(ခ)-မြန်မာနိုင်ငံတစ်ဝန်းရှိ စားကျက်မြေများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့ (၃၁-၈-၂၀၁၁)

ဦးအောင်စိန်သာ(မင်းပြားမဲဆန္ဒနယ်)

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိရစ္ဆာန်စားကျက်မြေများဟာ ဟိုးအရင့်အရင်လက်ထက်ကတည်းက တရားဝင်သတ်မှတ်ထားရှိပါတယ်။ အင်္ဂလိပ်အစိုးရများလက်ထက်ကလည်း ဒီလိုပဲသတ်မှတ်ထားရှိ ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်လည်း ကျွန်တော်တို့နိုင်ငံတော်အစိုးရများဟာ ဒီ တိရစ္ဆာန် စားကျက်မြေများကို သတ်မှတ်ထားရှိခဲ့ပါတယ်။ ဒီလို စားကျက်မြေ ဘာကြောင့်ထားရလဲဆိုလို့ရှိရင် ခိုင်းနွား၊ ခိုင်းကျွဲတွေကို အစာရေစာပေးဖို့အတွက်၊ သူတို့ကို ကျန်းမာရေးအတွက်၊ လမ်းလျှောက်ဖို့ အတွက်၊ သူတို့ကိုသွားလာလှုပ်ရှားဖို့အတွက် ဒီစားကျက်မြေများကို ထားရပါတယ်။ ဒါပေမယ့် ဒီစားကျက်မြေများကို နောက်ပိုင်းမှာ ကျွန်တော်တို့တွေ့ရတာက အာဏာပိုင်လို့ပဲဆိုပါမယ်။ အာဏာပိုင်တချို့ဟာ ဒါတွေကို  သီးစားတွေချထားပါတယ်။ ပုဇွန်မွေးမြူရေးစတာတွေ ချထားပါတယ်။ အဲလိုလုပ်တဲ့အတွက် စားကျက်မြေများဟာ တဖြည်းဖြည်းနဲ့လျော့နည်းလာပါတယ်။ နောက်တစ်ခါ တောစပ်ပြီးတော့ မြစ်ချောင်း၊ ကမ်းနားစပ်မှာရှိတဲ့ တောတွေထဲမှာလည်း ကျွဲ၊ နွားတွေကဝင်လို့ အစာတွေရှာစားပါတယ်။ တကယ်ကတော့ ဒီနေရာဟာ စားကျက်မြေမဟုတ်ဘူး။ မဟုတ်ပေမဲ့ ဒီနေရာကိုပဲစားစရာရှိတဲ့အတွက် ဒီနေရာမှာ ကျွဲတွေ၊ နွားတွေဝင်စားပါတယ်။ အဲဒါကိုလည်း နောက်ပိုင်းမှာ ပုဇွန်မွေးမြူတာတွေချလိုက်ပါတယ်။ ခွင့်ပြုလိုက်ပါတယ်။ အဲဒါကြောင့် အဲဒီတောစပ်၊ မြစ်ကမ်းနားစပ်တွေဟာလည်း အားလုံးပြုန်းသွားပါတယ်။ အဲဒီတော့ ကျွဲ၊ နွားတွေအတွက် ဘာမှအားကိုးစရာမရှိတော့ပါဘူး။ အဲဒါကြောင့် လယ်ယာပြီးတဲ့အချိန်မှာ တချို့လယ်သမားတွေဟာ ဟိုးဝေးလံတဲ့ဒေသ၊ တောတောင်ထူထပ်တဲ့ နေရာဒေသတွေမှာသွားပြီးတော့ ကျွဲ၊ နွားတွေကို ကျောင်းရပါတယ်။ ပိုက်ဆံလည်းအများကြီးကုန်ပါတယ်။ အဲဒါအတွက်ကြောင့် ကျွဲ၊ နွားတွေစားဖို့ အတွက် ဟိုးအရင့်အရင်ကတည်းကရှိလာတဲ့ တရားဝင်သတ်မှတ်ခွင့်ပြုထားတဲ့ ဒီမြေတွေဟာ အင်မတန်အရေးကြီးပါတယ်။ ကျွဲ၊ နွားစားကျက်မြေတွေဟာ ကျေးလက်များတွင် ရွာဘုံမြေ၊ ကျွဲ၊ နွားစားကျက်မြေ၊ ကျွဲ၊ နွားသွားလာရန် လမ်းသတ်မှတ်ထားပါတယ်။ စားကျက်မြေများဟာ ကျွဲ၊ နွားများသွားလာရေးအတွက်လည်းကောင်း၊ အစားအစာအတွက်လည်းကောင်း၊ လွှတ်ကျောင်းရန် အတွက်လည်းကောင်း၊  အညောင်းပြေရန်အတွက်လည်းကောင်း အင်မတန်အရေးကြီးပါတယ်။ စားကျက်မရှိလျှင် ကျွဲ၊ နွားများဟာ စိုက်ပျိုးတဲ့လယ်ယာဥယျာဉ်များကို အတင်းဝင်ပြီးတော့ အစာရှာဖွေစားနိုင်ပါတယ်။ အဲဒီတော့ စိုက်ပျိုးထားတဲ့ဥယျာဉ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လယ်သမား၊ ယာသမားတွေအချင်းချင်း ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ ကျေးရွာတစ်ရွာနှင့် တစ်ရွာလည်း တုတ်တပြက်၊ ဓားတပြက်ခိုက်ရန်ဖြစ်နိုင်ကြပါတယ်။ တကယ်လည်းဖြစ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်တာဟာ ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဟိုးအရင် အစိုးရများလက်ထက်ကဆိုလို့ရှိရင် ၁၉၆၄ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့စွဲနဲ့ ဗဟိုမြေယာကော်မတီညွှန်ကြားစာအမှတ်၊ ၅ ဟပ ၉ ထ ၆၄/၂၀၄ အရ သူတို့ သတ်မှတ်ထားတာရှိပါတယ်။ ကျွဲ၊ နွားစားကျက်မှန်က မည်သည့်ကျူးကျော်ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်မှုကိုမှခွင့်မပြုနိုင်ကြောင်း အဲဒီလိုကြေညာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ၁၉၇၃ ပြည်သူ့ကောင်စီခေတ်ရောက်တဲ့အခါမှာ စားကျက်မြေများကို ကျူးကျော်တဲ့လုပ်ငန်းတွေပေါ်လာ ပါတယ်။ အဲဒါကတော့ ၁၉၇၇ ခုနှစ်၊ ပြည်သူ့ကောင်စီခေတ်မှာ ကျွန်တော်တို့ ပြဋ္ဌာန်းခဲ့တဲ့ ဒီလွှတ်တော်ဥပဒေအမှတ် ၁၃/၇၇ ပုဒ်မ ၆၆(က)အရ အဲဒီမှာလုပ်ပိုင်ခွင့်ကို မြို့နယ်ပြည်သူ့ကောင်စီက ကောင်စီအဆင့်ဆင့်ကိုအပ်လိုက်တဲ့အခါမှာ အဲဒီလိုစားကျက်မြေများဟာ ကျွန်တော်စောစောက တင်ပြခဲ့သလို လယ်ယာထုတ်ကုန်ပိုမိုစေရန်ဆိုတဲ့အကြောင်းပြချက်နဲ့ စားကျက်မြေများကိုသီးစား ချထားပါတယ်။ ပုဇွန်မွေးမြူရေးကန်တွေချထားပါတယ်။ အဲဒီလိုလုပ်လာတော့ ကျွန်တော်တို့ ကျွဲနွားတွေအတွက်စားစရာ စားကျက်မြေဟာ လုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလိုကြောင့် ကျွန်တော်ကနေပြီးတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကို ကျွန်တော်မေးချင်ပါတယ်။ မေးခွန်းသုံး၊ လေးခုလောက်ခွင့်ပြုပါ။ မြန်မာနိုင်ငံတစ်ဝန်း၌လက်ရှိ ကျွဲ၊ နွားတိရစ္ဆာန်စားကျက်မြေဧက မည်မျှ ရှိပါသနည်း။ ၁၉၆၂ ခုနှစ် မတိုင်မီက ကျွဲ၊ နွားတိရစ္ဆာန်စားကျက်မြေဧကမည်မျှရှိပါသနည်း။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိရစ္ဆာန်စားကျက်မြေဧကမည်မျှရှိ၍ ယင်းအနက် သီးစား ချထားခြင်းနှင့် သား၊ ငါး၊ ပုဇွန်မွေးမြူကန်တာများအဖြစ် ဧကပေါင်းမည်မျှခွင့်ပြုခဲ့ပါသနည်း။ ၂၀၁၀-၂၀၁၁ နှစ်အတွင်း မင်းပြားမြို့နယ်တွင် စားကျက်မြေနှင့် ကန့်သတ်မြေဧကပေါင်း မည်မျှရှိ၍  ယင်းအနက် သီးစားချထားမြေဧကနှင့် ပုဇွန်မွေးမြူရေးတမံအဖြစ်ခွင့်ပြုမြေဧကမည်မျှရှိပါသနည်း။ နံပါတ်ငါးအနေနဲ့က ယင်းသို့တိရစ္ဆာန် ကျွဲ၊ နွား စားကျက်မြေများတွင် သီးစားချခွင့်ပြုပေးခဲ့သော မြေများအနက် ငါး၊ ပုဇွန်မွေးမြူ‌ရေးခွင့်ပြုခဲ့သောမြေများကို တောင်သူလယ်သမားများ ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်ကျွဲ၊ နွားများဘဝအသက်ရှင်ရပ်တည်နိုင်ရေး အတွက်လည်းကောင်း‌ ဆောလျင်စွာရုပ်သိမ်းပေးနိုင်ပါသလား။ ထိုသို့ မရုပ်သိမ်းပေးနိုင်ပါက အဘယ်ကြောင့်ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးတွင် ယခင်ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီမှ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော ကျွဲ၊ နွားစားကျက် မြေထိန်းသိမ်းရေးစာရင်းအင်းကိန်းဂဏန်းများဖော်ပြချက်အရ ၁၉၆၂ ခုနှစ်မတိုင်မီက ကျွဲ၊ နွား စားကျက်မြေဧရိယာစုစုပေါင်းဧက ၉၁၇၀၂၆ ဧကရှိခဲ့ကြောင်းနှင့် ၂၀၁၀-၂၀၁၁ ခုနှစ်၊ စာရင်းအင်း ကိန်းဂဏန်းများအရ ကျွဲ၊ နွားစားကျက်မြေဧရိယာ ၇၆၀၉၉၁ ဧကကျန်ရှိကြောင်းတွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရသေ့တောင် မြို့နယ်တို့မှာ စပါးစိုက်ပျိုးရန်အတွက် ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေအဖြစ်မှပယ်ဖျက်ခဲ့သည့်ဧရိယာမှာ စုစုပေါင်း ၄၄၆၀ ဧက ရှိခဲ့ပြီးတော့မှ ၂၀၁၀-၂၀၁၁ ခုနှစ်စာရင်းဇယားအရ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စားကျက်မြေဧရိယာ ၇၉၉၇၂ ဧကကျန်ရှိကြောင်းနှင့် စားကျက်မြေဧရိယာများမှာ ငါး၊ ပုဇွန် မွေးမြူရေးကန်များအဖြစ် တရားဝင်ခွင့်ပြုချထားခဲ့ခြင်းမရှိသော်လည်းပဲ ငါး၊ ပုဇွန် မွေးမြူရေးကန်များအဖြစ်ဧကပေါင်း ၂၄၅၃ ဧကအသုံးပြုထားကြောင်းတွေ့ရှိရပါတယ်။ မင်းပြားမြို့နယ်မှာ ၂၀၁၀-၂၀၁၁ ခုနှစ်၊ စာရင်းဇယား များအရ ကျွဲ၊ နွားစားကျက်မြေဧရိယာ ၁၁၇၉၃ ဧကရှိပြီး၊ ၂၀၀၄ ခုနှစ်မှာ စပါးစိုက်ပျိုးရန်အတွက် စားကျက်မြေ ၁၂၃၆ ဧကကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုခဲ့ကြောင်းနဲ့ ကျွဲ၊ နွားစားကျက်မြေများမှ ငါး၊ ပုဇွန်မွေးမြူရေးအတွက် တရားဝင် ခွင့်ပြုထားခဲ့ခြင်း မရှိသော်လည်းပဲ မင်းပြားမြို့နယ်မှာ ပုဇွန်မွေးမြူရေးကန်အဖြစ် ၄၂၄ ဧက အသုံးပြု လျက်ရှိကြောင်းတွေ့ရှိရပါတယ်။ ယခု ကျွန်တော်တင်ပြခဲ့တဲ့ ကျွဲ၊ နွားစားကျက်‌မြေဧရိယာများမှာ မူလပြုစုကောက်ယူထားတဲ့ ကိန်းဂဏန်းစာရင်းဇယားများအရ ဖော်ပြတင်ပြခဲ့ခြင်းဖြစ်တဲ့အတွက် ကြောင့် မြေပြင်ပကတိအမှန်အခြေအနေနှင့်လည်း ကိန်းဂဏန်းအချုပ်ကွဲလွဲမှုရှိနိုင်မည်ဖြစ်ကြောင်း လည်းပဲသုံးသပ်ရရှိပါတယ်။ မြေအသုံးချမှု၊ မြေပြင်ကိန်းဂဏန်းများမှန်ကန်စွာရရှိရေးအတွက် မိမိတို့ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေပြင်စာရင်းကောက်ယူအတည်ပြုနိုင်ရေးတာဝန်ကို အလေးအနက်ထားပြီးဆောင်ရွက်စေလျက်ရှိပါတယ်။ ထို့အတူပဲ သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့်လည်းပဲ အထူးအလေးထား ကြပ်မတ်ကွပ်ကဲ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ပါရန်ကိုလည်းပဲ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံတော်အဆင့်မှ မပြတ်နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိနေပါတယ်။

          ကျွဲ၊ နွားစားကျက်မြေစီမံခန့်ခွဲခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတည်ဆဲဥပဒေများနှင့်အညီ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏အဆင့်ဆင့်စိစစ်တင်ပြ ချက်များအရ ကြီးကြပ်ဆောင်ရွက်သည့်စနစ်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ယခုတင်ပြတဲ့ ကိစ္စအပေါ်မှာ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များထံသို့တင်ပြပြီးတော့ တောင်သူလယ်သမားများရဲ့ အခက်အခဲများကို လက်တွေ့ပကတိမြေပြင်အခြေအနေနဲ့ကိုက်ညီစွာ စိစစ်သုံးသပ်ဆောင်ရွက်ပေး သွားကြရန်လိုအပ်မည်ဖြစ်ပါကြောင်းလည်းပဲ အနှစ်ချုပ်ဖြေကြားလိုပါတယ်။ တောင်သူလယ်သမား များရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာစေရေး အတွက် ကျေးလက်ဒေသများမှာ ကျွဲ၊ နွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအထောက်အကူပြုနိုင်တဲ့လုပ်ငန်းဖြစ်သည့်အားလျော်စွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများအပါအဝင် ဒေသအလိုက်ပြည်သူ လူထု၏လိုအပ်ချက်အပေါ်မှာ စနစ်တကျမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာနိုင်စေရေး အတွက် သုံးသပ်စီမံ‌ဆောင်ရွက်ပေးသွားကြရန်နှင့် အလေးထားပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ် နေတဲ့အချက်များအပေါ်တွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နယ်မြေပြည်သူလူထု၏လိုအပ်ချက်အခက်အခဲများကို အလေးထား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။