(င)-အင်းစိန် အကျဉ်းထောင်မှ တရားရုံးများတွင် အချုပ်တရားခံများနှင့်အမှုထပ်တိုးအကျ တရားခံများကို ရုံးချိန်းအလိုက် သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်သည့် အခါ အထူးသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်သို့ ရုံးထုတ် တရားခံများ ပို့ဆောင်ရာတွင် အင်အားမမျှမတ ဖြစ်နေသဖြင့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ် ဒုက္ခကြီးစွာ လိုက်ပါနေရသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်အကျဉ်းထောင်မှ တရားရုံးများတွင် အမှုရင်ဆိုင်လျက်ရှိသည့် အချုပ်တရားခံများနှင့် အမှုထပ်တိုးသည့် အကျတရားခံ များကို ရုံးချိန်းအလိုက် သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်သည့်အခါ အထူးသဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများဖြစ်ကြသော သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ် တရားရုံးများသို့ ရုံးထုတ်တရားခံများပို့ဆောင်သည့်အခါ အင်အားမမျှတ ဖြစ်သည့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ဒုက္ခကြီးစွာခံစားလျက် လိုက်ပါနေရသည်ကို ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်သိပါသလား။ (ခ) မသိသေးပါက တရားရုံးသို့ ထုတ်သင့်သည့် အချုပ်သားများအား လူ့အခွင့်အရေးနှင့်ညီစွာ ခံစားနိုင်ရေးအတွက် မည်သို့ဆက်လက်ဆောင်ရွက် ပေးပါမည်နည်း။ (ဂ) သယ်ယူပို့ဆောင်ပေးသည့်အချုပ်ကားများသည်လည်း ဟောင်းနွမ်းချို့ယွင်း နေပြီဖြစ်၍ အန္တရာယ်နှင့်နီးကပ်နေသောကြောင့် ယာဉ်အသစ်များလဲလှယ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ အချုပ်ယာဉ်ပေါင်း ၉၀ စီးရှိပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှာ ၂၇ စီးရှိပါတယ်။ ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ဘဏ်လမ်းမှာရှိတဲ့ စုပေါင်းတရားရုံးမှာ တရားရုံးများကို တစ်စုတစ်စည်းတည်းထားရှိပြီး တရားစီရင်ရေးအပိုင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် စုပေါင်းရုံးမှာရှိတဲ့ တရားရုံးအသီးသီးသို့ အချုပ်ယာဉ်များနှင့် အင်းစိန်အကျဉ်းထောင်က အချုပ်သားနှင့်တရားခံများကို အမှုစစ်ဆေးရာ တရားရုံးများကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ် မေလခန့်ကစပြီး ဘဏ်လမ်းမှာ ရှိတဲ့ စုပေါင်းရုံးက အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တရားရုံးများကို သင်္ဃန်းကျွန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များမှာရှိတဲ့ တရားရုံးများသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့ အတွက်ကြောင့် အဲဒီတရားရုံးများကို ခွဲဝေပို့ဆောင်ပေးလျက်ရှိပါတယ်။ အဲဒီလိုပို့ဆောင်ပေးနေတဲ့ အချုပ်ယာဉ် ၂၇ စီး အနက် ပြင်ဆင်မရတဲ့ ယာဉ် ၅ စီးနှင့် အကြီးစားပြုပြင်နေတဲ့ ယာဉ် ၇ စီးရှိလို့ အချုပ်ယာဉ် ၁၅ စီး နဲ့သာ အင်းစိန်အကျဉ်းထောင်မှ တိုင်းစုပေါင်းရုံးကို တစ်စီး ၂ ခေါက်နှုန်းနဲ့ ရုံးထုတ်တဲ့အချုပ်သား ဦးရေပေါ်မူတည်ပြီး သယ်ယူပို့ဆောင်ပေးခဲ့ရပါတယ်။ အချုပ်ယာဉ်ကြီးပေါ်မှာ ကျား ၄၀ ဦးနှင့် မ ၅ ဦး၊ ပေါင်း ၄၅ ဦး အချုပ်ယာဉ် ငယ်ပေါ်မှာ ကျား ၂၅ ဦးနှင့် မ ၅ ဦး၊ ပေါင်း ၃၀ ဦးကို လူအပြည့် ပုံမှန်သယ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလို ပြည်နယ်နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့များမှာ အချုပ်ယာဉ်တွေ လုံလောက်မှုမရှိတဲ့အတွက် ဖြည့်ဆည်းပေးရေး ဆောင်ရွက်လျက်ရှိရာမှာ ရန်ကုန်နှင့် မန္တလေးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့များမှာ ရှိတဲ့ မြို့နယ်များအတွက် အချုပ်ယာဉ်များ ဝယ်ယူခွင့်တင်ပြတောင်းခံခဲ့ရာ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်မှာ အချုပ်ယာဉ် ၁၆ စီး ဝယ်ယူခွင့် ခွင့်ပြုခဲ့တဲ့အတွက် ဘဏ္ဍာငွေရရှိပြီးပါက အချုပ်ယာဉ် အသစ်များ အစားထိုးလဲလှယ် ပေးနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
