(ဂ)-မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ ဆေးရုံဝန်ထမ်းအင်အား ခန့်ထားခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁.၂၀၁၃)

ကျွန်တော် တို့ မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ပတ်သက်၍ ယခင်က မြို့နယ်ဆရာဝန်၊ လက်ထောက် မြို့နယ်ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ဓာတ်မှန်ကျွမ်းကျင်များ ဦးစားပေးခန့်ထားပေးပါရန် တောင်းဆိုတင်ပြခဲ့ဖူးပါတယ်။ ယခုအခါ မြို့နယ်ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ဓာတ်မှန် ကျွမ်းကျင်တို့ အသီးသီးရောက်ရှိတာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ သို့ရာတွင် လက်ထောက် မြို့နယ်ဆရာဝန် မရှိသေးပါသဖြင့် မြို့နယ်ဆရာဝန်ကြီးမှ ခွင့်ခံစားသောအချိန်၊ တာဝန်အရခရီး ထွက်ခွာချိန်များတွင် မြို့နယ်အနေနှင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ထို့အပြင် ဆေးရုံဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြမည့် အောက်ခြေအဆင့်ဆင့် ဝန်ထမ်းပေါင်း ၄၃ နေရာခန့် လစ်လပ်နေဆဲဖြစ်ပါသဖြင့် အောက်ပါမေးခွန်းများကို လွှတ်တော်မှ တစ်ဆင့် ရိုသေစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။ မေးခွန်း(၁) မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ လက်ထောက်မြို့နယ်ဆရာဝန် ခန့်ထားရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင် မည်နည်း။ မေးခွန်း(၂)မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံ၏ ခွဲဝေဝန်ထမ်းအင်အားများကို ယခုအစိုးရသစ်လက်ထက်တွင် မည်ကဲ့သို့ ပြန်လည်ခန့်ထားပေးမည်နည်းကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြင့် ဒုတိယဝန်ကြီး
အဖြေ

မောက်မယ်မြို့ ပြည်သူ့ဆေးရုံမှာ လစ်လပ်လျက်ရှိတဲ့ လက်ထောက်ဆရာဝန်တွေကို  လက်ထောက် ဆရာဝန်(သစ်လွင်) ၁၅၀၀ ဦးကို မကြာခင်ကာလမှာ ခန့်ထားတဲ့အခါမှာ ဆေးရုံကြီးတွေမှာ လေ့ကျင်‌့ တာဝန်ထမ်းဆောင်ပြီးတဲ့ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေထဲကနေပြီးတော့မှ ကျွန်တော်တို့ အနည်းဆုံး တစ်ဦး၊ အများဆုံးနှစ်ဦး ဦးစားပေးအလိုက် ခန့်ထားပေးမည် ဖြစ်ပါကြောင်း၊ ထို့နည်းတူစွာပဲ အထက်တန်းသူနာပြု ခွင်‌့ပြု ၅ ဦး၊ ခန့်ထား ၅ ဦးရှိပြီးတော့  သူနာပြုခွင့်ပြု ၁၀ ဦးမှာ ၂ ဦးပဲ ခန့်ထား နိုင်တဲ့အတွက် လစ်လပ် ၈ ဦးရှိပါတယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့ ဆေးရုံမှာ တက်ရောက်လာတဲ့ လူနာအရေအတွက်နဲ့ဆေးရုံရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ သစ်လွင်သူနာပြုများကို မကြာခင် ခန့်ထားတဲ့အခါမှာ ခန့်ထားပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်-၄ (ဓာတ်မှန်) တစ်ဦးကိုတော့ ၁၈-၁၀-၂၀၁၂ မှာ ကျွန်တော်တို့ ခန့်ထားပေးပြီး တာဝန်ထမ်းဆောင်စေလျက် ရှိပါ တယ်။ ဆေးဘက်ကျွမ်းကျင်-၄(ဆေးစပ်)ကိုတော့ ကျွန်တော်တို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ အစီအစဉ်နဲ့ သင်‌့တော်မယ့်ဝန်ထမ်းတစ်ဦးကို  ဆေးဘက်ကျွမ်းကျင်-၄(ဆေးစပ်) ၆ လသင်တန်း ခေါ်ယူတဲ့အခါမှာ ကျွန်တော်တို့ သင်တန်းပေးပြီး ဖြည့်စွက်ခန့်ထားပေးမည်ဖြစ်ပါကြောင်းနဲ့ ဓာတ်ခွဲ ကျွမ်းကျင်ဝန်ထမ်းအတွက်ကိုတော့ (၅၆) ကြိမ်မြောက်ဓာတ်ခွဲသင်တန်းဆင်း ၁၁၃ ဦးအားခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိတဲ့အတွက် မကြာခင် ဒီအထဲကနေ ကျွန်တော်တို့ ဦးစားပေးခန့်ထားမည် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဝန်ထမ်းငယ်များအတွက် လိုအပ်ချက်အရ တောင်းခံလာမယ်ဆိုလို့ ရှိရင်တော့ နေ့စားဝန်ထမ်းများကို ဦးစွာခန့်ထားပြီးတော့မှ အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။