မော်လမြိုင်မြို့ကိုဝင်သော Toll Gate သည် မြို့နယ်နယ်နိမိတ် အတွင်းမှ မြို့တွင်းသို့နှစ်မိုင်ခန့် အကွာအဝေးတွင်ထားရှိပါကြောင်း၊ Toll Gate ကိုမြို့အဝင်/အထွက်နေရာတွင် ထားရှိရမည်ဖြစ်ရာ လက်ရှိ အခြေအနေအရ မော်လမြိုင်မြို့နယ် နယ်နိမိတ်အတွင်း၌ သွားလာနေသောသူများပင် Toll Gate ကိုဖြတ် ကျော်ပါက မြို့ဝင်ကြေးပေးဆောင်နေရသဖြင့် နည်းပညာတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ သည်လည်း မော်လမြိုင်မြို့သို့ မြို့တွင်းပင်ဖြစ်သော်လည်း မြို့ဝင်ကြေးပေးဆောင်နေရခြင်းများကို မကျေနပ်မှုများ၊ အငြင်းပွားမှုများ နေ့စဉ်လိုပင် ကြားသိနေရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ Toll Gate နေရာပြောင်းရွှေ့ပေးရန် တင်ပြခဲ့ဖူးပါသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၆-၁၂-၂၀၁၃ ရက်စွဲပါစာဖြင့် ယခုထားရှိသော Toll Gateသည် လမ်းကျယ် သည့်နေရာကို အသုံးပြုရသဖြင့် အဆိုပါနေရာမှ ပြောင်းရွှေ့ရန်အဖြစ်နိုင်ဟုကြောင်းပြန်ကြားခဲ့ပါကြောင်း။ မော်လမြိုင်-မုဒုံလမ်းမကြီးပေါ်ရှိ မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ရှိသောနေရသည် ယခုပြုလုပ် ထားသော Toll Gateအကျယ်အဝန်းလောက်ပင်ရှိ၍ ယင်းနေရာသို့ ပြောင်းရွှေ့စေလိုကြောင်းကို တင်ပြကြသည့်အတွက် မော်လမြိုင်မြို့ Toll Gate သည် မြို့နယ်နယ်နိမိတ်မှ မြို့တွင်းသို့ နှစ်မိုင်အတွင်းထားရှိ ခြင်းမှ မြို့၏ ဝင်ထွက်သည့် မော်လမြိုင်-မုဒုံလမ်းမကြီးရှိ မြို့အဝင် ဆိုင်းဘုတ်ရှိရာနေရာသို့ ပြောင်းရွှေ့ ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
ရန်ကုန်-မြိတ်လမ်း၊ မော်လမြိုင်- မုဒုံ- သံဖြူဇရပ်လမ်းပိုင်း ဈေးကြိုမိုင်တိုင် ၂ မိုင် ၆ ဖာလုံ မှ သံဖြူဇရပ်မိုင်တိုင် ၃၉ မိုင် ၆ ဖာလုံအထိ ၃၇ မိုင်တွင် အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်သည် လမ်းအသုံးပြုခ ကောက်ခံခွင့်အား B.O.T စနစ်ဖြင့် ၎င်းလမ်းပိုင်းပေါ်ရှိ မိုင်တိုင် ၇ မိုင် ၄ ဖာလုံမှ မိုင်တိုင် ၇ မိုင် ၅ ဖာလုံအကြား သံဖြူဇရပ်မိုင်တိုင် ၃၇ မိုင် ၅ ဖာလုံနှင့် မိုင်တိုင် ၃၇ မိုင် ၆ ဖာလုံအကြား Toll Gate နှင့် ကတ္တားဆောက်လုပ်၍ လမ်းအားရေရှည် အသုံးပြုနိုင်ရေးနှင့် တန်ပိုတားဆီးရေးအတွက် ဆောင်ရွက်ကောက်ခံလျက် ရှိပါကြောင်း၊ အဆိုပါ Toll Gateကို မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁၃/၂၀၁၄ ဆုံးဖြတ်ချက်အပိုဒ် ၃ အရ မော်လမြိုင်မြို့ဝင်နေရာ မိုင်တိုင် ၁၀ မိုင် ၀ ဖာလုံမှ မိုင်တိုင် ၁၀ မိုင် ၁ ဖာလုံကြားနေရာသို့ စနစ်တကျ ရွှေ့ပြောင်းရန် အတည်ပြုဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်းနှင့် Toll Gate တည်ဆောက်မည့်နေရာအား မြေပြုပြင်ခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ စတင် လုပ်ဆောင်ပြီးနောက် ကတ္တားပြောင်းရွှေ့ခြင်းနှင့် အဆောက်အဦ ပြောင်းရွှေ့ဆောက်လုပ်ခြင်းများ အား ဆက်လက်ဆောင်ရွက်သွားရန် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သို့ အကြောင်း ကြားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
