(ည)-မင်းလှမြို့နယ် စစ်ကွင်း(မြို့) ကျေးရွာအုပ်စုတွင် ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် ကတိကဝတ် ပြုထားသည့်အတိုင်း မည်သည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို လည်းကောင်း၊ ဓာတ်အားခွဲရုံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောက်လုပ်ပေးသွားမည်ကို သိရှိလိုပါသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စစ်ကွင်း(မြို့) ကျေးရွာအုပ်စုတွင် ဓာတ်အားခွဲရုံတည်ဆောက်ပေးရေး အတွက် မင်းလှမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး၏ ကြယ်ပွင့်မပြသောမေးခွန်းကို တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စာဖြင့်ဖြေကြားခဲ့ပါ သည်။ သို့ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံခြင်း မတွေ့ရှိရ ဘဲ ဆောင်ရွက်ပေးခြင်းလည်းမရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ကတိကဝတ်ပြုထားသည့် အတိုင်း မည်သည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကိုလည်းကောင်း၊ ဖော်ပြပါ စစ်ကွင်း(မြို့) ကျေးရွာအုပ်စု ဓာတ်အားခဲှရုံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ဆောက်လုပ်ပေးသွားမည် ကိုလည်းကောင်း သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။
မင်းလှမြို့နယ် ၃၃/၁၁ ကေဗွီ၊ ၃ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းဖြင့် မင်းလှမြို့၊ မိုးညိုမြို့နှင့် စစ်ကွင်းမြို့များသို့ ဓာတ်အားပေးလျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မင်းလှ ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ မင်းလှမြို့နယ်အတွက် သီးခြား ၁၁ ကေဗွီ ဓာတ်အားလိုင်း တစ်မိုင်အသစ် တည်ဆောက်လျက်ရှိရာလုပ်ငန်း၏ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ ၎င်းလုပ်ငန်းပြီးစီးပါက မင်းလှမြို့ကို သီးခြားလိုင်းဖြင့် ဓာတ်အားပေးသွားမှာဖြစ်လို့ လက်ရှိ မင်းလှ၊ မိုးညိုနှင့် စစ်ကွင်းမြို့ ၃ မြို့ကို ဓာတ်အားပေးနေသော ၁၁ ကေဗွီဖီဒါမှ မိုးညိုမြို့နယ်နှင့် စစ်ကွင်းမြို့နယ်များကိုသာ သီးခြား ဓာတ်အားပေးသွားမှာဖြစ်တဲ့အတွက် ဗို့အားပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ မင်းလှမြို့နယ်မှာ လက်ရှိတည်ဆောက်နေတဲ့ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်မှလည်း မကြာမီဓာတ်အားလွှတ်နိုင်မှာ ဖြစ်ပါတယ်။ မင်းလှ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံမှ အနီးကပ်ဓာတ်အား ပေးနိုင်ခြင်း၊ ၁၁ ကေဗွီဖီဒါ သီးခြားခွဲထုတ်ပေးနိုင်ခြင်းနှင့် စစ်ကွင်းမြို့ဟာ ၁၁ ကေဗွီဓာတ်အားလိုင်း ဖြင့် ဓာတ်အားပေးနိုင်တဲ့ အကွာအဝေးတွင် ရောက်ရှိသွားခြင်းကြောင့် စစ်ကွင်းမြို့တွင် ၃၃/၁၁ ကေဗွီ ခွဲရုံကို လောလောဆယ်တည်ဆောက်ရန် မလိုအပ်တော့ပါကြောင်းနှင့် မင်းလှ-စစ်ကွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းကြံ့ခိုင်မှုအတွက် ဓာတ်အားလိုင်းကြိုးအသေးမှ ဓာတ်အားလိုင်းကြိုးအကြီးသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောင်တွင် စစ်ကွင်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှာ ဓာတ်အားသုံးစွဲသူ တိုးတက်များပြားလာပြီး လက်ရှိဓာတ်အားပေးထားတဲ့ ၁၁ ကေဗွီဓာတ်အားလိုင်းမှာ ဓာတ်အားပေးရန် မသင့်လျော်သည့် အချိန် ကျမှသာလျှင် စစ်ကွင်းမြို့ကို ၁၁ ကေဗွီ ဓာတ်အားခွဲရုံအသစ်တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း ဖြေကြားပါသည်။
