ခေတ်နဲ့အညီ ပြောင်းလဲ သင့်ပါပြီ။ တိုင်းရင်းဆေးမှာ အုပ်ချုပ်သူများဟာ ဆရာဝန်ကြီးများ ဖြစ်သော်လည်း ကိုယ်မယုံကြည်တဲ့၊ အကျွမ်းမဝင်တဲ့ တိုင်းရင်းဆေးလောကကို စီမံခန့်ခွဲရတာ လွန်စွာပင်ပန်းခက်ခဲပါတယ်။ တိုင်းရင်းဆေး ကို အနောက်တိုင်းရင်းဆေးတွေ ပေတံနဲ့တိုင်းပြီးတော့ ပုံစံခွက်ထဲထည့်ပြီးတော့ မတူတာတွေကို အညှိခံရတာ အဖြတ်ခံရတာတွေရှိပါတယ်။ တိုင်းရင်းဆေးပညာရှင်ကြီးများ အလွန်စိတ်ဓာတ်ကျကြ ပါတယ်။ နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးကို အားပေးသလောက်လည်း မတိုးတက်ဘူးဖြစ်ရ ပါတယ်။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးကို တကယ်ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် တိုင်းရင်းဆေး ပညာဦးစီးဌာန အကြီးအကဲရာထူးတွေမှာ တိုင်းရင်းဆေးပညာရှင်တွေကို ဦးစားပေးခန့်ထားပေးဖို့ လိုအပ်လှပါတယ်။ လုပ်ပိုင်ခွင့်တွေပေးဖို့လည်း လိုအပ်လှပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းဆေး ပညာရှင်တွေကို နိုင်ငံခြားပညာသင်စေလွှတ်တာ၊ အလုပ်ရုံဆွေးနွေးပွဲတွေ စေလွှတ်တာ၊ လေ့လာရေး ခရီးတွေ စေလွှတ်တာတွေ ဦးစားပေးစေလွှတ်သင့်ပါတယ်။ တချို့က တိုင်းရင်းဆေးကို နိုင်ငံခြားမှာ သွားသင်စရာမလိုဘူးလို့ ပြောတာရှိပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းရင်းဆေးပညာရပ်မှာ ဘေသဇ္ဇနယဆေးပညာဟာ အိန္ဒိယအာယုဗေဒဆေးပညာမှ လာပါတယ်။ အလွန်ပြည့်စုံကြွယ်ဝပါ တယ်။ ဒီလိုပဲ အိမ်နီးချင်းတရုတ်တိုင်းရင်းဆေးဟာ အလွန်ပြည့်စုံတိုးတက်ပါတယ်။ ကျွန်တော်တို့ အတွက် လေ့လာစရာသင်ယူစရာတွေ အများကြီးရှိပါတယ်။ ဥပမာ ကျွန်တော်တို့တိုင်းရင်းဆေးမှာ သုံးတဲ့ ကြပ်ထုပ်ကို ထိုင်းကယူသွားပြီးတော့ ထိုင်းကြပ်ထုပ်လုပ်လိုက်ပါတယ်။ နည်းပညာဖြည့်လိုက် ပါတယ်။ ပိုကောင်းသွားပါတယ်။ ဒီလိုပါပဲ အစစအရာရာနောက်ကျနေခဲ့တဲ့ တိုင်းပြည်အတွက် အခြား တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ သင်ယူစရာတွေ အများကြီးရှိပါတယ်။ လေ့လာသင်ယူပြီးရင်လည်း ပြန်လည်မျှ ဝေပေးဖို့၊ ပြန်လည်အသုံးချဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စာကို အကြောင်းပြုပြီးတော့ ဆရာဝန်တွေကိုပဲ ပညာသင်လွှတ်တဲ့အခါကျတော့ တိုင်းရင်းဆေးပညာတိုးတက်ရေးအတွက် ဘာမှ အထောက်အကူ မပြုခဲ့ပါဘူး။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်အစိုးရလက်ထက်မှာ တိုင်းရင်းဆေးသိပ္ပံကို တိုင်းရင်းဆေးတက္ကသိုလ် အဖြစ် အဆင့်မြှင့်တင်ပေးတာကိုအလွန်ပဲ ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ အိန္ဒိယမှာတော့ အာယုဗေဒဆေးပညာနဲ့ အနောက်တိုင်းဆေးပညာကို တစ်တန်းတည်းပဲထားပါတယ်။ ဒေါက်တာလို့ပဲ ခေါ်ပါတယ်။ ကျွန်တော်တို့ကို သမားတော်လို့ ခေါ်တာကျေနပ်ပါတယ်။ ဒါပေမယ့် တစ်ဆင့်နှိမ့်ထားတာ ကိုတော့ စိတ်မကောင်း ဖြစ်ကြပါတယ်။ ယခင်ဖွင့်ခဲ့တဲ့ တိုင်းရင်းဆေးသိပ္ပံအပါအဝင် တစ်နှစ် သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ ဆက်မဖွင့်နိုင်တော့တာကိုလည်း အားမလိုအားမရဖြစ်ရပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်က တစ်နှစ်မှာ ကျောင်းသား ၁၀၀ လောက်ပဲ မွေးထုတ်ပေးနိုင်ပါတယ်။ လျော့သွားတဲ့ဆေးဆရာကို ပြန်ဖြည့်တာလောက်ပဲ လုပ်နိုင်ပါတယ်။ တိုင်းရင်းဆေးသိပ္ပံကျောင်းတွေကို အချက်အခြာကျတဲ့ မြို့ကြီးတစ်ခုတွေမှာ ဖွင့်ပေးသင့်ပါတယ်။ ပြီးလို့ရှိရင် ပေါင်းကူးပြီးတော့ အခုလုပ်သလိုပဲ ဘွဲ့တွေပေးစေချင်ပါတယ်။ တိုင်းရင်းဆေးဆရာတစ်နှစ်သင်တန်းကိုလည်း ပြန်လည် ဖွင့်လှစ်ပေးပြီးတော့ သင်တန်းဆင်းတွေ ပေါင်းကူးဒီပလိုမာ ပေးစေချင်ပါတယ်။ ဘာသာရပ် အထူး မွမ်းမံသင်တန်းကျောင်းတွေကိုလည်း ပြန်ဖွင့်ပေးစေချင်ပါတယ်။ အသိအမှတ်ပြု လက်မှတ်တွေ ဒီပလိုမာလက်မှတ်တွေ ပေးသင့်ပါတယ်။ ကျောင်းက မွေးထုတ်လိုက်တဲ့ ဆရာ ဆရာမတွေကိုလည်း လုပ်ငန်းခွင်ဝင်နိုင်ဖို့ တစ်ပါတည်းစီမံခန့်ခွဲသင့်ပါတယ်။ တိုင်းရင်းဆေးရုံနဲ့ ဆေးပေးခန်းတွေကိုလည်း မြို့တိုင်းနဲ့ ကျေးရွာတိုင်းအရောက် တိုးဖွင့်ပေးဖို့လည်း တင်ပြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သမားတော် ဆိုတာ တိုင်းရင်းဆေးဆရာကြီးများကို ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ အခေါ်အဝေါ်ပဲဖြစ်ပါတယ်။ မွန်ဘာသာ စကားက လာတာပါ။ အတတ်ပညာတစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်သည်လို့ အဓိပ္ပာယ်ရပါတယ်။ ရောဂါဝေဒနာတွေကို လျော့နည်းအောင်၊ သက်သာအောင်၊ ပျောက်ကင်းအောင် ဖယ်ရှားပေးနိုင်သူကို အသက်ကယ်ပေးနိုင်သူကို သမားတော်လို့ ခေါ်တာဖြစ်ပါတယ်။ တိုင်းရင်းဆေးလောကမှာ အလွန် ထင်ရှားတဲ့ ဆေးဆရာကြီးများ သမိုင်းတစ်လျှောက်မှာ များစွာပေါ်ပေါက်ခဲ့ပါတယ်။ တိုင်းရင်းဆေး တိုးတက်ရေးအတွက်လည်း တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့မှာ ဘာဘွဲ့ထူး၊ ဂုဏ်ထူးမှမရှိကြပါဘူး။ အတွေ့အကြုံနဲ့ ပညာကြီးတဲ့ တိုင်းရင်းဆေးပညာရှင်ကြီးများကို ဖော်ထုတ်ပြီးတော့ အဆောင်အယောင်တွေနဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးများလည်း ပေးအပ်ချီးမြှင့်သင့်ပါတယ်။ သူတို့ဆီက ပညာအမွေတွေကို လက်ဆင့်ကမ်းပေးနိုင်အောင်လည်း ဆောင်ရွက်ပေးသင့်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းများကတော့ (၁) တိုင်းရင်းဆေးပညာဦးစီးဌာန ရာထူးအဆင့်ဆင့် ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနဲ့ တိုင်းရင်းဆေးရုံအုပ်၊ ဒုတိယတိုင်းရင်း ဆေးရုံအုပ်စတဲ့ ရာထူးတွေမှာ တိုင်းရင်းဆေးပညာရှင်များကို ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ (၂) တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားပညာတော်သင်များ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ လေ့လာရေးခရီးများ စေလွှတ်ရာမှာ တိုင်းရင်းဆေးဆရာများကို ဦးစားပေးစေလွှတ်တဲ့မူ ရှိ၊ မရှိနဲ့ ယင်းပညာတော်သင်များ ဆွေးနွေးပွဲတက်ရောက်သူများ၊ လေ့လာသူများ ပြန်လည်ရောက်ရှိတဲ့အခါမှာ တတ်သိလာတဲ့ ပညာဗဟုသုတတွေကို ဆင့်ပွားပြန်လည်ဖြန့်ဝေအစီအစဉ်ရှိ၊ မရှိ။ (၃) အချက်က တိုင်းရင်းဆေးဆရာများ စွမ်းရည်ပြည့်ဝ၍ တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေး အတွက် (က) ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများ တိုးမြှင့်ခေါ်ယူခြင်း၊ အခုတော့ ဘွဲ့လွန် ၅ ယောက်ပဲခေါ်ပါ တယ်။ (ခ) ဘာသာရပ်အလိုက် ပါရဂူဘွဲ့များပေးအပ်ခြင်း၊ (ဂ) နိုင်ငံခြားပညာတော်သင်များ စေလွှတ် ခြင်း၊ (ဃ) တိုင်းရင်းဆေးသိပ္ပံ၊ ဒီပလိုမာသင်တန်း ပြန်လည်ဖွင့်လှစ်ခြင်း၊ (င) တိုင်းရင်းဆေးဆရာ တစ်နှစ်သင်တန်းပြန်လည်ဖွင့်လှစ်ခြင်း၊ (စ) တိုင်းရင်းဆေးဆရာတစ်နှစ်သင်တန်းဆင်းများအား ပေါင်းကူးဒီပလိုမာပေးခြင်း၊ (ဆ) တိုင်းရင်းဆေးဆရာများအား စဉ်ဆက်မပြတ်ပညာ တိုးတက်ရေး အတွက် အထူးမွမ်းမံသင်တန်းများအားပေးခြင်းစတဲ့ အစီအစဉ်များရှိ၊ မရှိနဲ့ (၄) တိုင်းရင်းဆေးပညာကို သမားအစဉ်အဆက်တတ်မြောက်လာ၍ ကုသအောင်မြင်လျက်ရှိတဲ့ ရိုးရာတိုင်းရင်းဆေးဆရာများကို ဖော်ထုတ်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် (တဆ)ပေးခြင်းနဲ့ ထင်ရှားကျော်ကြားအောင်မြင်သော တိုင်းရင်းဆေးသမားတော်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရန်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနမှာ လက်ရှိရာထူးအဆင့်ဆင့် ဖြစ်တဲ့ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နောက် တိုင်းရင်း ဆေးရုံများရဲ့ ဆေးရုံအုပ်များ ခုတင် ၁၀၀၊ ခုတင် ၅၀၊ ၁၆ ခုတင် ရာထူးများမှာ လက်ရှိတိုင်းရင်းဆေး ပညာရှင်များဖြစ်တဲ့ တိုင်းရင်းဆေးသိပ္ပံဆင်းများကိုပဲ ခန့်အပ်တာဝန်ပေးထားလျက်ရှိတယ်။ တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၀ ပြည့်နှစ်ကစတင်၍ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M ချီးမြှင့်ခဲ့ပြီးတော့ ၂၀၁၁ ခုနှစ်မှစပြီး မြန်မာ့တိုင်းရင်းဆေးပညာ မဟာသိပ္ပံဘွဲ့ M.M.T.M(ပေါင်းကူး) သင်တန်းများဖွင့်လှစ်ပြီး သက်ဆိုင်ရာ ဘွဲ့များ အပ်နှင်းရေးအတွက် ဆောင်ရွက် နေပါတယ်၊။ ဒါကြောင့်မို့လို့ အဲဒီသင်တန်းတွေ ပြီးသွားတော့မှ အရည်အချင်းပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပေါ်ပေါက်လာတဲ့အခါမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာများကို လည်းဆက်လက်ပြီး တာဝန်ပေးအပ်သွားမည်ဖြစ်ပါကြောင်း နံပါတ်(၁)မေးခွန်း ဖြေကြားအပ်ပါ တယ်။
တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားပညာတော်သင်များ၊ အလုပ်ရုံ ဆှေးနွေးပွဲများ၊ လေ့လာရေးခရီးများစေလွှတ်ရာမှာ တိုင်းရင်းဆေးဆရာများကို ဦးစားပေးစေလွှတ် ပေးလျက်ရှိပါတယ်။ သူတို့ ပြန်လည်ရောက်ရှိတဲ့အခါမှာလည်း တတ်သိလာတဲ့ ပညာဗဟုသုတများကို အချင်းချင်းပြန်လည်ပြီး ဆင့်ပွားသင်တန်းများ ပြန်လည်ပြီးပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါ တယ်။ တိုင်းရင်းဆေးဆရာများ စွမ်းရည်ပြည့်ဝပြီး တိုင်းရင်းဆေးလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှာလည်း အမြဲတမ်းစဉ်းစားဆောင်ရွက်လျက်ရှိတဲ့အခါမှာ ဘွဲ့လွန်သင်တန်းတွေကို ခုနကျွန်တော်တင်ပြခဲ့သလို ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ဆောင်ရွက်ပြီးတော့ ဘာသာရပ်အလိုက် ပါရဂူဘွဲ့များအတွက်ကိုတော့ သင်ရိုးညွှန်းတမ်းနဲ့ သင်တန်းဆရာများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါ တယ်။ အဲ့ဒီဆောင်ရွက်ပြီးသွားတဲ့အခါမှာ ပါရဂူဘွဲ့များအပ်နှင်းရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ လောလောဆယ်တော့ နိုင်ငံခြားပညာတော်သင်လွှတ်ပြီးတော့ ပါရဂူဘွဲ့ များကို အိန္ဒိယသင်တန်းမှာ လေ့ကျင့်ပေးလျက်ရှိပါတယ်။ နောက် နိုင်ငံခြားပညာတော်သင်များကို စေလွှတ်ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် လောလောဆယ် လက်ရှိတိုင်းရင်းဆေးသိပ္ပံဒီပလိုမာ သင်တန်းကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးဘဲနဲ့ တိုင်းရင်းဆေးဆရာတစ်နှစ်သင်တန်းနှင့် ၎င်းတစ်နှစ်သင်တန်းဆင်းတွေကို ပေါင်းကူးဒီပလိုမာပေးဖို့လည်း လောလောဆယ်အစီအစဉ် မရှိ သေးပါကြောင်း ဖြေကြားအပ်ပါတယ်။ ဌာနတွင်းတိုင်းရင်းဆေးဆရာများအား စဉ်ဆက်မပြတ်ပညာ တိုးတက်ရေးအတွက် အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းတင်ပြအပ် ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ တိုင်းရင်းဆေးပညာမှာမရှိမဖြစ်တဲ့ သုတေသနလုပ်ငန်း တွေကို တိုင်းရင်းဆေးဆရာလောကထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရေးအတွက် ဒါကို တစ်စိုက် မတ်မတ် ကျွန်တော်တို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုင်းရင်းဆေးပညာကို သမားစဉ်ဆက် တတ်မြောက်လာပြီး ကုသအောင်မြင်လျက်ရှိတဲ့ ရိုးရာတိုင်းရင်းဆေးဆရာများကို ကျွန်တော်တို့ ဖော်ထုတ်စိစစ်ပြီးတော့ အသိအမှတ်ပြု တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်(တဆ) ပေးရန်နှင့် ထင်ရှားကျော်ကြားအောင်မြင်တဲ့ တိုင်းရင်းဆေးသမားတော်ကြီးများကို သက်ဆိုင်ရာဒေသမှ စိစစ် တင်ပြလာမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းဆေးကောင်စီမှ ဆရာကြီးတွေ ရှိပါတယ်။ အဲဒီမှာ တိုင်းရင်းဆေးသမားတော်ကြီးများကနေ လိုအပ်သလို စစ်ဆေးစိစစ်ပြီးတော့မှ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်(တဆ)ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိပါတယ်။ လောလောဆယ်မှာတော့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
