(ဆ)-မဟာဓာတ်အားလိုင်းသွယ်တန်းပေးရန် အစီအစဉ်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့ (၃၁-၈-၂၀၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာ မြို့နယ်ခုနှစ်မြို့နယ်ရှိသည့်အနက် မြို့နယ်ခြောက် မြို့နယ်မှာ မြို့များသာမကကျေးရွာများအထိ နိုင်ငံတော်မှဖြန့်ဖြူးသည့် မဟာဓာတ်အားလိုင်းကို သွယ်တန်းအသုံးပြုခွင့်ရရှိနေပြီဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းရောက်ရှိနေပြီဖြစ်သော ကောလင်း မြို့၊ ဝန်းသိုမြို့များနှင့် ၃၉ မိုင်သာကွာဝေးတဲ့ ပင်လည်ဘူးမြို့တစ်မြို့တည်းသာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲခွင့်ကျန်ရှိနေတာဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် ပင်လည်ဘူးမြို့နယ်သို့ ပြည်ထောင်စုအစိုးရအနေဖြင့် မဟာဓာတ်အားလိုင်းသွယ်တန်းပေးပါရန် အစီအစဉ်ရှိ၊ မရှိသိရှိလို ပါတယ်။ သွယ်တန်းပေးမည်ဆိုပါက မည်သည်‌့အချိန်၊ မည်သည့်ကာလတွင် သွယ်တန်းပေးမည်ဆိုတာ ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ပင်လည်ဘူးမြို့နယ်ဟာ  လက်ရှိအခြေအနေမှာ ဒေသမှလှူဒါန်းတဲ့ Hino အင်ဂျင်စက် တစ်လုံးဖြင့် ဌာနပိုင် ၁၅၀ ကေဗွီ ဒိုင်နမို ၂ လုံးနဲ့ပူးတွဲပြီး လျှပ်စစ်ဓာတ်အားပေးလျက်ရှိပါတယ်။ လက်ရှိမီးသုံးသူဦးရေ ၅၃၀ ရှိပြီး လစဉ်ဌာနမှဒီဇယ်ဆီ ၉၈၀ ဂါလံပံ့ပိုးပေးပြီး တစ်နေ့ကိုနှစ်နာရီ လျှပ်စစ်ဓာတ်အားပေးပါတယ်။ တစ်ယူနစ်ကို ၂၅ ကျပ်နှုန်းနဲ့ကောက်ခံလျက်ရှိပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်အတွင်းကျောက်ပုထိုး (၁၃၂/၃၃/၆.၆ကေဗွီ ၁၅ MB) ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကိုဖြန့်ဖြူပေးလျက်ရှိပါတယ်။ ပင်လည်ဘူးမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှဓာတ်အားပေးနိုင်ရန်အတွက် လက်ရှိတည်ဆောက်ဆဲဖြစ်တဲ့ ကောလင်း- ဝန်းသို  ၃၃ ကေဗွီ ဓာတ်အားလိုင်းမှတစ်ဆင့် ပင်လယ်ဘူးထိ ၃၃ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက် ဓာတ်အားပေးရမှာဖြစ်ပါတယ်။ ဓာတ်အားလိုင်းအရှည်မှာ ခန့်မှန်း ၃၅ မိုင်ခန့်ရှိပါတယ်။ ပင်လည်ဘူးမြို့မှာ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ရမှာဖြစ်ပါတယ်။ ၃၃ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်ဖို့တွက်ခန့်မှန်းကုန်ကျစရိတ်မှာ တစ်မိုင်လျှင်သိန်း ၂၅၀ ခန့်ရှိတဲ့ အတွက် ဓာတ်အားလိုင်းတည်ဆောက်မှုအားလုံး စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သိန်း ၈၇၅၀ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ ပင်လည်ဘူးမြို့မှာ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတစ်ခုပါတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဓာတ်အားခွဲရုံတည်ဆောက်မှုခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သိန်း ၁၂၀၀ ခန့်ဖြစ်ပါ တယ်။ ဒီအတွက်ကြောင့် ပင်လည်ဘူးမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရန် စုစုပေါင်းငွေကျပ်သိန်း ၉၉၅၀ ခန့်ကုန်ကျမှာဖြစ်ပါတယ်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေနဲ့ တစ်နိုင်ငံလုံးအတွက် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စီမံကိန်းများကိုဘဏ္ဍာငွေ လျာထားဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာငွေသုံးစွဲမှုအပေါ်မူတည်ပြီး ပင်လည်ဘူးမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်မှဆောင်ရွက်ပေးနိုင်ရေး အချိန်ကာလတစ်ခုအတွင်း ဆောလျင်စွာဆောင်ရွက်ပေး သွားနိုင်မှာဖြစ်ပါကြောင်းဖြေကြားပါသည်။