ဦးဝင်းစိန်(ကဝမဲဆန္ဒနယ်)
ကဝမြို့နယ်ဟာ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ် အနက်တစ်မြို့နယ်ဖြစ်ပါတယ်။ ကဝမြို့နယ်ဟာ မြောက်ဘက်မှာသနပ်ပင်နဲ့ ပဲခူးမြို့နယ်၊ အရှေ့ ဘက်တွင် စစ်တောင်းမြစ်ဝနဲ့ ကျိုက်ထိုမြို့နယ်၊ တောင်ဘက်တွင် ခရမ်းမြို့နယ်၊ အနောက်ဘက်တွင် ပဲခူးမြစ်နဲ့ ပဲခူးမြို့နယ်တို့တည်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးတွင် စပါးစိုက်ဧက သိန်း ၃၀ ခန့်ရှိရာ ကဝမြို့နယ်တွင် ဧကနှစ်သိန်းကျော်စိုက်ပျိုးပါတယ်။ စပါးစိုက်ပျိုးနိုင်သောလယ်များမှာ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ဝတို့ကြားတည်ရှိပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ကဲ့သို့ မြေနိမ့်လွင်ပြင်များဖြစ်ပြီး၊ နှစ်စဉ် မိုးတွင်းကာလ ဝါဆို၊ ဝါခေါင်လများတွင်ရေလွှမ်းပြီး စပါးစိုက်လယ်မြေများ ရေမြုပ်ပျက်စီးလေ့ ရှိပါတယ်။ လက်ရှိတည်ရှိနေသည့် ရေနုတ်မြောင်းကြီးများသည် ၎င်းကာလတွင် ရေနုတ်နိုင်ခြင်း မရှိသဖြင့် ဤကဲ့သို့စပါးစိုက်လယ်မြေများရေမြုပ်ရခြင်းဖြစ်ပါတယ်။
အထူးသဖြင့် အုန်းနှဲ၊ ပိုင်ကျုံ၊ ကျားတက်၊ ဇွဲကိုက်၊ မိုးကနဲ၊ ဘလောက်၊ နတ်မောက်၊ ဝဲပတံ၊ ကံမြင့်၊ သပြေကန်နဲ့ အေးမွန်စတဲ့ ကျေးရွာဒေသများမှာဖြစ်ပါတယ်။ ၎င်းအပြင် ကဝမြို့နယ်မှာ တူးမြောင်းကြီး လေးခုရှိပါတယ်။ ကဝမြို့နယ်ရဲ့ အရှေ့ခြမ်းမှာ ဝဲပတံတူးမြောင်းနဲ့ သံဒင်းတူးမြောင်း၊ အနောက်ဘက်ခြမ်းမှာဆိုလို့ရှိရင် ပိုင်ကျုံတူးမြောင်းနဲ့ ရွှေလှေတူးမြောင်းတို့ တည်ရှိပါတယ်။ ၎င်းတူးမြောင်းများဟာ နှစ်ပေါင်းကြာလာပြီဖြစ်သည့်အတွက် ကမ်းပြိုခြင်း၊ သဲနုန်းဖို့ခြင်းတို့ကြောင့် ရေဆွဲအားနည်းသွားပါတယ်။ နည်းသွားတဲ့အတွက်ကြောင့် ၎င်းတူးမြောင်းလေးခုကို တိုင်းဒေသကြီး အဆင့်နဲ့ဆက်လုပ်ဖို့အခက်အခဲရှိပါသဖြင့် နိုင်ငံတော်အဆင့်နဲ့ ဆောင်ရွက်ပေးမှသာရမည်ဖြစ်ပါ တယ်။ သို့ပါ၍ ၎င်းတူးမြောင်းကြီးများကို ပြန်လည်တူးပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်နှစ်တွင်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၀၁-၂၀၀၂ ခုနှစ်၌ ပဲခူးမြစ် ကမ်းမှာ ပိုင်ကျုံရေတံခါးတည်ဆောက်ပေးခဲ့ပြီး မိုးရာသီမှာမြစ်ရေဝင်ရောက်မှုမှ ကာကွယ်၍ ရေနုတ်အားပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သို့ရာတွင် ယခင်နှစ်က သြဂုတ်လ ၁၃ ရက်နေ့ အထိ မိုးရေချိန်မှာ ၇၈.၄၆ လက်မဖြစ်ပြီး ယခုနှစ်တွင် ထူးကဲမိုးရွာသွန်းမှုကြောင့် သြဂုတ်လ ၁၃ ရက်နေ့ အထိ မိုးရေချိန်မှာ ၉၇.၉၁ လက်မဖြစ်ခြင်းကြောင့် ယခင်နှစ်ထက်မိုးရေချိန် လက်မ ထက်ဝက်နီးပါးခန့် ၄၁.၅၅ လက်မ ပိုမိုရွာသွန်းခဲ့မှုရှိပါတယ်။ ဒါ့အပြင် ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပြည်သူများရေကြီးနစ်မြုပ်မှုကိုပိုမိုခံစားခဲ့ရပါတယ်။ အလားတူ နိုင်ငံနဲ့တစ်ဝန်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဒေသ အချို့မှာလည်းပဲ ရေကြီး နစ်မြုပ်မှုဘေးအန္တရာယ်များရင်ဆိုင်ခဲ့ရမှုရှိပါတယ်။ ကဝ၊ သနပ်ပင်အပါအဝင် ပဲခူးတိုင်းနယ်မြေ အတွင်း မိုးရာသီကာလရေနစ်မြုပ်မှုများကိုကာကွယ်နိုင်ရန်အတွက် တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်တဲ့ ရေတံခါးနှင့်ရေနုတ်မြောင်းများမှာ မိုးရွာသွန်းမှုကြောင့်ဝင်ရောက်လာတဲ့ရေများကို ရေနုတ်အားပိုမို ကောင်းအောင် မင်းရွာ-ပိုင်ကျုံ ရေနုတ်မြောင်းကို ပြန်လည်တူးဖော်ဆောင်ရွက်ရန် လိုအပ်ခြင်း အပါအဝင် ပဲခူးမြစ်ရေမြင့်တက်လာခြင်းနှင့် ရေမနုတ်နိုင်တော့ဘဲ ရေကြီးနစ်မြုပ်မှုဖြစ်ရပ်များ အပေါ်မှာ အောက်ပါနည်းလမ်းများဖြင့်ဆောင်ရွက်ပေးရန်အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီးနယ်မြေအတွင်း ဇူလိုင်လကုန် နှင့် သြဂုတ်လဆန်းပိုင်းတို့မှာ ထူးကဲ မိုးရွာခဲ့တဲ့အပြင် ပဲခူးမြစ်ရေမြင့်တက်ခြင်းဖြစ်ခဲ့တဲ့အတွက် ရေမနုတ်နိုင်ဘဲရေကြီးနစ်မြုပ်မှုခံစားခဲ့ ရခြင်း ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ အဗျား-ရှမ်းကိုင်းရေနုတ်မြောင်းပြန်လည်တူးဖော်ခြင်း၊ မင်းရွာ-ကုက္ကို ရေနုတ်မြောင်းပြန်လည်တူးဖော်ခြင်း၊ မင်းရွာ-ကလိုင်တံတား-ပိုင်ကျုံရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ဆည်မကြီးချောင်းပြန်လည်တူးဖော်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ချက်ရှိပါတယ်။ ဒုတိယအဆင့် အနေနဲ့ ကလိုင်တံတားမှ အုန်းနှဲလမ်းဘေးမြောင်းအားပြန်လည်ချဲ့ထွင်တူးဖော်ပြီး ရန်ကုန်တိုင်း ပတ်ဝန်းကျင်မိုင် ၃၀ စိမ်းလန်းစိုပြေရေးတူးမြောင်းနှင့် ဆက်သွယ်ပေါင်းစည်းပေးခြင်း၊ ကဝမြို့နယ် အတွင်း ပဲခူးမြစ်ကမ်းဘေးမှာရှိတဲ့ ဘုန်းမစိုးရေတံခါးတည်ဆောက်ပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်းချောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပဲခူးတိုင်းအတွင်းရေကြီးနစ်မြုပ်မှုများကို ထိထိရောက်ရောက်ကာကွယ်တားဆီး နိုင်ရန်အတွက် လမ်းညွှန်ချက်အပေါ်မှာ စစ်တောင်းမြစ်ဝှမ်း (ပြွန်တန်ဆာလွင်ပြင်) ရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် စိုက်ပျိုးမြေဖော်ထုတ်ရေးစီမံချက်၊ မြစ်မခလွင်ပြင်ရေလွှမ်းမိုးမှုကာကွယ်ရေးနှင့် စိုက်ပျိုးမြေဖော်ထုတ်ရေးစီမံချက်၊ ကဝ-သနပ်ပင် ရေကြီးနစ်မြုပ်မှုကာကွယ်ရေးစီမံချက်များကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သို့အသေးစိတ်စီမံချက်များ ရေးဆွဲတင်ပြထားရှိဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း ကိုဒူကွဲ ရေလှောင်တမံစီမံကိန်းကို လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စလူချောင်း ရေလှောင်တမံစီမံကိန်းနှင့် ရွှေလောင်းရေလှောင်တမံစီမံကိန်းများကိုလည်းပဲ ဆက်လက် ဆောင်ရွက်ရန် စူးစမ်းလေ့လာမှုလုပ်ငန်းများ တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိနေပါတယ်။ ကိုဒူကွဲ ရေလှောင်တမံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ရေဧကပေ ၁၃၈၀၀၀ ကို သိုလှောင်ထားနိုင်မှာဖြစ်ပြီး စလူချောင်းရေလှောင်တမံကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး ပါက ဧကပေ ၇၉၀၀၀ ကိုသိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။
အလားတူ ရွှေလောင်းချောင်းရေလှောင်တမံစီမံကိန်းကို အကောင်အထည်ဖော်ပြီးပါက ဧကပေ ၉၅၀၀၀ ကို သိုလှောင်ထားရှိနိုင်မှာဖြစ်ပါတယ်။ စလူချောင်းနှင့် ရွှေလောင်းရေလှောင်တမံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပဲခူးမြို့နယ်အတွင်း ရေကြီးမှု၊ လွှမ်းမိုးမှုမှ ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပြီး အဆိုပါစီမံကိန်းများအကောင်အထည်ဖော်နိုင်ရေး အတွက် နိုင်ငံတော်သို့ဦးစားပေးအစီအစဉ်အရ တင်ပြဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်၏ဘဏ္ဍာငွေခွင့်ပြုပေးချက်များပေါ်မှာမူတည်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး၊ အမြန်ဆုံးစီမံအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အပိုင်းမှရန်ပုံငွေ ခွဲဝေချထားပေးနိုင်ရေး စီမံဆောင်ရွက်ပေးသည့်အပေါ်မှာမူတည်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လာမည့်ပွင့်လင်းရာသီကာလအတွင်းမှာ ထိထိရောက်ရောက်ဖြင့် အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားပါမည် ဖြေကြားပါသည်။
