(ဃ)-ရှမ်းပြည်နယ် ကာလိမြို့တွင် ၃၃/၁၁ KV ၅ MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်၍လျှပ်စစ် မီး ဖြန့်ဖြူးပေးရန်နှင့် ကွန်ဟိန်းမြို့နယ်မှ ကာလိ/ တာကောရွာအထိ/ အတွင်းသို့ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၉)ရက်မြောက်နေ့ (၁၈.၃.၂၀၁၅)

ရှမ်းပြည်နယ်ရှိ ကာလိမြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်၍ လျှပ်စစ်မီးဖြန့်ဖြူးပေးရန်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို နိုင်ငံတော်နှင့် လက်ရှိအကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်ထံမှ ပြန်လည်ရုပ်သိမ်း၍ အစိုးရက စီမံပေးရန်နှင့် ကွန်ဟိန်းမြို့နယ်မှ ကာလိ/တာကောရွာအထိ/ အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များသို့ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒေါ်နန်းဝါနု ( ကွန်ဟိန်း မဲဆန္ဒနယ်) (1427)၂၇-၈-၂၀၁၄ ရက်စွဲဖြင့် ကာလိမြို့ရှိ ပြည်သူ ၁၂၇၉ ဦးက ကျိုင်းတောင်းလျှပ်စစ်မီးသည် ကွန်ဟိန်းမြို့သို့ ရောက်ရှိဖြန့်ဖြူးနေသည်ကို ကာလိမြို့တွင်နေထိုင်သော ပြည်သူများကလည်း အဆိုပါ ကျိုင်းတောင်း လျှပ်စစ်မီးကို အစိုးရဈေးနှုန်းဖြင့် သုံးစွဲလိုပါသဖြင့် ကာလိမြို့သို့လည်း ဖြန့်ဖြူးပေးပါရန် လက်မှတ်ရေးထိုး တင်ပြလာပါကြောင်း၊ ၃၀-၈-၂၀၁၄ ရက်စွဲဖြင့် ကာလိမြို့နေပြည်သူများက ကွန်ဟိန်းမြို့နယ်အတွင်း ကွန်ဟိန်းမြို့နယ်ပြည်သူများက လျှပ်စစ်ဓာတ်အားပေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရာ နိုင်ငံတော်က နစ်နာမှုရှိနေခြင်း၊ မီးအားသုံးစွဲသည့်ပြည်သူများနှင့် ပြေလည်မှုမရှိခြင်း၊ ပြည်သူများအခက်အခဲမျိုးစုံ တွေ့ကြုံနေရခြင်း၊ ကွန်ဟိန်းမြို့ ရပ်ကွက် ၅၊ အမှတ်က ၃ လမ်းတွင်နေထိုင်သော အုပ်ချုပ်ရေးမှူးနှင့်တကွ ပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ တိုင်စိုက်ထူခြင်း၊ မီးကြိုးသွယ်တန်းခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းထံ အကူအညီတောင်းသော်လည်း မရရှိသဖြင့် ကွန်ဟိန်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရကသာ ချောမွေ့လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးကို  စီမံခန့်ခွဲပေးပါရန် တင်ပြလာပါကြောင်း၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိ ဝမ်ပန်ကျေးရွာ၊ နမ့်ခမ်းကျေးရွာနှင့် သိမ်ဖျံကျေးရွာရှိ ပြည်သူများကလည်း လျှပ်စစ်သွယ်တန်းရာ လမ်းတစ်လျောက်တွင် တည်ရှိနေသောကြောင့် ကျိုင်းတောင်း ရေအားလျှပ်စစ်မီးရရှိနိုင်ရေး တင်ပြလာကြပါကြောင်း၊ ပြည်သူများတင်ပြလာသည့် အဆိုပါ စာ ၃ စောင်အား ဝန်ကြီးဌာနသို့ ပူးတွဲပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ကာလိမြို့နေ ပြည်သူ ၁၂၇၉ ဦးက တောင်းဆိုသည့်အတိုင်း ကာလိမြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲ ရုံတစ်ရုံတည်ဆောက်၍ ကာလိမြို့သို့ ကျိုင်းတောင်းလျှပ်စစ်မီးကို အစိုးရ‌ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးပါရန် အစီအစဉ် ရှိ/မရှိ၊ (ခ) ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းကို နိုင်ငံတော်နှင့် လက်ရှိအကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်ထံမှ ပြန်လည်ရုပ်သိမ်း၍ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲမှု ပေးနိုင်ခြင်းရှိ/မရှိ၊ (ဂ) ကွန်ဟိန်းမြို့နယ်မှ ကာလိ/တာကောရွာအထိ၊ ၎င်းအတွင်းရှိ ကျေးရွာ/ရပ်ကွက်များသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိနှင့်  ပြုလုပ်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးမေးခွန်း (က)နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်နှင့် တာကော်မြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဆက်သွယ်ပေးနိုင်ဖို့အတွက် ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ပြီး ကာလိမြို့အနီးပတ်ဝန်းကျင်တွင် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေခွင့်ပြုနိုင်မှု အခြေအနေအရ ပါဝင်နိုင်ခဲ့ခြင်းမရှိသည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထပ်မံထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

မေးခွန်း (ခ)နှင့် စပ်လျဉ်း၍ ကွန်ဟိန်းမြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို မူလက အသေးစားရေအားလျှပ်စစ်စက်ဖြစ်သည့် ၁၂၉ ကေဗွီအေနှင့် ၁၂၅ ကေဗွီအေ၊ မီးစက် ရေအားစက်အသေးနှုန်းနှင့် ပုဂ္ဂလိကမှ ဓာတ်အားဖြန့်ဖြူးရေး ဆောင်ရွက်ခဲ့ရာမှ ၂၈.၇.၂၀၁၄ ရက်နေ့တွင် နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိပြီး လျှပ်စစ်စွမ်အားဝန်ကြီးဌာနမှ ပြန်လည်တာဝန်ယူ၍ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခင်က မီတာအလုံး ၇၈၀ သာ တပ်ဆင်ဓာတ်အားပေးခဲ့သော်လည်း ယခုအချိန်တွင် မီတာအလုံးပေါင်း ၁၅၆၈ လုံးရှိနေပြီဖြစ်ပြီး ရေအားအသေးစားနှင့် ၅၆ လုံးကိုသာ ပုဂ္ဂလိကမှ ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ကျန်သော မီတာအလုံး ၁၅၁၂ ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆက်လက်ဖြန့်ဖြူးပေးပြီး မီတာခကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံပြီး နိုင်ငံတော်နှုန်းထားဖြင့်သာ ကောက်ခံလျက်ရှိပါကြောင်း၊ အသေးစားရေအားလျှပ်စစ်မှ ဓာတ်အားပေးထားသော ပြည်သူများကိုလည်း တစ်နိုင်ငံလုံး ဓာတ်အားနှုန်းထားအတိုင်း ၃၅ ရာခိုင်နှုန်းဖြင့် ၁၀၀ သာလျှင် ကောက်ခံလျက်ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို စည်းဝိုင်းဆန်ဆန် ဖွဲ့စည်း ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကဓာတ်အားဖြန့်ဖြူးခွင့်ကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကမှ ဆောင်ရွက်ရာတွင်လည်း ဓာတ်အားခနှုန်းထားကို နိုင်ငံတော်ကသာ လက်ရှိ ဖြန့်ဖြူးပေးနေသော နှုန်းထားအတိုင်း ကောက်ခံစေပြီး မီတာတပ်ဆင်ခြင်းများကိုလည်း ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်းသာ ဆောင်ရွက်လျက်ရှိပါကြောင်း။

မေးခွန်း (ဂ) နှင့် စပ်လျဉ်း၍ ကွန်ဟိန်းမြို့နယ်မှ ကာလိ၊ တာကော်ကျေးရွာအတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် ကာလိမြို့နှင့် တာကောမြို့တို့ကို ၃၃ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ပြီး ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက နိုင်ငံတော်မှ ခွင့်ပြုခွဲဝေရရှိသော ရန်ပုံငွေပေါ်မူတည်ပြီး ကျေးလက်ဒေသရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံငယ် ထရန်စဖော်မာများနှင့် ကျေးရွာအတွင်း ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ရန်ပုံငွေ တောင်းခံမှုအပေါ် ထည့်သွင်းတောင်းခံပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီလိုင်း ဝ.၇ မိုင်နှင့် ၂၀၀ ကေဗွီ ထရန်စဖော်မာတစ်လုံး၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့်ရေးဆွဲခဲ့သော တစ်နိုင်ငံလုံးအမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်ကို ရေးဆွဲထားပြီးဖြစ်သည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကစတင်ပြီး ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်အရ ဆောင်ရွက်ရာတွင် ဓာတ်အားမရရှိသေးသော ကျေးရွာများကို လက်ရှိဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံအတွင်းမှ နှစ်မိုင်အတွင်းရှိ ကျေးရွာများကို ပထမအုပ်စု၊ နှစ်မိုင်မှ ၁၀ မိုင်အတွင်းရှိ ကျေးရွာများကို ဒုတိယအုပ်စုနှင့် ၁၀ မိုင်အထက် အလှမ်းကွာသည့်အတွက် သီးခြား ၃၃ ကေဗွီလိုင်း၊ ဓာတ်အားခွဲရုံအသစ်များ တည်ဆောက်ပြီး ရွာများကို ဆက်လက်ဆွဲပေးရမည်ဆိုသည့် ရွာများကို တတိယအုပ်စုအနေဖြင့် လျာထားပါကြောင်း၊ ကွန်ဟိန်းမြို့နယ် နမ့်ခမ်းကျေးရွာနှင့် သိမ်ဖျံကျေးရွာများသည် နှစ်မိုင်အထက်ဝေးကွာသော ကျေးရွာများဖြစ်ပြီး နိုင်ငံတော်၏ ရန်ပုံငွေ၊ အလှူရှင်များ၏ ရန်ပုံငွေ၊ ကမ္ဘာ့ဘဏ်ချေးငွေများ ရရှိသည့်အပေါ် မူတည်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းဝါနု (ကွန်ဟိန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၄ ခုနှစ်အတွင်း ကွန်းဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ကော်မတီသုံးရပ် အစည်းအဝေးပြုလုပ်သည့်အချိန်တွင် လက်ရှိ EPC တာဝန်ခံက လက်ရှိအကျိုးတူ လုပ်ငန်းလုပ်ဆောင်နေသည့်အဖွဲ့က မီတာပေါက်မရှိဘဲ လျှပ်စစ်သွယ်တန်းခြင်း၊ တရားမဝင်မီးပေးခြင်းက အိမ်ခြေ ၁၀၀ ကျော် ရှိပါကြောင်း၊ အိမ်ခြေ ၁၀၀ ကျော်ကို မီတာပေါက် ဦးစားပေးရန် ဆွေးနွေးခဲ့သည်ကို သိ/မသိ၊ တရားမဝင် မီးပေးခြင်းများကို မည်ကဲ့သို့ အရေးယူပေးမည်နှင့် ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သော်လည်း မြို့တွင်းလမ်းသွယ်များအား ယာယီသာ သွယ်တန်းထားပေးသည်ကို တရားဝင်အခိုင်အမာဖြစ်အောင် မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး

မူလက ဒီရေအားအသေးစားဓာတ်အားပေးစက်များကို မိမိတို့ ဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို လွှဲပြောင်းပြီး တာဝန်ယူစီမံခန့်ခွဲပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဓာတ်အားရောက်ရှိသော ၂၈-၇-၂၀၁၄ ရက်နေ့မှစ၍ မူလက မီတာအလုံး ၇၈၀ သာရှိသော်လည်း ယခုအချိန်တွင် မီတာအလုံး ၁၅၆၈ လုံးထိအောင် နှစ်ဆကျော် တိုးတက်တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မီတာပေါက်မရှိသည့်အိမ်ခြေ ၁၀၀ ကျော်အတွက် မိမိတို့အနေဖြင့် မီတာပေါက်ကို အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ တရားမဝင် ဓာတ်အားသုံးစွဲမှုများတွေ့ရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးပြီး မီတာတပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကွန်ဟိန်းမြို့အတွင်းရှိ လမ်းသွယ်များကို ယာယီသွယ်တန်းထားခြင်းရှိပါက မိမိတို့အနေဖြင့် စနစ်တကျ လျှပ်စစ်သွယ်တန်းခြင်းဖြစ်စေရန် တင်ပြကာ ရန်ပုံငွေပေါ်မူတည်ပြီး ယခုနှစ် RE အပေါ် တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။