(င)-ရန်ကုန်-မော်လမြိုင်-ဘားအံနှင့် ရန်ကုန်-သထုံ-ဘားအံမီးရထားလမ်း ပြေးဆွဲပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၉-၉-၂၀၁၁)

ကျေးလက်ဒေသဖွံ့ဖြိုးစေရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အလွန်အဓိကကျသကဲ့သို့ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးသည် လည်းဆင်းရဲနွမ်းပါးမှု လျှော့ကျစေရေးကို အထောက်အကူပြုစေကြောင်း နားလည်မိပါသည်။ အထူး သဖြင့် ကရင်ပြည်နယ်မြို့ရှိ ဖာပွန်၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီကဲ့သို့သော နယ်စပ်မြို့နယ်များမှ ဒေသခံပြည်သူများသည် ဘားအံမြို့မှ တစ်ဆင့် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ ကူးသန်းသွားလာနေကြရပါတယ်။ ပြည်တွင်းဖြစ်စားသောက်ကုန်၊ လူသုံးကုန်များကိုလည်း ရန်ကုန်မြို့ တွင်အများဆုံးဝယ်ယူကြရပါသည်။ ၎င်းကုန်ပစ္စည်းများကို သယ်ဆောင်ရာ၌ ကုန်တင်ဝန်ဆောင်ခမှာ အလွန်ဈေးနှုန်းမြင့်မားလျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ဒါ့အပြင် ရန်ကုန်မှဘားအံသို့ ညပိုင်း သွားလာနေကြရသော ခရီးသည်တင်ကားများသည် သံလွင်မြစ်ကူးတံတားထိပ်၌ ည ၁၂ နာရီ ဝန်းကျင် တွင်ရောက်ရှိလာပြီး လမ်းတံတား၏ လုံခြုံရေးကြောင့် မနက် ၅ နာရီအထိ စောင့်ဆိုင်းနေကြရ ပါသည်။ အထူးသဖြင့် မိုးရာသီကာလ၌ ခရီးသွားလာရသော လုပ်သားပြည်သူများသည် ပို၍စိတ် အနှောင့်အယှက်ဖြစ်ကြရပါသည်။ ထိုသို့ စောင့်ဆိုင်းရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်း သာမက အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာရသော သက်ကြီးရွယ်အိုများ၊ သားသည် မိခင်များ အတွက် အလွန်စိတ်ညစ်ရပါသည်။ ယခုအခါ မြဝတီမြို့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများထား ရှိပေးခြင်း၊ ဘားအံမြို့နှင့်မြဝတီမြို့တွင် စက်မှုဇုန်များ တည်ဆောက်ပေးရန် စီစဉ်နေပြီဖြစ်ရာ ကုန်စည် စီးဆင်းမှုသည် မကြာမီ ပိုမိုကောင်းမွန်လာမည်ဟု ယူဆရပါသည်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရေးနှင့် ကုန်စည်သယ်ဆောင်စရိတ် ပိုမိုသက်သာစေရေးအတွက် ရန်ကုန်-မော်လမြိုင်-ဘားအံ သို့မဟုတ် ရန်ကုန်-သထုံ-ဘားအံ မီးရထားများပြေးဆွဲပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

ရန်ကုန်-သထုံမှ ဘားအံရထားလမ်းကို စဉ်းစားမည်ဆိုပါက ရန်ကုန်-သထုံ-မြိုင်ကလေးရထားလမ်း အရှည် ၁၆၀ မိုင်မှာ လက်ရှိရထားပြေးဆွဲနေသော ရထားလမ်းပိုင်းဖြစ်ပါတယ်။ ထိုရထားလမ်းကို ဘားအံကို ဆန့်ထုတ်မည်ဆိုပါက သံလွင်မြစ်ကူးနှင့် ဘားအံဘူတာနေရာ ရွေးချယ်မှုပေါ်မှာမူတည်ပြီး တော့ရထားလမ်းကို ၆ မိုင်မှ ၈ မိုင်အထိ ဆက်လက်ဖောက်လုပ်ပေးရမှာဖြစ်ပါတယ်။ ထို့အပြင် လက်ရှိ သံလွင်မြစ်ကူးကားလမ်းတံတားမှာ ရထား၏ဝန်ချိန်ကို ခံနိုင်မည်မဟုတ်သဖြင့် သီးခြား သံလွင်မြစ်ကူး ရထားတံတားကြီးကို ထပ်မံတည်ဆောက်ရမှာဖြစ်ပါတယ်။ ရန်ကုန်-မော်လမြိုင်မှ ဘားအံရထားလမ်း ကိုရွေးချယ်မယ်ဆိုရင် အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်ကို ဖြတ်ကူးရန် ရထားတံတားများအပြင် နောက်ထပ် ရထားလမ်းအရှည် ၂၅ မိုင်ကို ထပ်မံဖောက်လုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ ရထားလမ်း     ၂ ခုအနက် ရန်ကုန်-သထုံ-မြိုင်ကလေးမှ ဘားအံအထိ ရထားလမ်းမှာ ပိုမိုသင့်လျော်သောလမ်း ဖြစ်ပါတယ်။ သံလွင်မြစ်ကူးရထားတံတား မတည်ဆောက်နိုင်မီကာလတွင် ယခုကားလမ်း တံတား၏ထိပ် တစ်ဖက်တစ်ချက်တွင် ဘူတာဆောက်လုပ်၍ ရထားလမ်းဖောက်လုပ်သင့်ပါတယ်။ မြန်မာ့မီးရထား အနေဖြင့် ရထားလမ်းကွန်ရက်များအား နိုင်ငံတစ်ဝန်းရောက်ရှိစေရေးအတွက် တည်ဆောက်လျက် ရှိရာဆောင်ရွက်ဆဲ ရထားလမ်းစီမံကိန်း ၁၃ ခု၊ လမ်းအရှည် ၂၂၅၅ မိုင်ဖောက်လုပ်ရန်ရှိပြီး ယခုအခါ ၄၇၅ မိုင်ကို ဖောက်လုပ်ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ ရထားလမ်းအရှည် ၁၇၈၀ မိုင်ကိုလည်း ဆက်လက် ဖောက်လုပ်လျက်ရှိပါတယ်။ အထက်ပါဖော်ပြတဲ့ ရထားလမ်းများကို ဖောက်လုပ် ပြီးစီးသွားပါက ဘားအံ သို့ ရထားလမ်း ဆက်လက်ဖောက်လုပ်မည်‌့ကိစ္စကို နိုင်ငံတော်အစိုးရသို့တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။