ဤမဟာဓာတ်အားလိုင်းဟာ သံဖြူဇရပ်မြို့နယ်အထိရောက်ရှိနေပြီဖြစ်သော်လည်း ရေးမြို့နယ်အတွင်းသို့ရောက်ရှိနိုင်ရန် အချိန်ကာလကြန့်ကြာ နေခဲ့ပါတယ်။ ကျွန်မတို့ ရေးမြို့နယ်မှာဆိုရင် လျှပ်စစ်ဓာတ်အားခများကို ဈေးနှုန်းအဆမတန်ပေးဆောင် နေရပါတယ်။ ပြင်ပလောင်စာဆီကိုအသုံးပြုနေရသည့်အတွက်ကြောင့် တစ်ယူနစ်လျှင် ၇၀၀ ကျပ်ဖြင့် ပေးဆောင်နေရလျက်ရှိပါတယ်ရှင်။ လျှပ်စစ်ဓာတ်အားခမြင့်မားမှုကြောင့် ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ငွေကြေးကုန်ကျမှုစရိတ်များမြင့်မားခြင်း၊ လုပ်ငန်းများတွက်ခြေ မကိုက်ခြင်းများနှင့် ရင်ဆိုင်နေရပါတယ်ရှင်။
မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားများရရှိခဲ့ပါလျှင် ကျောင်းသားလူငယ်များ၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ ထုတ်လုပ်မှုများစသဖြင့် အားလုံးအဆင်ပြေ ချောမွေ့စွာ အကျိုးကျေးဇူးများခံစားရမှာဖြစ်ပါတယ်ရှင်။ နိုင်ငံတော်အတွက်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စည်ပင်သာယာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများစသဖြင့် ကဏ္ဍပေါင်းစုံ အကျိုးကျေးဇူးများစွာခံစားရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေနဲ့ မေတ္တာစေတနာထားပြီး မဟာဓာတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားကို ရေးမြို့နယ်အတွင်းသို့ပေးဝေရန်အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကိုမေးချင်ပါတယ်ရှင်။ (၁) သံဖြူဇရပ်မြို့နယ်အထိပေးဝေနေပြီးဖြစ်သော မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသည် ရေးမြို့နယ်အတွင်းသို့ပေးဝေရန်အစီအစဉ်ရှိပါသလား။ (၂) ရှိပါကမည်သည့် အချိန်တွင်စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
လက်ရှိအခြေအနေအရ နိုင်ငံတော်ဓာတ်အားစနစ်မှဓာတ်အားသည် မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့အထိ ၆၆ ကေဗွီ ဗို့အားစနစ်နဲ့ပေးပို့ထားပြီး မော်လမြိုင်မြို့မှ ၆၆ ကေဗွီ ဓာတ်အားကို ၆၆/၃၃ ကေဗွီ၊ ၂၀ MPA ဓာတ်အားခွဲရုံမှလက်ခံရယူထားပါတယ်။ မော်လမြိုင်မြို့မှ မုဒုံ၊ သံဖြူဇရပ်မြို့အထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၄၀ မိုင်နဲ့ ဓာတ်အားပေးပို့ထားတဲ့အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှဓာတ်အားကို မွန်ပြည်နယ်အတွင်းသံဖြူဇရပ်မြို့အထိ ဓာတ်အားပေး ထားပြီးဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်း တိုးချဲ့ဓာတ်အားဖြန့်ဖြူနိုင်ရန်အတွက် ရည်ရွယ်ပြီး သထုံမြို့ အထိ ရောက်ရှိပြီးဖြစ်တဲ့ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းကို မော်လမြိုင်မြို့အထိ ဓာတ်အား ပို့လွှတ်ရန် စီမံကိန်းသတ်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းမှာ သထုံ-မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၅၁.၁ မိုင်၊ ဂျိုင်းမြစ်နှင့်သံလွင်မြစ်ကျော်ဓာတ်အားလိုင်းနှစ်မိုင်နှစ်ခုနဲ့ မော်လမြိုင်မြို့ ကို ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ MPA ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများပါဝင်ပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ၃၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်တဲ့အတွက်ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးမည်ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် ရေးမြို့မှာ မီးလင်းရေးကော်မတီဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိရာ ၃၀၀ကေဗွီအေ မီးစက်လေးလုံးဖြင့် ဓာတ်အား ပေးထားလျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားခများကိုဒေသအာဏာပိုင်နှင့် မီးလင်းရေးကော်မတီတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားပိုမိုထွက်ရှိ လာမှုပေါ်မူတည်ပြီးဓာတ်အားပို့လွှတ်ရာမှာ မော်လမြိုင်မြို့မှ ရေးမြို့အထိ ၉၇ မိုင်၊ ရေးမြို့မှ ထားဝယ်မြို့အထိမိုင် ၁၀၀၊ အသီးသီးကွာဝေးတဲ့အတွက် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများဖြင့်သာ ဓာတ်အားပို့လွှတ်သွားရမှာဖြစ်ပါတယ်။ ရေးမြို့၊ ထားဝယ်မြို့မှတစ်ဆင့် မြိတ်မြို့အထိ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပို့နိုင်ရေး၊ စီမံကိန်းအကောင်အထည်ဖော်ရေး ရည်မှန်းချက်ချထားပြီး ဖြစ်ပါကြောင်းဖြေကြားပါသည်။
