(ဂ)-ဟိုပုန်းမြို့နယ်၊မဲနယ်တောင်ဒေသရှိပန်ကလာ လမ်း စုစုပေါင်း (၁၄) မိုင် (၆) ဖာလုံမှာ မြေသား လမ်း ဆောက်လုပ်ပေးပြီး ဖြစ်ရာ အဆိုပါလမ်း အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၉)ရက်မြောက်နေ့ (၁၈.၃.၂၀၁၅)

ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက်ကချား- ထီတဲမ်းလိတ်-လိုင်းကလလမ်း၊ ကျောက်ကချား- ထီတဲမ်းလိတ် လမ်းခွဲမှ ပါခက်- ထီဆွေးလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ်လမ်းခွဲမှာ ပန်ကလားလမ်း စုစုပေါင်း (၁၄)မိုင် (၆) ဖာလုံမှာ မြေသားလမ်း ဆောက် လုပ်ပေးပြီးဖြစ်ရာ အဆိုပါလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဦးခွန်သိန်းဖေ ( ဟိုပုန်း မဲဆန္ဒနယ်) (1392)ပအိုဝ့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ် မဲနယ်တောင်ဒေသရှိ ကျောက်ကချား-ထီတဲမ်းလိတ်-လိန်းကလလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ် လမ်းခွဲမှ ပါခက်-ထီဆွေးလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ် လမ်းခွဲမှ ပန်ကလားလမ်း၊ စုစုပေါင်း ၁၄ မိုင် ၆ ဖာလုံသည် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြေသားလမ်း ဖောက်လုပ်ပေးပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါဒေသသည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၅၀၀၀ နှင့် ၈၀၀၀ အကြားတွင် တည်ရှိခြင်း၊ တောင်ပေါ်ဒေသဖြစ်ခြင်း၊ မိုးအလွန်များခြင်း တို့ကြောင့် မြေသားလမ်းအဖြစ်သာ ဆက်လက်တည်ရှိနေပါက အမြန်ပြန်လည်ပျက်စီးမည်ဖြစ်ပြီး ပြည်သူများ ဆက်သွယ်သွားလာရေး ပြန် လည်ပြတ်တောက် ခက်ခဲနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြေသားလမ်းအား နိုင်ငံတော်မှ ကျောက်ချောလမ်းအဖြစ် ယခုဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရနနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
မွေးမြူးရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးရှမ်းပြည်နယ်၊ ဟိုပုန်းမြို့နယ် ကျောက်ကချား-ထီတဲမ်းလိတ်-လိန်းကလလမ်း ၇ မိုင် ၆ ဖာလုံ၊ ကျောက်ကချား-ထီတဲမ်းလိတ်လမ်းခွဲမှ ပါခက်-ထီဆွေးလမ်း ၃ မိုင်၊ ကျောက်ကချား-ထီတဲမ်းလိတ်လမ်းခွဲမှ ပန်ကလားကျေးရွာ သွားလမ်း ၄ မိုင်၊ စုစုပေါင်းအရှည် ၁၄ မိုင် ၆ ဖာလုံတို့သည် ကျေးရွာ ၁၆ ရွာ၊ အိမ်ခြေ ၂၃၆၉ အိမ်ရှိပြီး လူဦးရေ ၁၃၃၁၈ ဦးတို့ကို အကျိုးပြုပါကြောင်း၊ လမ်း ၃ လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၁၁၉၀.၀၃ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။

ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၅၁၈.၁၆ သန်းဖြင့် ကတ္တရာလမ်း ၅ မိုင်၊ ကျောက်ချောလမ်း ၁၉ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၃၃ မိုင်၊ သစ်သားတံတား ၆၀၂ ပေနှင့် ရေပြွန် ၃၁၅ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း လမ်း ၁၄ မိုင် ၂ ဖာလုံ၊ ငွေကျပ် ၁၂၂၈.၅၈၄ သန်း တင်ပြထားဆဲဖြစ်ပါကြောင်း၊ ဟိုပုန်းမြို့နယ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ် ၃၈၀.၁၉၅ သန်းဖြင့် ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၁ မိုင်၊ မြေသားလမ်း ၆ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၁၃၂ ပေနှင့် ရေပြွန် ၁၂၅ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လမ်း ၅ မိုင်၊ ငွေကျပ် ၄၀၃.၄ သန်း တင်ပြထားဆဲဖြစ်ပါကြောင်း၊  ဟိုပုန်းမြို့နယ်အတွင်းရှိ ကျောက်ကချား-ထီတဲမ်းလိတ်-လိန်းကလလမ်း၊ ကျောက်ကချား-ထီတဲမ်းလိတ် လမ်းခွဲမှ ပါခက်-ထီဆွေးလမ်းနှင့် ကျောက်ကချား-ထီတဲမ်းလိတ်လမ်းခွဲမှ ပန်ကလားကျေးရွာချင်းဆက်လမ်း ၃ လမ်းသည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေတွင် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။