အရာတော်မြို့နယ်မှာ နိုင်ငံတော်က စိုက်ပျိုးရေရရှိရေးအတွက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း သုံးခုဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ သုံးခုဆောင်ရွက်တဲ့နေရာမှာ မြစ်ရေတင်(၂)နှင့်(၃)ကိုတော့ ကျွန်တော်တို့ ဆောင်ရွက်တာ လျှပ်စစ်သွယ်တန်းဖို့ပဲ ကျန်ပါတော့တယ်။ မြစ်ရေတင်စီမံကိန်း(၁)ကိုတော့ ယခုအချိန်အထိ ဆောင်ရွက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ အရာတော် မြစ်ရေတင် (၁)စီမံကိန်းကို တည်ဆောက်ဖို့ အစီအစဉ်ရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ မြစ်ရေတင်(၂)နှင့် (၃)စီမံကိန်းကို မည်သည့်အချိန်မှာပြီးစီးဖို့ လျာထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ရဲ့ မေးမြန်းထားချက်ဖြစ်တဲ့ အရာတော်မြစ်ရေတင်စီမံကိန်းများနဲ့ ပတ်သက်ပြီး အရာတော် မြစ်ရေတင်စီမံကိန်း(၁)ကို တည်ဆောက်ဖို့ အစီအစဉ်ရှိပါသလား။ တည်ဆောက်မည်ဆိုလျှင်လုပ်ငန်းကို ဘယ်တော့စတင်ဆောင်ရွက်နိုင်မည်လဲ။ အရာတော်မြစ်ရေတင် စီမံကိန်း(၂)နှင့်(၃) လျှပ်စစ်သွယ်တန်းရေး၊ တပ်ဆင်ရေးလုပ်ငန်းကို ဘယ်တော့စတင်လုပ်ဆောင်ပါမည်လဲ။ စီမံကိန်းကို မည်သည့်ကာလမှာပြီးစီးဖို့ လျာထားပါသနည်းဆိုသည့် သိရှိလိုသည့် မေးမြန်းချက်အပေါ်မှာ ဖြေကြားသွားမှာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်၊ ဧပြီလမှာ အရာတော်မြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် မူးမြစ်မှ ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန် အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာအနီးမှာ အရာတော်(၁)စီမံကိန်း၊ မကျီးစောက် ကျေးရွာအနီးမှာ အရာတော်(၂) စီမံကိန်းနှင့် သလဲဘာကျေးရွာအနီးမှာ အရာတော်(၃) စီမံကိန်းများ သတ်မှတ်ပြီး ကနဦးကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့မှုရှိပါတယ်။ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များအရ မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ရန် ရေရရှိမှု၊ သေချာမှု၊ မြစ်ကမ်းပါးခိုင်မာမှုနှင့် ဒေသ၏ စိုက်ပျိုးမြေအသွင်အပြင်များအား ပညာရှင်များမှ လေ့လာသုံးသပ်စီမံဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်း (၃)ခုအနက် အဖြစ်နိုင်ဆုံး အခြေအနေပေးသည့် မကျီးစောက်ကျေးရွာအနီးရှိ အရာတော်(၂) မြစ်ရေတင်စီမံကိန်းအား စိုက်ပျိုးမြေ ဧက ၂၀၀၀၀ ပေးဝေရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ သလဲဘာကျေးရွာအနီးမှာရှိတဲ့ အရာတော်(၃)စီမံကိန်းကို စိုက်ပျိုးမြေဧက ၄၀၀၀၀ခန့် အကျိုးပြုနိုင်ရန် လျာထားပြီး အသေးစိတ်ကွင်းဆင်း တိုင်းတာခြင်းများ ဆောင်ရွက်နိုင်ခဲ့မှုရှိပါတယ်။ ဒီဇိုင်းနှင့် ခန့်မှန်းခြေများရေးဆွဲပြီးတော့ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ထံ တင်ပြခဲ့ပြီး နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအစည်းအဝေးအမှတ်စဉ် (၁/၂၀၀၃)မှ အတည်ပြုပေးခဲ့မှုရှိပါတယ်။ အရာတော်(၂)စီမံကိန်းကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊ အရာတော်(၃)စီမံကိန်းအား ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာလည်းကောင်း စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါတယ်။ ဘောင်းကျကျေးရွာ အနီး အရာတော်(၁)စီမံကိန်းမှာ မူလကပင်လျှင် နိုင်ငံတော်၏ ဦးစားပေးအဆင့်သတ်မှတ်ထားရှိ နိုင်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်ရန်ပုံငွေနှင့် လျှပ်စစ်ဓာတ်အား ခွဲဝေရရှိမှု လုပ်ငန်းဦးစားပေး အစီအစဉ်တွေမှာလည်း ပါရှိခဲ့ခြင်းမရှိတဲ့အတွက်ကြောင့် ယနေ့အထိ နိုင်ငံတော် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့သို့ တင်ပြတောင်းခံထားခြင်း မရှိသေးပါကြောင်း မှတ်တမ်းများအရ တွေ့ရှိရချက်အပေါ်မှာ ဖြေကြားအပ်ပါတယ်။ အရာတော်မြစ်ရေတင်စီမံကိန်း(၂)နှင့် (၃)လျှပ်စစ် သွယ်တန်းတပ်ဆင်ရေးနှင့်ပတ်သက်ပြီး ဆက်လက်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အရာတော်(၂) စီမံကိန်းကို ၂၀၀၂-၂၀၀၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂၀ အမ်ဗွီအေ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို စစ်ကိုင်းမြို့၊ ကံတလူကျေးရွာအနီး အုန်းတော ဓာတ်အားခွဲရုံနေရာတွင် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀အမ်ဗွီအေ ခွဲရုံတစ်ရုံ တည်ဆောက်ပြီး အရာတော်(၂)၊အရာတော်(၃)၊ ဆင်တပ်၊ ပျော့ရွာနှင့် တပ်ရွာစီမံကိန်းများသို့ ဓာတ်အားရယူသုံးစွဲရန် စီမံ ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။အုန်းတောပင်မခွဲရုံ ၂၃၀/၆၆/၁၁ ကေဗွီအေ၊ ၁၀၀ အမ်ဗွီအေခွဲရုံ ကို ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ ၂၀၁၀ -၂၀၁၁ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီး ရန်ပုံငွေအမေရိကန်ဒေါ်လာ ၅.၁ သန်း လျာထားတင်ပြချက်အပေါ်မှာ နိုင်ငံတော်အနေဖြင့် ဦးစားပေး လုပ်ငန်းများရှိနေသည့်အတွက်ကြောင့် အမေရိကန်ဒေါ်လာ ၂.၁၃ သန်းသာ ခွင့်ပြုပေးနိုင်ခဲ့မှုရှိပါမယ်။ သို့ဖြစ်သည့်အတွက်ကြောင့် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၂.၉၇ သန်း ထပ်မံလိုအပ်ချက်ကို တင်ပြ တောင်းခံပြီး ခွဲရုံကို တည်ဆောက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ လိုအပ်ရန်ပုံငွေခွင့်ပြုပေးနိုင်မှုရှိပါက ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ အရာတော်(၃)စီမံကိန်း လျှပ်စစ်သွယ်တန်းခြင်းနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်း တင်ပြသွားပါမယ်။ အရာတော်(၃)စီမံကိန်းကို ၂၀၀၃-၂၀၀၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၅ အမ်ဗွီအေဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို စစ်ကိုင်းမြို့၊ ကံတလူကျေးရွာအနီး အုန်းတောဓာတ်အားခွဲရုံနေရာမှာ ၂၃၀/၆၆/၁၁ ကေဗွီအေ၁၀၀ အမ်ဗွီအေခွဲရုံတစ်ခု တည်ဆောက်ပြီး အရာတော်(၂)၊ အရာတော်(၃)၊ ဆင်တပ်၊ ပျော့ရွာနှင့် တပ်ရွာ စီမံကိန်းများသို့ ရယူသုံးစွဲရန် စီမံဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်မှ ရန်ပုံငွေခွင့်ပြုပေးပါက အရာတော်(၂)စီမံကိန်းနှင့် တစ်ဆက်တည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများအား ရွေးချယ်သတ်မှတ်ပြီး နိုင်ငံခြားငွေအပါအဝင် ရန်ပုံငွေလိုအပ်ချက်များအား ခွင့်ပြုပေးနိုင်မှုအပေါ်မူတည်၍ အကောင်အထည်ဖော်ရသည့် စီမံကိန်းလုပ်ငန်းများဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ဦးစားပေးအဆင့် အစီအစဉ်များအရ အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း သိရှိနားလည်ပေးနိုင်ပါရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံနှင့်အဝန်း လိုအပ်ချက်များအပေါ်တွင် နိုင်ငံတော်၏ဦးစားပေး ခွင့်ပြုပေးနိုင်မှု အခြေအနေပေါ်တွင်မူတည်ပြီး စောနိုင်သမျှအစောဆုံး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
