လျှပ်စစ်ဓာတ်အား ရရှိပြီးသော မြို့နယ်များမှာ လျှပ်တာပြောင်း(Transformer) များ ထပ်မံချထားပေးလျက် ရှိရာမှာ ဒီ Transformer များသာပါပြီးတော့ ဆက်စပ်ပစ္စည်းများဖြစ်ကြသော ကြွေသီးများ၊ ၁၁၀၀၀ ကေဗွီ ကြေးနန်းကြိုးများ၊ တိုင်များနှင့် သယ်ယူခများပါရှိလာခြင်းမရှိသဖြင့် မိဘပြည်သူများမှာ ယင်းဆက်စပ် ပစ္စည်းများအတွက် သိန်း ၃၀၊ သိန်း ၈၀၊ သိန်း ၁၂၀ စသည်ဖြင့် ထည့်ဝင်နေကြရသည်ဟု သိရှိရပါ တယ်။ ယခုအခါတွင် နိုင်ငံတော်၏ တာဝန်များကို မိဘပြည်သူများမှ တတ်နိုင်သမျှ မျှတထမ်းဆောင်ရ မည်မှာ မှန်သော်လည်း စိုက်ထုတ်ရမည့်ငွေကြေးများ များပြားလာပါက စိုက်ထုတ်နိုင်ခြင်းမရှိတဲ့ အတွက် ရရှိလာသော Transformer များ တပ်ဆင် နိုင်ခြင်းမရှိပါ။ သက်ဆိုင်ရာသို့တင်ပြသော်လည်း မတတ်နိုင်ပါက တတ်နိုင်မှ သာလျှင် တပ်ဆင်ပေးမည်ဟုသာ ပြောပြီး မိမိတို့အနေဖြင့် Transformer များသာရရှိလို့ ဆက်စပ်ပစ္စည်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပေးခြင်းမရှိသောကြောင့် တပ်ဆင်ပေးနိုင်ခြင်း မရှိကြောင်း သိရှိရပါတယ်။ သို့ပါ၍ Transformer များချထားပေးပြီးဖြစ်သော ကြံခင်းမြို့နယ်အတွက် ဆက်စပ် ပစ္စည်းများချထားပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
နှစ်စဉ်တိုးတက်လာတဲ့ ဓာတ်အားသုံးစွဲမှုအပေါ်မူတည်ပြီး လိုအပ်သော လျှပ်တာပြောင်း ခေါ် Transformer များကို ဌာနမှ ထပ်မံတိုးချဲ့ တည်ဆောက်ပေးလျက်ရှိရာ Transformer များနှင့် ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ကြိုးများ၊ ကြွေသီးများနှင့် အခြားပစ္စည်းများကိုလည်း နှစ်အလိုက်ရရှိသော ရန်ပုံငွေအပေါ်မူတည်ပြီးဌာနမှ ဝယ်ယူဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဌာနမှရရှိသော ရန်ပုံငွေများမှာ ဓာတ်အားဖြန့်ဖြူးစနစ်ကောင်းမွန်စေရေးအတွက် အသစ်ထပ်မံတိုးချဲ့ တည်ဆောက် ပေးရသလို တည်ဆောက်ပြီးဖြစ်သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင် လဲလှယ်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်နေကြပါတယ်။ ကြိုတင်လျာထားတဲ့ အစီအစဉ်များဖြစ်တဲ့ ဆောင်ရွက်သော လုပ်ငန်းများဖြစ်ပါက Transformer နှင့် ကြိုးများ၊ ကြွေသီးများစသည့် ပစ္စည်းများ ကို ကြိုတင်တွက်ချက်ဝယ်ယူဖြည့်ဆည်းပေးနိုင်ပါတယ်။ သို့သော် လတ်တလော လိုအပ်လာသည့် လုပ်ငန်းများဖြစ်ပါက ရရှိနိုင်သော ပစ္စည်းကိုသာ စောလျင်စွာ ဖြည့်တင်းပေးနိုင်ပြီး ကျန်ပစ္စည်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဖြည့်တင်းပေးရသည်များရှိပါတယ်။ ဒါ့ကြောင့် Transformer ကိုသာ လတ်တလောထုတ်ပေးခဲ့ပြီး ကျန်ပစ္စည်းများကို ဆက်လက်ဖြည့်တင်းပေးရခြင်း ဖြစ်ပါတယ်။ အချို့ဒေသများမှာ အဓိကပစ္စည်းဖြစ်တဲ့ Transformer ကိုရရှိပါက အခြားဆက်စပ် ပစ္စည်းများကို စိုက်ထုတ်ဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းအမြန်ပြီးစေရန် ကူညီဆောင်ရွက်ကြပါတယ်။ သို့သော် လိုအပ်သောဆက်စပ်ပစ္စည်းများအတွက် အလှူငွေကောက်ခံခြင်းကို ဌာနမှတားမြစ်ထား သည့်အတွက် စေတနာအလျောက် လှူဒါန်းလိုပါက အလှူရှင်ကအဆိုပြုသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စိစစ်လက်ခံဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။ ဒါ့ကြောင့် ကြိုတင်၍ စနစ်တကျစီမံ ဆောင်ရွက်သော လုပ်ငန်းများအတွက် Transformer များ တည်ဆောက်ပေးရာမှာ လိုအပ်သောကြိုး၊ ကြွေသီးနှင့် ဆက်စပ်ပစ္စည်းများကို ဌာနမှတစ်ပြိုင်တည်းထုတ်ပေးပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
