(ဆ)-ကုလားတန်မြစ် ချောင်းဝတူးဖော်ပေးရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၉-၉-၂၀၁၁)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဟာ အစိုးရပြည်တွင်းရေကြောင်း သင်္ဘောလိုင်းများဖြစ်တဲ့ စစ်တွေ- ပုဏ္ဏားကျွန်း-ကျောက်တော်လိုင်း၊ စစ်တွေ-ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်း၊ ပြီးတော့ ပုဂ္ဂလိက မော်တော် လိုင်းများဖြစ်တဲ့ စစ်တွေ-ပုဏ္ဏားကျွန်း-ယိုးတရုတ်-ကံစောက်လိုင်း၊ လိုင်းသင်္ဘောများနဲ့ အခြားကုန်စည် ပို့ဆောင်တဲ့ ကုန်သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်ရာ နေ့ညမရွေး ဆိုက်ကပ်နေတဲ့ သင်္ဘောဆိပ်မြို့ဖြစ် ပါတယ်။ ပုဏ္ဏားကျွန်းချောင်းဟာ  ပုဏ္ဏားကျွန်းမြို့ကို ဖြတ်သန်းစီးဆင်းပြီးတော့ အရှေ့ဘက် ကုလား တန်မြစ်နဲ့ အနောက်ဘက်တောဖျားမြစ်ကို ဆက်သွယ်ထားတဲ့ ချောင်းဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နဲ့ အရှေ့ဘက်ကုလားတန်မြစ်ဒေသ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ ယိုးချောင်းနယ်တွေက လှေ၊ သမ္မာန်၊ စက်လှေတွေ၊ မော်တော်တွေ ရသေ့တောင်မြို့နဲ့ ဘူးသီးတောင် မြို့နယ်ကိုသွားလိုရင် ပုဏ္ဏားကျွန်းချောင်း (ခေါ်) ကင်းချောင်းကိုဖြတ်ပြီးတော့ အချိန်တိုအတွင်းသွား လာရောက်ရှိနိုင်ပါတယ်။ စစ်တွေမြို့နယ်၊ မင်းဂံချောင်းဘက်ကသွားခြင်းထက် အချိန် ၄ နာရီ ခန့်သက်သာပါတယ်။ အခုအခါ နှစ်ကာလကြာမြင့်လာတဲ့အလျောက် ပုဏ္ဏားကျွန်းမြို့ ဆိပ်ကမ်းသို့ ဝင်ထွက်တဲ့ ကုလားတန်မြစ်ဘက်က ပုဏ္ဏားကျွန်းမြို့အဝင်ချောင်းဝဟာ သဲသောင်တွေပေါ်ထွန်း ပြီးတော့ မော်တော်တွေ အထူးသဖြင့် အစိုးရရေကြောင်းသင်္ဘောလိုင်းများ ဒီရေကျချိန်မှာသောင်တင် ခြင်းတွေ ဖြစ်ပေါ်ပါတယ်။ ဒီရေတက် တဲ့အချိန်မှသာ အဆင်ပြေတဲ့ ဝင်ထွက်ဆိုက်ကပ်မှုတွေပြုလုပ် နိုင်တဲ့အတွက် ခရီးသည်များသွားလာမှု နှောင့်နှေးကြန့်ကြာခြင်း၊ ကုန်စည်ပို့ဆောင်မှုနှောင့်နှေး ကြန့်ကြာခြင်း၊ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းများ နှောင့်နှေးထိခိုက်ခြင်းများ ဖြစ်ပေါ်နေပါ တယ်။ အဲဒါကြောင့် မေးခွန်းကိုမေးလိုတာကတော့ ပုဏ္ဏားကျွန်းမြို့သို့ မော်တော်များ၊ အစိုးရလိုင်း သင်္ဘောများ၊ ကုန်သင်္ဘောများဝင်ရောက်ဆိုက်ကပ်မှု လွယ်ကူစေရန် ပုဏ္ဏားကျွန်းမြို့အဝင် ကုလားတန် မြစ်ဘက်မှချောင်းဝအား တူးဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မည်သို့ဆောင် ရွက်ပေးနိုင်မယ်ဆိုတာကို သိလိုပါတယ်။ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် မည်သည့်အချိန်မှာစတင် ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်
အဖြေ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် မှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့ဟာ ကုလားတန်မြစ်နဲ့ ယင်းချောင်းအတွင်းကိုစီးဝင်တဲ့ ပုဏ္ဏားကျွန်းချောင်း၊ ကင်းချောင်းတို့ဆုံရာမှာတည်ရှိပြီး စစ်တွေမှ ကုန်းလမ်း၊ ကားလမ်းအားဖြင့် ၂၄ မိုင်၊ ရေလမ်းအားဖြင့် ၁၆ မိုင် ကွာဝေးပါတယ်။ ပုဏ္ဏားကျွန်းချောင်းဟာ အလျား ၄.၅ မိုင်ခန့်ရှည်လျားပြီးတော့ အကျယ် မီတာ ၁၀၀ နဲ့ အနက်၂.၄ မီတာခန့်ရှိပြီး ကုလားတန်မြစ်ထဲကို စီးဝင်ပါတယ်။ ပုဏ္ဏားကျွန်းချောင်း၊ ကင်းချောင်းဟာ ကုလားတန်မြစ်ဘက်မှတစ်ဆင့် မေယုမြစ်သို့သွားလာနိုင်သော ရေလမ်းအစိတ် အပိုင်းတစ်ခုဖြစ်ပြီးတော့ စစ်တွေ-ကျောက်တော် မီးရထားလမ်းဖောက်လုပ်ခဲ့ရာမှာ ပုဏ္ဏားကျွန်း ချောင်းကို ပိတ်ဆို့ဆည်ဖို့ခဲ့တဲ့အတွက် ယခုအချိန်မှာ ကုလားတန်မြစ်သို့ ရေစီးချောင်းဝင်ထွက်ရာ ပုဏ္ဏားကျွန်းချောင်းဝမှာ သဲသောင်များပေါ်ထွန်းလာပြီး ရေအနက်မှာ ၁ မီတာခန့်သာရှိသောကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောများ ရေကျချိန်တွင် ဝင်ရောက်ဆိုက်ကပ်မှုမပြုနိုင်ဘဲ ရေတက်ချိန်မှသာ ဝင်ရောက်ဆိုက်ကပ်မှုပြုနိုင်ပါတယ်။ ဒီလို စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်ကား လမ်းပေါ်မှာ ပုဏ္ဏားကျွန်းချောင်းကိုဖြတ်ကျော်ပြီး ကင်းချောင်းတံတား တည်ဆောက်ထားပြီးတော့ တံတားရဲ့အထက်ဘက်မှာလည်း တမံပိတ်ထားတဲ့အတွက်ကြောင့် ဒီလိုအခက်အခဲတွေ ဖြစ်ပေါ် နေရခြင်းဖြစ်ပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ စစ်တွေ-မြောက်ဦးခရီး လမ်းဟာ တစ်ပတ်လျှင်နှစ်ခေါက် (အင်္ဂါ၊သောကြာ) နေ့မှာ ခရိုင်ဟင်္သာရေယာဉ်များနှင့်ပြေးဆွဲ လျက်ရှိရာမှာ ပုဏ္ဏားကျွန်းဆိပ်ကမ်းကို ပုံမှန်ဝင်ထွက်ဆိုက်ကပ်လျက်ရှိပါတယ်။ ပုဏ္ဏားကျွန်း ဆိပ်ကမ်းဟာ ပွင့်လင်း ရာသီရေကျချိန်များမှာ ရေယာဉ်များမြို့ဆိပ်ကမ်းထိ မဝင်နိုင်တဲ့အတွက် ပုဏ္ဏားကျွန်းချောင်းဝမှာ ရပ်ပြီးတော့ မြို့နယ်မန်နေဂျာက စက်လှေဖြင့်လာရောက်ပြီး ခရီးသည် အတက်အဆင်း၊ ကုန်အတင်အချကို ကြပ်မတ်ပြီး ဆောင်ရွက်ပေးတဲ့အခါမှာ ပွင့်လင်းရာသီမှာ တစ်လ လျှင်နှစ်ကြိမ်ခန့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့ ပုဏ္ဏားကျွန်း မြို့သို့ သင်္ဘောများဆိုက် ကပ်၍ ခရီးသည်နဲ့ ကုန်စည်များလွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ပုဏ္ဏားကျွန်းမြို့အဝင် ချောင်းအား သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန်ကိစ္စ အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သောင်တူးဖော်ရေး လုပ်ငန်းအတွက် သောင်တူးစက်များ အပါအဝင် လုပ်ငန်းသုံးယာဉ်များ ရွှေ့ပြောင်းသယ်ယူခြင်းနှင့် အခြားလိုအပ်ချက်များ ပြင်ဆင်ခြင်း တို့ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပုဏ္ဏားကျွန်းမြို့ အဝင်ရေလမ်းကြောင်းအား သောင်တူးဖော်ရန်အတွက် လောလောဆယ် စီစဉ်ပေးနိုင်ခြင်း မရှိပါသေးကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြားရေလမ်းကြောင်းများအတွက် သောင်တူး ဖော်ရမယ့် လုပ်ငန်းများရှိပါက တစ်ပြိုင်နက်တည်း စုပေါင်းပြီးတော့ ဆောင်ရွက်သွားပေးရန် စီစဉ် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။