ကျွန်တော့်မေးခွန်းဟာ ပုဂ္ဂလိကတစ်ဦးတစ်ယောက်ချင်းကိစ္စဖြစ်တဲ့အတွက် ကြယ်ပွင့်မပြမေးခွန်း အဖြစ်သာ မေးသင့်တဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် နစ်နာတဲ့ ကာယကံရှင်များက အစိုးရသစ် လက်ထက် နိုင်ငံတော်သမ္မတကြီးရဲ့သဘောထားများ၊ မူဝါဒဆိုင်ရာမိန့်ခွန်းများကို ကြားရပြီးတဲ့ နောက်မှာ မျှော်လင့်ကြီးစွာနဲ့ ၎င်းတို့ရဲ့နစ်နာမှုများကို သမ္မတထံစာရေး တိုင်ကြားခဲ့ပေမယ့် အကြောင်း တစ်စုံတစ်ရာ ပြန်ကြားမှုမရရှိခဲ့ပါ။ ဒါကြောင့် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သစ်ရဲ့ ပွင့်လင်းမြင်သာ ရှိမှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်ပြီး ပြည်သူများက သံသယဖြစ်နေပါတယ်။ ဒီလိုသံသယများပိုမိုတိုးပွားမလာစေရန် ရည်ရွယ်ပြီး ယခုကိစ္စကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မည်သို့ဆောင်ရွက်ထားရှိပုံကို ပြည်သူများ သိရှိနိုင်ကြစေရန်အတွက် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်းကတော့ လားရှိုးမြို့ အမှတ်(၂)ရပ်ကွက် မြတ်လေးလမ်း အကွက်အမှတ်(၃၅) ဦးပိုင်အမှတ် (၅၇) မြေဧရိယာ ဝ.၁၆၁ ဧက ရှိမြေကွက်မှာ ဒေါ်ကြူကြူမော်၏ဖခင်ဖြစ်သူ ဦးပေါအေး(ခ) ဦးရင်ကြီး အမည်ပေါက်ပိုင်ဆိုင်ခဲ့ပြီး နှစ်စဉ်ကျသင့်သော မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့ရာ ၁၉၈၈ ခုနှစ်အထိဖြစ်ကြောင်း မြို့မြေခွန် ပေးဆောင်ထားသည့် ပြေစာများအရ သိရှိရပါတယ်။ ၁၉၈၈ အရေးအခင်းဖြစ်ပြီး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဦးစံမြတ်ဆိုသူက နာမည်ပေါက်ပိုင်ဆိုင်သူ ဦးပေါအေး(ခ) ဦးရင်ကြီးရဲ့ သဘောတူညီမှုတစ်စုံတစ်ရာမရရှိဘဲ မသမာသောနည်းလမ်းများကိုသုံး၍ မြေငှားဂရန်တွင် ၎င်း၏ အမည်ကို ထပ်မံဖြည့်စွက်ကာ ဦးပိုင်ခွဲစိတ်ဂရန်ရယူခဲ့ပြီး ဦးချန်စိန်ဆိုသူထံသို့ ၎င်းပိုင်ဆိုင်သည့် မြေကွက်အနေဖြင့် ထပ်မံခွဲစိတ်ရောင်းချခဲ့သည်ဟုသိရပါသည်။ ကာယကံရှင်များက နစ်နာမှုများစွာ ရှိသဖြင့် မြေငှားဂရန်ပြင်ဆင်သတ်မှတ်ချက်ချထားပေးပါရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရုံးအဆင့်ဆင့်ကို တင်ပြလျှောက်ထားခဲ့ရာ နောက်ဆုံးတွင် ၂၀၀၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ရက်စွဲပါစာအမှတ် ၄၁၆/ ဦး-၁ ပူးတွဲပါစာအမှတ် ၂ ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွဲဖက်ပြည်နယ် အုပ်ချုပ်ရေးမှူးဦးစိန်အုပ် က မူလပိုင်ရှင်ဖြစ်သော ဦးပေါအေး၏ပိုင်ဆိုင်မှုကို ထည့်သွင်းစဉ်းစားသင့်ပြီး ဦးစံမြတ်နှင့် ဦးချမ်းစိန် တို့၏ ဂရန်အမှုတွဲများကို ပယ်ဖျက်ပေးသင့်ကြောင်းထောက်ခံလျက် သုံးသပ်ချက်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ရှိ ညွှန်ကြားရေးမှူးချုပ်ထံသို့ အစီရင်ခံစာတင်ပြခဲ့ကြောင်း တွေ့ရှိရသော်လည်း ထိုကိစ္စကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားမျှတစွာ ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၂) ရပ်ကွက် မြတ်လေးလမ်း အကွက်အမှတ် (၃၅) ဦးပိုင်အမှတ် (၅၇) မြေဧရိယာ ဝ.၁၆၁ ဧကရှိတဲ့ မြေကွက်မှာ လွှတ်တော်ကိုယ်စားလှယ်တင်ပြတဲ့ မြို့မြေခွန်ပေးဆောင်တဲ့ ပြေစာအထောက်အထားများအရ ဦးပေါအေးပိုင်ဆိုင်တယ်လို့ယူဆနိုင်ပြီး ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြတဲ့ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှတ်တမ်း (၃/၇၃) အထောက်အထားအရ ဦးစံမြတ်ပိုင်ဆိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို တင်ပြခဲ့တယ်ဆိုတဲ့ အမှုတွဲဟာ ရန်ကုန်မှ နေပြည်တော်သို့ ရုံးများပြောင်းရွှေ့စဉ်က ပါရှိလာတဲ့အမှုတွဲဟောင်းများစာရင်းမှာ ရှာဖွေတွေ့ရှိခြင်း မရှိတဲ့အတွက် အဆိုပါအမှုတွဲများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို ရောက်ရှိခြင်းရှိ၊ မရှိ ဆိုတာ စိစစ်လို့မရပါ။ အဲဒီ မြေကိစ္စနှင့်ပတ်သက်လို့ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က စိစစ်တဲ့အခါမှာ-
(က) ၁၉၇၂ ခုနှစ်မှာ ဦးစိုင်းစံမြတ်မှ လားရှိုးခရိုင်ဝန်ရုံးတော်သို့ အခင်းဖြစ်မြေအား ဂရန် လျှောက်ထားခဲ့ခြင်းကို စနစ်တကျလက်ခံစိစစ်၍ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေးမှူး ကော်မတီအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှတ်တမ်းဖြင့် ဆုံးဖြတ်ခဲ့ပြီး ရှမ်းပြည်နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့မှ အတည်ပြုချက်ဖြင့် ၁၉၇၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၁၉၈၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့အထိ မြေဂရန် ထုတ်ပေးခဲ့ခြင်း၊
(ခ) ယင်းမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဦးပေါအေး(ခ)ကိုရင်ကြီးနှင့် ဦးစိုင်းစံမြတ်တို့ တရားရုံးတွင် အငြင်းပွားခဲ့ရာ လားရှိုးမြို့နယ်တရားရုံး တရားမကြီးမှုအမှတ် (၁၁/၇၅)၊ ရှမ်းပြည်နယ် တရားရုံးတရားမအယူခံမှုအမှတ် (၁/၇၇)၊ ဗဟိုတရားရုံး (မန္တလေးရုံးထိုင်) တရားမအယူခံမှုအမှတ် (၄၈/၇၇) တို့တွင် ဦးစိုင်းစံမြတ်ကိုသာ အနိုင်ဒီဂရီချမှတ် ထားခြင်း၊
(ဂ) ဦးပေါအေးမှ ၁၉၈၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ယင်းအမည်ဖြင့် ရရှိ ထားသော မြေငှားလိုင်စင်သက်တမ်းတိုးမြှင့်ရန် လျှောက်ထားခဲ့ရာ ဦးပေါအေးတင်ပြ သည့် အခွန်ဌာန အမှုတွဲအမှတ် ၂၉-ဗွီ/၄၉၁၆ ဖြင့် ရရှိထားသော ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် ရက်စွဲပါ မြေငှားလိုင်စင်မှာ လျှောက်ထားချိန်တွင် နှစ်ပေါင်း ၃၄ နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်ခြင်း၊ သက်တမ်းကုန်ဆုံးပြီးဖြစ်၍ အလိုအလျောက် အစိုးရမြေအဖြစ် ရောက်ရှိပြီးဖြစ်သည့်အပြင် ဦးစိုင်းစံမြတ်သို့ မြေငှားဂရန်ထုတ်ပေးထားပြီးဖြစ်ခြင်း၊
(ဃ) အခင်းဖြစ်မြေဖြစ်သော လားရှိုးမြို့ ရပ်ကွက်(၂) မြေကွက်အမှတ် (၃၅) ဦးပိုင်အမှတ် (၅၇) မြေဧရိယာ ဝ.၁၆၁ ဧကအား မူလပိုင်ဆိုင်ခဲ့သည်ဆိုသော ဦးပေါအေး(ခ)ဦးရင်ကြီး ၏ ဂရန်သက်တမ်းနှစ်တိုးခြင်းမှာ ကာလစည်းကမ်းသတ် ကာလကျော်လွန်ပြီးမှ လျှောက် ထားခြင်းဖြစ်၍ အဆင့်ဆင့်သော လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်တို့မှ ပယ်ခဲ့ပြီးဖြစ်ခြင်း၊
(င) အထက်ပါအကြောင်းများကြောင့် လက်ရှိနေထိုင်လျက်ရှိသော ဦးစိုင်းစံမြတ်မိသားစု သာလျှင် လက်ရှိဂရန်သက်တမ်းတိုးမြှင့်၍ ဆက်လက်ချထားပေးသင့်ကြောင်း လားရှိုး မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အစည်းအဝေးအမှတ်စဉ် (၄/၁၁) ဆုံးဖြတ်ချက်အရ တင်ပြခဲ့ရာ ရှမ်းပြည်နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့၏ ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျင်းပခဲ့သော အစည်း အဝေးများမှ မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့၏ တင်ပြချက်အတိုင်း အတည်ပြုကြောင်း ပြန်ကြားခဲ့ခြင်း၊
(စ) ယင်းဂရန်သက်တမ်းကို ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ လ ၁၉ ရက်နေ့အထိ ၁၀ နှစ်သက်တမ်း ထပ်မံတိုးမြှင့်ထားပြီးဖြစ်ခြင်း၊
(ဆ) အဆိုပါ ဂရန်သက်တမ်းမကုန်ဆုံးမီ ဦးပိုင်ခွဲစိတ်၍ ဦးစိုင်းစံမြတ်နှင့် ဦးချမ်းစိန်တို့ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ဂရန်ထုတ် ပေးထားပြီးဖြစ်ခြင်းတို့ကို တွေ့ရှိရပြီး ဂရန်များအား ပြန်လည်သုံးသပ်ပြင်ဆင်ရန် သက်သေများမရှိတော့၍ ကာလစည်းကမ်းသတ်ဥပဒေအရ ကိုက်ညီမှုရှိကြောင်း တင်ပြ လာပါသည်။
သို့ပေမယ့်လည်း မြေငှားဂရန်ကိစ္စမှာ ကာလကြာမြင့်နေပြီဖြစ်တဲ့အတွက် မူလမြေငှားဂရန် ထုတ်ယူရရှိခဲ့မှုအခြေအနေ၊ လက်ရှိမြေငှားဂရန်ပိုင်ဆိုင်မှုအခြေအနေ၊ မြေပြင်မှာအမှန်တကယ် နေထိုင်မှုအခြေအနေနဲ့ အမှုတွဲပါ အထောက်အထားစာရွက်စာတမ်းများ မှန်ကန်တိကျမှုအခြေအနေ များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်နိုင်ဖို့အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က သက်ဆိုင်ရာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
