(ဇ)-ထီးချိုင့်မြို့နယ်၊ ရေဝ ကျေးရွာအုပ်စု၊ ဆင် ကျွန်းကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ အဆောက်အဦအားအသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၂.၂၀၁၄)

ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာအုပ်စုကို ရေဝကျေးရွာ၊ ဆင်ကျွန်းကျေးရွာ၊ မော်လုံ ကုန်းကျေးရွာ၊ သောင်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ သော်ကကျေးရွာ စုစုပေါင်း ကျေးရွာ(၆)ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ရေဝကျေးရွာအုပ်စုတွင် လက်ရှိလူဦးရေ ၃၇၀၀ ဦး နေထိုင်လျက်ရှိပြီး ဒေသခံမိဘပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါကြောင်း၊ ရေဝအုပ်စုရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေး ဌာနခွဲ ကိုဆင်ကျွန်းကျေးရွာကို ၁၉၈၀ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ် ခဲ့ပြီး ဆောင်ရွက် ခဲ့ပါကြောင်း၊ မြေနေရာအကျယ်အဝန်း ၉၀ ပေ ၆၀ ရှိပြီး လက်ရှိ အဆောက်အဦ၏ အခြေအနေမှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သည့်အတွက် ခိုင်ခံမှု မရှိကြောင်းတွေ့ရှိရသည်။ အဆောက်အဦ၏ အခြေအနေမှာ ဓါတ်ပုံမှတ်တမ်းနှင့်အတူ တင်ပြထားပြီးဖြစ်ပါကြောင်း၊ မိဘပြည်သူများသည် ကျေးလက်ကျန်းမာရေး အဆောက်အဦကိုကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် အသစ်ပြန်လည်ဆောက်လုပ်ပေးရန် တင်ပြခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်ကျေးရွာ အုပ်စု ဆင်ကျွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်အား ၂၀၁၄-၁၅ ဘဏ္ဍ‌ာရေးနှစ် သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍ‌ာရေးနှစ်များတွင် ခွင့်ပြုဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းအောင်
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦအသစ်ကို ၁၉၈၀ ခုနှစ်တွင် ကျေးရွာမိဘပြည်သူများ ကိုယ့်အားကိုယ်ကိုးဖြင့် ဆောက်လုပ်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် နေကြောင်းနှင့် ခိုင်ခံ့မှုမရှိကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရမှ တင်ပြမည့် ဒေသန္တရစီမံကိန်းနှင့် မိမိကျန်းမာရေးဝန်ကြီးဌာန၏ ကဏ္ဍ အလိုက် စီမံကိန်းများကိုညှိနှိုင်းပြီး စီမံကိန်းကော်မရှင်သို့ တင်ပြခြင်းနှင့် ဘဏ္ဍာရေးကော်မရှင်သို့ တင်သွင်းညှိနှိုင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။