(ဃ)-တောင်သူလယ်သမားများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာမြေ၊ မျိုးစေ့၊ ချေးငွေ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေးနည်းပညာစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၂.၃.၂၀၁၃)

 

လွှတ်တော်များပြီးတဲ့အခါမှာ ကျွန်တော်တို့တစ်တွေဟာ မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ တောင်သူ  လယ်သမားတွေနဲ့တွေ့ဆုံပြီးတဲ့အခါမှာ လွှတ်တော်က တောင်သူလယ်သမားများရဲ့အကျိုးဆောင်ရွက် နိုင်တဲ့ ဥပဒေတွေနဲ့ နိုင်ငံတော်အစိုးရကလည်း ဆောင်ရွက်ပေးခဲ့တဲ့အခြေအနေများကို ရှင်းပြတဲ့ အခါမှာ တောင်သူလယ်သမားများက ၎င်းတို့လိုအပ်ချက်များ တင်ပြလာကြပါတယ်။ ဒါကြောင့်မို့လို့ ဒေသအသီးသီးမှာရှိတဲ့ တောင်သူလယ်သမားများရဲ့ တင်ပြချက်များကို စုစည်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ မူလအဆိုမှာ အဆို ၆ ချက်ရှိပါတယ်။ ဒါကို ပြောင်းလဲပြင်ဆင်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်အစိုးရမှာလည်း အခက်အခဲမရှိအောင်၊ တောင်သူ လယ်သမားများလည်း အဆင်ပြေအောင်ဆိုပြီးတော့ မေးခွန်းများပြောင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်းများအနေနဲ့ ကျွန်တော်တို့ပြောင်းတဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ အကြပ်အတည်း မဖြစ်ရအောင် မေးခွန်း ၃ ခုမှာ မူဆိုတဲ့ အရာထည့်သွင်းထားပါတယ်။ ဘာလဲဆိုတော့ ရေရှည် တောင်သူလယ်သမားများရဲ့အကျိုးကို ဆောင်ရွက်နိုင်စေဖို့အတွက် ထည့်သွင်းပြီးတော့ မေးထားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို တာဝန်ရှိသူများက မရှိဘူးလို့ဖြေဆိုခဲ့လို့ရှိရင်လည်းပဲ လယ်သမားများရဲ့ နှလုံးသားမှာ ဒဏ်ရာရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မရစေရန်အတွက် နိုင်ငံတော်မှာလည်း အခက်အခဲမရှိစေရန်အတွက် မူဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းပြီးတော့မေးရခြင်း ဖြစ်ပါတယ်။ တကယ်လို့များ ကျွန်တော့်မေးခွန်း နှင့်ပတ်သက်လို့ သက်ဆိုင်ရာများက အဆင်သင့်မဖြစ်သေးဘူးဆိုလို့ရှိရင်လည်း လာမယ့်လွှတ်တော် များမှာ ဖြေဆိုပေးဖို့ တစ်ဆက်တည်းပဲ ကြိုတင်ပြီးတော့ တင်ပြအပ်ပါတယ်ခင်ဗျား။ မေးခွန်း (၁) ကတော့ တောင်သူလယ်သမားများက မိမိရဲ့ လယ်ယာမြေများ ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြို့နယ်အသီးသီး၏ စိုက်ပျိုးရေးရုံးများမှာ ဓာတ်ခွဲစမ်းသပ်ခန်းများထားရှိ ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရမှ မူတစ်ရပ်ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိဖြစ်ပါတယ်။ ဒါ ပထမ မေးခွန်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှ ယနေ့အထိ လယ်ယာမြေများကို ပြုပြင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တောင်သူလယ်သမားများက ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းမရှိ၍ ဖြစ်ပါတယ်။ ယခင်က သီးနှံတစ်မျိုးမျိုးစိုက်ပျိုးပါက သီးနှံပင်များ စိမ်းစိုပြီး အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်းခဲ့သော်လည်းပဲ ယခုအခါမှာ သီးနှံစိုက်ပျိုး၍ အပင်ဖြစ်လာကတည်းက အမြစ်အားဆေး၊ အပင်အားဆေး၊ အပွင့်အားဆေး၊ အသီးအားဆေးများကို တောင်သူလယ်သမားများက သုံးစွဲခဲ့ကြရ ပါတယ်။ ရာသီဥတုအရဖြစ်စေ၊ ဖျက်ပိုးများကြောင့်ဖြစ်စေ၊ သီးနှံအထွက်နှုန်းများ လျော့နည်းတဲ့ အခါမှာ ဆေးဖိုးကုန်ကျငွေပိုများကိုမူ ဆေးဖိုးကုန်ကျငွေများကိုပင် တောင်သူလယ်သမားများက မဆပ်နိုင်ကြတော့ဘဲ ကြွေးတင်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ မနှစ်ကဆိုရင် အဆိုးဆုံးဖြစ်ပါတယ်။ မနှစ်က တောင်သူလယ်သမားများဟာ အကြပ်ဆုံးနှစ်တစ်နှစ် ဖြစ်ပါတယ်။ တောင်သူလယ်သမား များက မိမိတို့ရဲ့ လယ်ယာမြေများကို ဓာတ်ခွဲစမ်းသပ်စေခြင်းဖြင့် သီးနှံအမျိုးအစားအလိုက် မြေများ ပြုပြင်နိုင်ပြီဆိုလျှင် ယနေ့သုံးစွဲနေကြရတဲ့ အမြစ်အားဆေး၊ အပင်အားဆေး၊ အပွင့်အားဆေးနှင့် အသီးအားဆေးများအတွက် ကုန်ကျရတဲ့ စရိတ်ငွေများသက်သာစေပြီး တောင်သူလယ်သမားများရဲ့ ထွက်ငွေလျော့နည်းစေကာ ဝင်ငွေများတိုးတက်မည်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းတဲ့သီးနှံ များ အထွက်တိုးလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တောင်သူလယ်သမားများအနေနဲ့ အဘယ်ကြောင့် ဓာတ်ခွဲစမ်းသပ်နိုင်ခြင်းမရှိသလဲဆိုတာ တင်ပြရလျှင် လယ်သမားများဟာ နည်းပညာလည်း မရှိပါ ဘူး။ ဓာတ်ခွဲစမ်းသပ်တဲ့ကိရိယာလည်း မြို့နယ်များမှာ မရှိပါဘူး။ သို့သော် ငွေကြေးချမ်းသာတဲ့ တောင်သူလယ်သမားကြီးများကတော့ ရန်ကုန်မြို့တွေမှာ သွားရောက်ပြီးတော့ ဓာတ်ခွဲစမ်းသပ်ရပါ တယ်။ ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ ဓာတ်တစ်ခုကို အပြင်မှာ ၁၀၀၀၀ ပေးရပါတယ်။ အဓိကအားဖြင့် မြေမှာ နိုက်ထရိုဂျင်ဓာတ်၊ ဖော့ထရိတ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်ဆိုတဲ့ ဓာတ် ၃ မျိုးဟာ အဓိက အချိုးညီစွာရှိဖို့ လိုပါမယ်။ အခြားဓာတ်အနည်းငယ်များကတော့ ၁၄ မျိုးရှိပါတယ်။ ဥပမာအားဖြင့် ကော့ပါး၊ မော်လတီနမ်၊ MO၊ ဆာလဖာဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ အိုင်အိုဒင်းဓာတ်နှင့် မဂ္ဂနီဆီယမ်၊ ဇင့်စတဲ့ ဓာတ်များကတော့ အနည်းငယ်လိုမှာ ဖြစ်ပါတယ်။ အားလုံးပေါင်း ပြန်ကြည့်ရင် အနည်းငယ် လိုမယ့် ဓာတ်က ၁၄ မျိုးနှင့် အဓိကလိုတဲ့ ဓာတ်က ၃ မျိုး၊ စုစုပေါင်း ၁၇ မျိုးရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြင်ပမှာ ဓာတ်ခွဲစမ်းသပ်လို့ရှိရင် ၁၀၀၀၀ ဆိုရင် ၁၇ မျိုးဆိုရင် ၁၇၀၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တောင်သူလယ်သမားများဟာ ပြင်ပမှာ မိမိလယ်ယာမြေများကို ပြုပြင် နိုင်ဖို့အတွက် ငွေကြေးဟာမရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့အဆို(၁)ဖြစ်တဲ့ တောင်သူလယ် သမားများက မိမိ၏လယ်ယာမြေများ ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြို့နယ်အသီးသီးရဲ့ စိုက်ပျိုးရေး ရုံးများမှာ ဓာတ်ခွဲစမ်းသပ်ခန်းများထားရှိဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရမှ မူတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။

မေးခွန်း (၂)ကတော့ အဓိကအားဖြင့် မတ်ပဲမျိုးစေ့များအား မျိုးကောင်း မျိုးသန့်အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီတဲ့ မျိုးစေ့များအဖြစ် သုတေသနပြုထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးအတွက် မူတစ်ရပ်ချမှတ်ပြီး ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိပဲ ဖြစ်ပါတယ်။ တောင်သူလယ်သမားများဟာ အဓိကတော့ စပါးကို စိုက်ပျိုးခဲ့ရပါတယ်။ စပါးပြီးတဲ့အခါမှာ အဓိကစိုက်ပျိုးတဲ့သီးနှံကတော့ မတ်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် မူတစ်ရပ်ချမှတ်ပြီးတော့ သုတေသနပြုထုတ်လုပ်ပေးရန်ဆိုတဲ့ အကြောင်းကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လယ်ယာစီးပွားဂျာနယ်များမှာကော၊ လွှတ်တော်မှာ ရှင်းတဲ့အခါမှာကော၊ မြေပြင် အနေအထားမှာကော ကြည်‌့တဲ့အခါမှာ သုတေသနလုပ်ငန်းကို စပါးရှိမယ်၊ အစေ့ထုတ်ပြောင်းရှိမယ်၊ ဝါရှိမယ်၊ ကြံရှိမယ်၊ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နေကြာနှင့်ပဲတီစိမ်းများကို သုတေသနပြုထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း တွေ့ရှိရသော်လည်းပဲ မတ်ပဲမျိုးစေ့နှင့်ပတ်သက်လို့ သုတေသနပြုထုတ်လုပ် ဖြန့်ဖြူးမယ့်အစီအစဉ် မတွေ့ရတဲ့အတွက် နိုင်ငံတော် သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပူးပေါင်း ပြီးတော့ မတ်ပဲမျိုးကောင်းမျိုးသန့်များကို ဒေသနှင့်ညီတဲ့ မျိုးစေ့များအဖြစ် သုတေသနပြုပြီးတော့ ဖြန့်ဖြူးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်သူလယ်သမားများအနေနဲ့ မျိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံ မတ်ပဲသီးနှံကိုသာ အဓိကထားစိုက်ပျိုးကြရပါတယ်။ ထွက်ရှိလာတဲ့စပါးများ၊ သီးနှံများကို နောင်နှစ်အတွက် မျိုးထားခြင်း၊ ဝမ်းစာသိုလှောင်ခြင်း၊ ပိုလျှံက ရောင်းချပြီး ကြွေးများဆပ်ခြင်းများ ဆောင်ရွက်ကြရပါတယ်။ ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲများထွက်ရှိလာမှသာလျှင် ရရှိတဲ့ငွေနဲ့ မိသားစုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများအား ဖြည့်ဆည်းရတဲ့ အဓိကထားရတဲ့ သီးနှံဖြစ်ပါတယ်။ ကမ္ဘာမှာ ပဲမျိုးစုံတင်ပို့တဲ့နိုင်ငံများမှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာကရရှိ နေကြောင်း လေ့လာတွေ့ရှိရပါတယ်။ အဓိကကတော့ မတ်ပဲသီးနှံမှာ အဓိကဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ ဒါကြောင့် မေးခွန်းဖြစ်တဲ့ မတ်ပဲမျိုးစေ့များအား မျိုးကောင်းမျိုးသန့်အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီတဲ့ မျိုးစေ့များအဖြစ် သုတေသနပြုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် မူတစ်ရပ် ချမှတ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့ ဒုတိယမေးခွန်း ဖြစ်ပါတယ်။

လယ်ယာမြေဥပဒေနှင့်အညီ ဘဏ်များမှ စိုက်ပျိုး ထုတ်လုပ်မှု ချေးငွေများ၊ လုံလောက်စွာထုတ်ချေးပေးရန် အစီအစဉ်ရှိ၊ မရှိပဲ ဖြစ်ပါတယ်။ တောင်သူလယ်သမားများ လယ်ယာမြေပြုပြင်နိုင်ရေးနှင့် စိုက်ပျိုးစရိတ်များ၊ စက်ကိရိယာ များ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂(င)အရ  နိုင်ငံတော်ဘဏ်  သို့မဟုတ် ပုဂ္ဂလိကဘဏ်များမှ လယ်ယာမြေလုပ်ပိုင်ခွင့်အား အပေါင်ထား၍ ချေးငွေခွင့်ပြုရန် ရှိကြောင်းဥပဒေမှာ ဒီအတိုင်းပဲ ကျွန်တော် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြလိုတာက လက်ရှိတောင်သူလယ်သမားများရဲ့ ချေးငွေကို ထုတ်ပေးနေတာက လယ်ယာစိုက်ပျိုး ရေးဖွံ့ဖြိုးရေးဘဏ်များ ဖြစ်ပါတယ်။ နောက်တစ်ခု မြို့နယ်အသီးသီးမှာရှိတာက မြန်မာ့စီးပွားရေး ဘဏ်ဖြစ်ပါတယ်။ ဒီနေရာမှာ လယ်ယာစိုက်ပျိုးရေးဘဏ်က အခုနိုင်ငံတော်အစိုးရက တောင်သူ လယ်သမားများအတွက် အလေးထားပြီး အဆင်ပြေစေရန်အတွက် စိုက်ပျိုးစရိတ်များကို တစ်သိန်း အထိချေးပြီး ယာသမားများကို တစ်ဧက ၂၀၀၀၀ အထိချေးပေးတယ်ဆိုတာလည်း တောင်သူ လယ်သမားများအတွက် ဝမ်းသာကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်ဆိုလိုတာက လယ်ယာမြေ ဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ကျွန်တော်တို့က ဘဏ်များမှာ အပေါင်ထားပြီးတော့ ချေးခြင်းလုပ်ငန်းသက်သက်ဖြစ်ပါတယ်။ ဒီနေရာမှာ တင်ပြလိုတာက လက်ရှိညောင်တုန်းမြို့နယ် မှာဆိုရင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုပဲ ရှိပါတယ်။ နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတဲ့ အခြားဘဏ်များဖွင့်လှစ်ပေးမှသာလျှင် လယ်ယာမြေဥပဒေအရ လုပ်ပိုင်ခွင့်ကို အပေါင်ထားပြီးတော့ ချေးတဲ့လုပ်ငန်းဟာ အချိန်မီဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ မေးခွန်း(၄)ကတော့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အာမခံတဲ့ ပိုးသတ်ဆေးဥပဒေအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လက်ရှိတည်ဆဲ ပိုးသတ်ဆေးဥပဒေနှင့် နည်းဥပဒေများဟာ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများအတွက် အကာအကွယ် သို့မဟုတ် အာမခံချက် မရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ယနေ့အခြေအနေမှာ တောင်သူလယ်သမားများအနေနဲ့ ပိုးသတ်ဆေးအမျိုးမျိုးအား ဝယ်ယူသုံးစွဲခဲ့ကြရသော်လည်းပဲ ဆေးညွှန်းပါ အရည်အသွေးမမီတဲ့ အတွက် ပိုးများသေဆုံးမှုမရှိဘဲ သီးနှံများပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ဆေးဖိုးများပင် အကြွေးတင် လျက်ရှိပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးများသည် အညွှန်းပါအတိုင်း အရည်အသွေးအာနိသင်မမီပါ က ဆုံးရှုံးသွားသော သီးနှံဖိုးနှင့် ဆေးဖိုးများအား ဆေးရောင်းသူ သို့မဟုတ် ဆေးကိုယ်စားလှယ်  သို့မဟုတ် ဆေးထုတ်လုပ်သည့် ကုမ္ပဏီများမှ ပေးလျော်ရမည်ဆိုသည့် အာမခံချက်အား ပိုးသတ်ဆေး ဥပဒေတွင်ပါရှိသင့်ပါကြောင်း တင်ပြလိုပါတယ်။ တည်ဆဲပိုးသတ်ဆေးဥပဒေနှင့် နည်းဥပဒေများဟာ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုအတွက် အာမခံချက်မပါရှိတဲ့အတွက် တည်ဆဲ ပိုးသတ်ဆေးဥပဒေအား ပြင်ဆင် သို့မဟုတ် ဖြည့်စွက် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရခြင်း ဖြစ်ပါတယ်။ တစ်ဆက်တည်းတင်ပြလိုတာက သက်ဆိုင်ရာဝန်ကြီးဌာန များက မပြင်ဆင်နိုင်သေးဘူးဆိုရင်လည်းပဲ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီများက ဒီပိုးသတ်ဆေးဥပဒေကို ပြန်လည်သုံးသပ်ပေးပါရန် တင်ပြအပ်ပါတယ်။

 (၅)မေးခွန်းကတော့ ဒေသအသီးသီးရှိ တောင်သူလယ် သမားများရဲ့ ဘွဲ့ရပညာတတ်သားသမီးများအား စိုက်ပျိုးရေးနည်းပညာများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးပြီး ဒေသအသီးသီးမှာ ပြန်လည်တာဝန်ပေးအပ်စေရန်အတွက် မူတစ်ရပ် ချမှတ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အစိုးရ အနေနဲ့ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်းကျင်များမှာ စိုက်ပျိုးရေးနည်းပညာများဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း တွေ့မြင်နေရပါတယ်။ မြို့နယ်များမှာလည်း စိုက်ပျိုးရေးပညာပေး စခန်းများထားရှိဆောင်ရွက်သည်မှာ နှစ်ပေါင်းဆယ်လီအကြိမ်ကြိမ်ရှိနေပြီ ဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများမှာ ဒေသအသီးသီးမှာ ပျံ့နှံမှုမရှိသေးပါဘူး။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးနည်းပညာများကို သင်ကြားပေးရန်မှာ စိုက်ပျိုးရေးတက္ကသိုလ်နှင့် ဒီပလိုမာသင်တန်းများ ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နည်းပညာထွန်းကားတဲ့ ပြင်ပနိုင်ငံများသို့လည်း ဝန်ထမ်းများကို ပညာသင်များစေလွှတ်သည်ကို တွေ့ရှိရပါတယ်။ သို့သော်လည်းပဲ နှစ်ပေါင်းဆယ်လီ အကြိမ်ကြိမ်ရှိပြီး ဖြစ်သော်လည်းပဲ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ ဒေသအသီးသီးရှိ တောင်သူလယ်သမားများရဲ့ လယ်ယာမြေများတွင် စိုက်ပျိုးနိုင်မှုယခုတိုင် မရှိသေးပါ။ ဒါကြောင့် ဒေသအသီးသီးတွင် စိုက်ပျိုးရေး နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန်အတွက် တောင်သူလယ်သမားများရဲ့ သားသမီးဘွဲ့ရ ပညာတတ်များ အား စိုက်ပျိုးရေးနည်းပညာများအား စာတွေ့၊ လက်တွေ့သင်ကြားလေ့ကျင့်စေပြီး မိမိတို့ဒေသ အသီးသီးမှာ ပြန်လည်တာဝန်ပေးအပ်စေရန်အတွက် မူတစ်ရပ်ချမှတ်ပေးပြီးတော့ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးစေလိုပါတယ်။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြလိုတာက လွှတ်တော်ကိုယ်စားလှယ်အသီးသီးက တောင်သူ လယ်သမားများနှင့်တွေ့ပြီးတော့ လွှတ်တော်အတွေ့အကြုံများ ဆွေးနွေးဖိတ်ကြားတဲ့အခါမှာ ကျွန်တော်တို့နှင့်အတူ စိုက်ပျိုးရေးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးမှ တာဝန်ရှိသူများလည်းပဲ ရှိပါ တယ်။ ရှိသော်လည်းပဲ ပါတဲ့အခါမှာ၊ ဆွေးနွေးပြီးတဲ့အခါမှာ တောင်သူလယ်သမားများက နားထောင် ပြီးတော့ အကြံပြုသော်လည်းပဲ စိုက်ပျိုးရေးဌာနက ပညာရှင်များ စိုက်ပျိုးရေးကဏ္ဍ ဆှေးနွေးတဲ့ အခါမှာထပြီးတော့ ပြန်သွားတာတွေ့ရပါတယ်။ ပြန်ကြည်‌့ရင် ကျွန်တော်တို့သက်တမ်းအရ ကျေးလက် မှာ ဘွဲ့ရပညာတတ်နည်းပါတယ်။ ယခုအခါမှာတော့ တောင်သူလယ်သမားသားသမီးများ  ဘွဲ့ရ ပညာတတ်များဟာ လွန်စွာမှရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာစိုက်ပျိုးရေးကို သိပံ်ပနည်းကျ နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်မယ်ဆိုပါက တောင်သူလယ်သမားသားသမီးများ ဘွဲ့ရများကို လေ့ကျင့်သင်ကြားပေးပြီးတော့ ဆောင်ရွက်မယ်ဆိုမှသာလျှင် စိုက်ပျိုးရေးကို သိပ္ပံနည်းကျဖြင့် ဒေသ အသီးသီးအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမေးခွန်းကို မေးရခြင်း ဖြစ်ပါတယ်။ နောက်ဆုံး မေးခွန်းကတော့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများကို တန်ဖိုးသင့်တင့်မျှတတဲ့ တန်ဖိုးရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာ‌မြေများ ဓာတ်ခွဲစမ်းသပ်နိုင်ရေး ဆောင်ရွက်ပေးရန်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းလင်း‌ဖြေကြားပါမယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနတွင် စိုက်ပျိုး‌မြေများ၏ ‌မြေဆီလွှာအဟာရဓာတ် ပါဝင်မှုနှင့် ‌မြေချဉ်ငန်ကိန်းများကို သိရှိနိုင်ရန် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများအတွက် မြေဆီလွှာဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင်လည်းကောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများအတွက် မြေဆီလွှာဓာတ်ခွဲခန်းကို မန္တလေးမြို့တွင်လည်းကောင်း တည်ထောင်၍ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းအပ်နှံမယ့် မြေဆီလွှာနမူနာများ၊ ရေနမူနာများနှင့် မြေသြဇာနမူနာများကို ဓာတ်ခွဲစစ်ဆေးခနှုန်းထား သတ်မှတ်လျက် ဓာတ်ခွဲစစ်ဆေး ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ နှုန်းထားယူရခြင်း အကြောင်းအရင်းကတော့ နိုင်ငံတော် ၏ခွင့်ပြုချက်ရန်ပုံငွေဖြင့် ဓာတ်ခွဲခန်းများမှာလိုအပ်တဲ့ဓာတုပစ္စည်းများကို ပြည်ပမှ ဝယ်ယူတင်သွင်း ပြီး စစ်ဆေးပေးရခြင်းဖြစ်တဲ့အတွက်ကြောင့် အခကြေးငွေယူခြင်းဖြစ်ပါတယ်။ ထို့အပြင် တောင်သူ လယ်သမားများ ကိုယ်တိုင်မိမိတို့၏ စိုက်ပျိုးမြေများအား မြေဆီလွှာချဉ်ငန်ဓာတ်အနည်းအများ ကိုစစ်ဆေးသိရှိနိုင်ရန် မြေဆီလွှာဓာတ်ခွဲသေတ္တာငယ် (Soil Test Kit) များကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ပါတယ်။ လယ်ယာမြေဓာတ်ခွဲစမ်းသပ်နိုင်ရေးနှင့်ပတ်သက်၍ မြေဆီလွှာ ဓာတ်ခွဲသေတ္တာငယ်များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ဆက်သွယ်ဝယ်ယူပြီး တောင်သူလယ်သမားများ ကိုယ်တိုင်မြေဆီလွှာချဉ်ငန် ဓာတ်အနည်းအများကို စမ်းသပ်သိရှိနိုင်ပါကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ မြေဆီလွှာဓာတ်ခွဲခန်းများတွင် မြေ၊ ရေ၊ မြေသြဇာနမူနာ များ၏အာဟာရဓာတ်ပါဝင်မှုနှင့် သုံးစွဲရန်သင့်၊ မသင့်အခြေအနေတို့ကို ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ဒုတိယအချက်အဖြစ် မျိုးကောင်း၊ မျိုးသန့်၊ အထွက်နှုန်းကောင်းပြီး ဒေသနဲ့ကိုက်ညီသည့် မျိုးစေ့များအဖြစ် သုတေသနပြုထုတ်လုပ်ဖြန့်ဖြူးပေးရန်ဆိုတဲ့အချက်နှင်‌့ပတ်သက်ပြီးတော့ ကျွန်တော် ရှင်းလင်းဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ နိုင်ငံတော်၏အမျိုးသားတာဝန်ဖြစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ် ၈ ရပ်တွင်ပါဝင်သည့် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို တောင်သူလယ်သမားများ၏အကျိုးငှာ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးမှ ဝင်ငွေနှစ်ဆမြင့်မားရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး တာဝန်ကြီး ၃ ရပ်ကို သတ်မှတ်ဆောင်ရွက်လျက် ရှိရာမှာ မျိုးကောင်း၊ မျိုးသန့်များအသုံးပြုစိုက်ပျိုးရေးကို တာဝန်တစ်ရပ်အဖြစ်အလေးထားသတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီးနှံအမျိုးအစားအလိုက် ဒေသနဲ့ကိုက်ညီဖြစ်ထွန်းအောင်မြင်သော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ကြစေရန် သုတေသနပြုစမ်းသပ်စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များအသုံးပြု၍ သိပ္ပံနည်းကျစိုက်ပျိုးစနစ် များဖြင့် သီးနှံစံပြစိုက်ခင်းများစိုက်ပျိုးပြသခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များပွားများထုတ်လုပ်ခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်၏အဓိကစားသုံးသီးနှံဖြစ်သော ဆန်စပါးအပါအဝင် အဓိကသီးနှံများဖြစ်တဲ့ ပဲမျိုးစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် မျိုးကောင်း၊ မျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါ တယ်။ ဆန်စပါးသီးနှံများအား တောင်သူလယ်သမားများဝင်ငွေတွက်ချေကိုက်ပြီး နိုင်ငံခြားဈေးကွက် ဝင်သည့် စပ်မျိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်း၊  မျိုးသန့်မျိုးစေ့များထုတ်လုပ်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ တင်း ၁၀၀ ထွက်ရှိသော စပ်မျိုးအစေ့ထုတ်ပြောင်းများ ကိုလည်း ပွားများထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံတွင် မြေပဲသီးနှံကိုတစ်ဧက တင်း ၁၀၀ ထွက်ရှိသည့်မြေပဲမျိုးများ၊ တစ်ဧကတင်း ၅၀ ကျော်ထွက်ရှိသည့်စပ်မျိုးနေကြာများကို မျိုးသန့် မျိုးပွားခြံများထူထောင်၍ တောင်သူများလက်ဝယ်အရောက် မျိုးဖြန့်ဖြူးရေးဆောင်ရွက် လျက်ရှိပါတယ်။ သီးနှံအမယ်အလိုက် ဈေးကွက်ရရှိနိုင်ရေးအတွက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးမြင့် အထွက်နှုန်းကောင်းမွန်ရန်လိုအပ်မည်ဖြစ်သည့်အတွက် တောင်သူလယ်သမားများ အပိုင်းမှလည်း မျိုးသန့်မျိုးပွားစိုက်ကွင်းများပေါ်ပေါက်လာရေးတွင် ပါဝင်ဆောင်ရွက်ကြရန်ကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးတွက်ချေကိုက်သည့်မျိုးများကို မျိုးသန့်မျိုးပွား ထုတ်လုပ်ရာတွင် ဒေသအလိုက်ပျံ့နှံအောင်ဆောင်ရွက်မှသာလျှင် နိုင်ငံတကာဈေးကွက်တွင် မိမိတို့၏ လယ်ယာထွက်ကုန်များဈေးကောင်းရရှိနိုင်မည်ဖြစ်၍ စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည့် သီးနှံ အမယ်အလိုက် ဒေသနဲ့ကိုက်ညီဖြစ်ထွန်းသည့် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း မျိုးသန့် များကျယ်ပြန့်စွာစိုက်ပျိုးနိုင်ရေးအတွက် သုတေသနပြုစမ်းသပ်စိုက်ပျိုးခြင်းများ၊ မျိုးသန့်ပွားများ စိုက်ထုတ်လုပ်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဓိကတာဝန်တစ်ရပ် အဖြစ်အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများမှာပါ ပူးပေါင်းပါဝင် ဆောင်ရွက်လာရေးကိုလည်း အားပေးတိုက်တွန်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။