(ဈ)-မောင်တောဒေသခံပြည်သူများကို မှတ်ပုံတင်ထုတ်ပေးမည့်အချိန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ဒေသခံ ပြည်ထောင်စုဖွား  မြန်မာ-မွတ်စလင် မဲဆန္ဒရှင်များသည် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၄ (၂)အရ၊ ဥပဒေအရ နိုင်ငံသား Statutory Citizen ဖြစ်ပြီး ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပ‌ဒေ ပုဒ်မ ၆ အရ ဤဥပဒေအတည်ပြုသည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည့်အတွက် ထိုမြန်မာ-မွတ်စလင်နိုင်ငံသားမဲဆန္ဒရှင်များသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ရွေးချယ်ရေး ဥပဒေပုဒ်မ ၃ နှင့်၁၉၄၈ ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေပုဒ်မ ၆ (၁) နှင့် ၆(၂ )အရ Union Citizen Card (UCC) လက်မှတ်ကို လျှောက်ယူရန် တာဝန်မရှိချေ။ ၁၉၄၈ ခု၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ၄ (၂)တွင်အကျုံးဝင်သူများဖြစ်ပြီး Statutory Citizen ဥပဒေအရ နိုင်ငံသားဖြစ်ကြောင်းကို အောက်ပါ အမှုများတွင် တရားရုံးချုပ်မှ သုံးသပ်ဆုံးဖြတ်ခဲ့ပါတယ် -

(၁)     မြေယာမိုဟာမက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၅ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး တရားရုံးချုပ် စာမျက်နှာ ၅၁ မှာ ပါရှိပါတယ်၊

(၂)     ဟာဆန်အာလီနှင့် မြေယာအာလီတို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနအတွင်းဝန်ပါ-၂ အမှု၊ ၁၉၅၉ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး တရားလွှတ်တော်ချုပ်စာမျက်နှာ ၁၈၇၊

(၃)     ဆာရက်အလန်(ခေါ်)ဦးဆာရက်ခါအာမတ်ပါ ၂၃ (၂) အတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေး ဌာနပါနှင့် ၁၉၆၀ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံးတရားလွှတ်တော်ချုပ် စာမျက်နှာ ၂၁၅၊

(၄)     ဗိုလ်လိုပါဟာနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး တရားရုံးချုပ်၊

(၅)     စွာမေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံးတရားရုံးချုပ် စာမျက်နှာ  ၁၂၈ တရားရုံးချုပ်မှသုံးသပ်ဆုံးဖြတ်ခဲ့ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၄၈ ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံသားရွေးချယ်ရေးဥပဒေနှင့် ၁၉၄၈ ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေများကို ၁၉၈၂ ခု၊ မြန်မာနိုင်ငံသားဥပဒေအရ ရုပ်သိမ်း ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံသားဥပဒေပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခု၊ အောက်တိုဘာ ၁၅ ရက် ဥပဒေ အတည်ပြုပြဋ္ဌာန်းခဲ့သောနေ့မတိုင်မီကပင် ၁၉၄၈ ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေ ၄(၂)အရ လည်းကောင်း၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံ မြန်မာ-မွတ်စလင်များသည် ဥပဒေအရ နိုင်ငံသားများဖြစ်၍ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည့်အတွက် မြန်မာနိုင်ငံအစိုးရအဆင့်ဆင့် လက်ထက်တွင် ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရရှိကြသူများ ဖြစ်ပါသည်။ အထောက်အထား အဖြစ် တင်ပြရလျှင်  -

(၁)     ၁၉၄၈ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ခေတ်တွင် ပါလီမန်အမတ်များ၊ ဝန်ကြီး၊ အတွင်းဝန်များ၊ အဆင့်မြင့်အစိုးရအရာထမ်း၊ အမှုထမ်းများ၊

(၂)     မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်နယ်ပြည်သူ့ကောင်စီဝင်များ၊ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကောင်စီဝင်များ၊ မြို့နယ်လုပ်ငန်းစစ်ဆေးရေး အစိုးရအရာထမ်း၊ အမှုထမ်းများပါဝင်ခဲ့ပါတယ်။

(၃)     ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့ပါတယ်။

(၄)     ၂၀၁၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကိုလည်း သစ္စာရှိရှိဆောင်ရွက်သည်မှာ ယနေ့အထိ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေအခန်း (၄) အပိုဒ် ၉ အရ  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံသားများ၏  မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်းတို့မှာ ကျွန်တော်တို့ ၏တာဝန်ဖြစ်သည့််အတိုင်း ဥပဒေအရနိုင်ငံသားများက  နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိမှသာ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ ပြည်ထောင်စု၏ အခြားဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် ချစ်ခင်ရင်းနှီးစွာနွေးထွေးပြီးစစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်များ ပေါ်ပေါက်ပြီး၊ ယဉ်ကျေးမှုများ ဖလှယ်နိုင်အောင် စိတ်ဓာတ်မွေးထုတ်နိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်ချိန်တွင် နိုင်ငံတော်၏ သာယာဖွံ့ဖြိုး ရေးအတွက်လည်းကောင်း၊ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်လည်းကောင်း မရှိမဖြစ်လိုအပ်ချက် တစ်ခုအဖြစ် တွေ့မြင်နေပါ၍ မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုသည့်မေးခွန်းမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ဒေသခံပြည်ထောင်စုဖွား မြန်မာ-မွတ်စလင်မဲဆန္ဒရှင်များသည် ဘိုးဘွားအစဉ်အဆက်မှစ၍ မိမိတို့၏ပင်ရင်းတိုင်းပြည်အဖြစ် မျိုးဆက်မပြတ် ထာဝစဉ်အခြေစိုက် နေထိုင်လာရခြင်းကြောင့်   ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေများ အရလည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ၄(၂) နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ၆ အရလည်းကောင်း နိုင်ငံသားအရည်အချင်းပြည့်မီသူ ပြည်ထောင်စုဖွား မွေးရာပါဥပဒေအရ  နိုင်ငံသားများဖြစ်ကြပါသည်။ ထိုမွေးရာပါ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအား နိုင်ငံတော်အစိုးရမှ မည်သည့်အခါ ယာယီနိုင်ငံသား သက်သေခံ ကတ်ပြား(အဖြူရောင်ကတ်)များနှင့်နိုင်ငံသားစစ်ဆေးရေးကတ်ပြား(ပန်းရောင်ကတ်)များဖြင့် လဲလှယ် ထုတ်ပေးမည်ကို သိလိုပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အဖြေ

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ မေးခွန်းများကိုမဖြေဆိုမီ ပထမဦးစွာ မေးခွန်းရှင်သုံးနှုန်းသွားတဲ့ ဒေသခံ မြန်မာ-မွတ်စလင်ဆိုတဲ့ အသုံးအနှုန်းဟာ အဲဒီဒေသမှာနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်လိမ့်မယ်လို့ ယူဆပါကြောင်း ကနဦးပြောကြားလိုပါတယ်။ မေးခွန်းရဲ့ပထမအချက်မှာပါတဲ့ မေးမြန်းသူရည်ညွှန်း ဖော်ပြခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ခုနှစ်၊ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေစတာတွေဟာ မည်သည့် ပုဒ်မကို ရည်ညွှန်းတယ်လို့ အတိအကျပါရှိခြင်းမရှိသော်လည်းပဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၁(က)(ခ)(ဂ)၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၅ (က)(ခ)နဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၅(က)(ခ)တို့မှာပါတဲ့ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများနဲ့ တာဝန်ဝတ္တရားစတာတွေကို ရည်ညွှန်းထားတာဖြစ်လိမ့်မယ်လို့ ယူဆပါကြောင်း လည်းပြောကြားလိုပါတယ်။ တစ်ခါမေးခွန်းရှင်ကတိကျစွာ ရည်ညွှန်းဖော်ပြခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ၄-၂ ရဲ့အလိုအရ ပြည်ထောင်စုမှာ ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ် ဖြင့် မျိုးဆက်မပြတ် ထာဝစဉ်အခြေစိုက်နေထိုင်လာခဲ့တဲ့အပြင် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုမှာ မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားရှိပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော် ဖော်ပြခဲ့တဲ့ဥပဒေများကို ရည်ညွှန်းရာမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ တကယ်လို့ နိုင်ငံခြားလူမျိုးစစ်စစ်ဖြစ်နေမယ်။ ဒါမှမဟုတ်သွေးနှောဖြစ်နေမယ်ဆိုရင် နိုင်ငံသားအဖြစ် ခိုင်မာစွာ အတည်ပြုပေးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကျန်ရှိနေဦးမှာဖြစ်ပါတယ်။ ဥပမာတည်ဆဲဥပဒေအရ လူတစ်ဦးတစ်ယောက်ဟာ နိုင်ငံနှစ်ခုရဲ့နိုင်ငံသားအဖြစ် တစ်ပြိုင်တည်း ခံယူခွင့်မရှိတဲ့အတွက် မြန်မာနိုင်ငံသားအဖြစ်ကိုသာခံယူမည်ဆိုရင် အဲဒီ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနေနဲ့အခြားနိုင်ငံသားဖြစ်နေမှုကို တရားဝင်စွန့်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံဥပဒေ အရ အဲဒီ နိုင်ငံရဲ့နိုင်ငံသားဖြစ်မနေဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ မူရင်းလူမျိုးနဲ့ ဆိုင်တဲ့သက်ဆိုင်ရာ နိုင်ငံခြားသံရုံးမှာ အဲဒီနိုင်ငံရဲ့ နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားခြင်း မရှိကြောင်းနဲ့ အဲဒီနိုင်ငံရဲ့နိုင်ငံကူးလက်မှတ်ကို ထုတ်ယူထားခြင်းမရှိကြောင်းစတဲ့ အထောက်အထားများကို တင်ပြ ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေပုဒ်မ ၆(၁)၊၆(၂)တို့အရ နိုင်ငံသားလက်မှတ်ကို တရားဝင်‌လျှောက်ထား ကိုင်ဆောင်ထားနိုင်သူလည်း ဖြစ်ရ ပါမယ်။ အဲဒီလိုအထောက်အထားတွေပြည့်စုံစွာ ထပ်မံတင်ပြနိုင်ပါက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆ အရ ၁၅-၁၀-၁၉၈၂ မတိုင်မီ မွေးဖွားသူတွေကို နိုင်ငံသားအဖြစ် ခိုင်မာစွာ ဆက်လက် အတည်ပြုသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်စောစောက တင်ပြခဲ့သလို နိုင်ငံခြားလူမျိုး စစ်စစ် ဒါမှမဟုတ် သွေးနှောများ ဖြစ်နေရင်တော့ နိုင်ငံသားဖြစ်မှုအတွက် ဆက်ပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကျန်ရှိနေပါတယ်လို့ ပြောကြားခဲ့ရခြင်းဖြစ်ပါတယ်။ အမှန်တော့ မေးမြန်းသူတင်ပြခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေဆိုတာ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးချိန်မှာ ရုပ်သိမ်းခဲ့ပြီး ဖြစ်နေကြောင်းလည်း တင်ပြလိုပါတယ်။ ဒါ့အပြင် လက်ရှိ အတည်ပြုပြဋ္ဌာန်းထားတဲ့ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၃ မှာ နိုင်ငံသားဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုခြင်းနဲ့ ပတ်သက်လို့ဖော်ပြရာမှာ နိုင်ငံတော်မှာပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ခုနှစ်မတိုင်မီကာလကစလို့ ပင်ရင်း နိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်လို့ ကနေ့ ကျွန်တော်တို့ အတည်ပြုထားတဲ့ နိုင်ငံသားဥပဒေက ဖော်ပြထား ပါတယ်။ ဒီဥပဒေ ဖော်ပြချက်မှာပါရှိတဲ့ တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ မဟုတ်သေးဘူးဆိုရင် နိုင်ငံသားအဖြစ် ခိုင်မာစွာအတည်ပြုနိုင်အောင် ကျွန်တော် အထက်ကတင်ပြခဲ့သလို ကျန်ရှိနေ သေးသော ဆက်လက်ဆောင်ရွက်ရမယ်‌့ အထောက်အထားများကို၊ လုပ်ငန်းစဉ်များကို ဆက်ပြီးတင်ပြ ရမယ့်အပိုင်းများ ကျန်ရှိနေပါသေးကြောင်း ထပ်လောင်း အသိပေးပြောကြားလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဆက်လက်ပြီးတော့ ဒုတိယမေးမြန်းချက်ဖြစ်တဲ့ ထုတ်ပေးထားပြီးတဲ့ယာယီသက်သေခံလက်မှတ်များကို ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်များနှင့်   လဲလှယ်ပေးရမယ့်ကိစ္စနှင့် ပတ်သက်လို့ဖြေကြားရရင်  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆိုတာ လူမျိုးဘာသာအပေါ် အခြေခံဆောင်ရွက် ခြင်းမဟုတ်ဘဲ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားအရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး ပြည့်မီတယ်ဆိုရင် ထုတ်ပေးသွားရမယ်‌့ကိစ္စပဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပါ မြန်မာနိုင်ငံသား အရည်အချင်းသတ်မှတ်ချက်တွေဟာ ဒီပြည်သူ့လွှတ်တော် ခန်းမကြီးထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့စဉ်က ကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်လို့ အချိန်ကို လေးစားသော အားဖြင့်ထပ်မံရှင်းမပြတော့ပါဘူး။ တစ်ဆက်တည်းမှာပဲ နိုင်ငံသားစိစစ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စဟာ အရေးကြီးကိစ္စဖြစ်တဲ့အတွက် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၈ မှာ နိုင်ငံသားတစ်ဦးဟာ မဟုတ်မမှန်ဖော်ပြခြင်းသို့မဟုတ်ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကိုရမယ် ဆိုရင် အဲဒီနိုင်ငံသားအဖြစ်က ရုပ်သိမ်းခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ကျပ် ၅၀၀၀၀ ကိုလည်း ကျခံစေရမည်ဟု ဖော်ပြထားသလို ပုဒ်မ ၁၉ မှာနိုင်ငံသားတစ်ဦးဟာ မသမာသောနည်းလမ်း ဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိဖို့ အားပေးကူညီလျှင် ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ကျပ်၁၀၀၀၀ကိုကျခံစေရမည်ဟု ဖော်ပြထားတာကြောင့် ကာယကံရှင်တွေအနေနဲ့ နိုင်ငံသားအဖြစ် အကျုံးဝင်ကြောင်း ဘိုးဘွား၊ မိဘ တို့ရဲ့ အထောက်အထားများတိကျစွာ၊ ခိုင်မာစွာတင်ပြနိုင်မှသာ နိုင်ငံသားစိစစ်ရေးကတ်ပြားရနိုင်မှာ ဖြစ်သလို မိမိဝန်ထမ်းများဘက်ကလည်း နိုင်ငံသားဖြစ်ကြောင်း အထောက်အထားခိုင်မာစွာ တင်ပြနိုင်သူကိုသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်များ ရှိပါကြောင်းလည်း တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့် ၁၉၄၀ခုနှစ်၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေတို့ အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူတစ်ဦးဦးဟာ ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြား ဒါမှမဟုတ် ဧည့်နိုင်ငံသားလက်မှတ် ဒါမှမဟုတ် နိုင်ငံသားပြုခွင့်လက်မှတ် ဒါမှမဟုတ် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်နဲ့ ယာယီသက်သေခံလက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်ကြရမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံသားဥပဒေမှာ နိုင်ငံခြားသားဆိုတာ နိုင်ငံသားမဟုတ်သောသူ ဒါမှမဟုတ် ဧည့်နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူကို ဆိုလိုခြင်း ဖြစ်တယ် လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ တစ်ခါ နိုင်ငံသား၊ ဒါမှမဟုတ် ဧည့်နိုင်ငံသား၊ ဒါမှမဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဒါမှမဟုတ် နိုင်ငံခြားသားဖြစ်ကြောင်း အထောက်အထားပြည်စုံစွာ မတင်ပြနိုင်သူတွေ     ကိုတော့ နိုင်ငံသားသံသယအဖြစ် ယာယီသတ်မှတ်ရမှာဖြစ်ပြီး ယာယီသက်သေခံလက်မှတ်များ ထုတ်ပေးကိုင်ဆောင်ထားကြရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူတို့တွေကို ဥပဒေနဲ့အညီ ကိုင်ဆောင် သင့်တဲ့ ကျွန်တော်အထက်ကတင်ပြခဲ့တဲ့ ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ဖို့အတွက် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၄၂ ပါအတိုင်း ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလမှာ နိုင်ငံတော်အတွင်း ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်းမွေးဖွားတဲ့ သားသမီးများဟာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံတဲ့ အထောက်အထားများနဲ့ ဗဟိုအဖွဲ့ကို နိုင်ငံသားပြုခွင့်ရဖို့ လျှောက်ထားနိုင်ပါတယ်။ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေး‌ရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ နိုင်ငံသားပြုခွင့်ရဖို့ လျှောက်ထားနိုင်ကြတာ ဖြစ်ပါတယ်။၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆၅ မှာလည်း ပုဂ္ဂိုလ်တစ်ဦးဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် အဆုံး အဖြတ်ခံယူရန်အကြောင်းကိစ္စ ပေါ်ပေါက်လျှင် ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်တယ်လို့ အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၈၃ ခုနှစ်၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်း များ အပိုဒ် ၄၆ နှင့်အညီ လျှောက်ထားနိုင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။ အဲဒီလို လျှောက်ထားသူတွေအတွက်လည်း ပြည်နယ်၊ တိုင်း၊ မြို့နယ်အဆင့်တွေတိုင်းမှာ အထောက်အကူပြု စိစစ်ကြပ်မတ်ပေးဖို့နဲ့ကူညီဆောင်ရွက်ပေးဖို့ အဖွဲ့‌တွေလည်းဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်းကိုလည်း တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ နိုင်ငံသားသံသယရှိသူများ၏ လျှောက်ထားချက်တွေအပေါ်မှာ ၂၄-၁၁-၂၀၀၉ ရက်နေ့မှစပြီး ကနေ့ အထိ ဗဟိုအဖွဲ့အစည်းအဝေးရှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အင်အား ၁၀၅၀၅၁ ဦးကို နိုင်ငံသားပြုခွင့် ရသူအဖြစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တစ်ခုတည်း အတွက်သာမဟုတ်ဘဲနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သွေးနှောပြည်သူတွေအားလုံးအတွက် ရသင့်တဲ့အသိ အမှတ်ပြုလက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုတွဲများတည်ဆောက်ခြင်း၊ အချိန်ယူစိစစ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိ နေကြောင်း အသိပေးပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်ဖြည့်စွက်တင်ပြလိုတဲ့အချက်ကတော့ ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ လူဦးရေထူထပ်သည့် နိုင်ငံကြီးနှစ်ခုအကြားမှာ တည်ရှိနေတယ်ဆိုတဲ့အချက်နဲ့ အထူးသဖြင့် ရခိုင် ပြည်နယ်ဟာ လူဦးရေလွန်စွာထူထပ်များပြားတဲ့ တစ်ဖက်နိုင်ငံနဲ့နယ်နိမိတ်ခြင်း ထိစပ်နေတာကြောင့် ကျွန်တော်တို့ နိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဘင်္ဂါလီလူမျိုးများနဲ့ ရုပ်ဆင်းသွင်ပြင်၊ ဘာသာစကား၊ ဓလေ့စရိုက်၊ အယူဝါဒကစပြီး တူညီမှုရှိနေတဲ့အချက်ကို အခွင့်ကောင်းယူပြီး တစ်ဖက်နိုင်ငံနေ ဘင်္ဂါလီလူများဟာ နည်းမျိုးစုံနဲ့ တရားမဝင်ဝင်ရောက်ခြင်း၊ကူးလူးဆက်ဆံပေါင်းသင်း နေထိုင်မှုများ ကြောင့် မိမိနိုင်ငံဘက်ခြမ်းမှာ ခွဲခြားရန်ခက်ခဲတဲ့ လူဦးရေရောထွေးမှုများ အမှန်တကယ်ရှိနေပါတယ် ဆိုတဲ့ အချက်များကြောင်‌့ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ အမျိုးသားရေးလိုအပ်ချက်အရ စနစ်တကျ အချိန်ယူ စိစစ်ရတဲ့ လုပ်ငန်းများဟာလည်း အမှန်တကယ် လိုအပ်နေဆဲဖြစ်ပါတယ်လို့ ပြောကြားလို ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ နိုင်ငံသားစိစစ်ရေးလက်မှတ် လဲလှယ်ထုတ်ပေးရေး လုပ်ငန်းစဉ် များမှာ ကာယကံရှင်များဘက်က သတ်မှတ်ချက်နဲ့ညီတဲ့ အထောက်အထားများတင်ပြနိုင်ဖို့ဟာ အဓိက လိုအပ်ချက်ဖြစ်နေပါကြောင်း ပြောကြားလိုပါတယ်။ သို့ရာတွင် နယ်မြေလူထုရဲ့ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဥပဒေနဲ့အညီ သင့်တော်တဲ့တစ်ချိန်ချိန်မှာပိုမိုချောမွေ့စေတဲ့နည်းလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတွေကိုလည်း စဉ်းစားသုံးသပ်လျက်ရှိပါကြောင်း ဖြေကြားပါသည်။