(ခ)-နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၉-၉-၂၀၁၁)

           အခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးကနေပြီးတော့ ကျေးရွာ ဒေသ များပါအပါအဝင် နိုင်ငံသားများဟာ အခြားနိုင်ငံများကို သွားရောက်ပြီးတော့ အကြောင်း ကြောင်းကြောင်‌့ သွားရောက်ကြတာတွေ့ရှိရပါတယ်။ အဲဒီလိုသွားရောက်တဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်များကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရန်ကုန်မြို့တစ်မြို့တည်းမှာ သွားရောက်ပြီးတော့ ထုတ်ယူရတာကြောင့် စောင့်ဆိုင်းနေရတဲ့ အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကူးလက်မှတ်တွေကို နေပြည်တော်မှာ သော်လည်းကောင်း၊ ပြည်နယ်တိုင်း အစိုးရအဖွဲ့ရုံးစိုက်ရာ Chief Minister ဝန်ကြီးချုပ်ရုံးများရှိတဲ့ ရုံးများသော်လည်းကောင်း ဖွင့်လှစ် ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရွှေကျင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးကို နေပြည်တော်တွင် လည်းကောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့များတွင်လည်းကောင်း တိုးချဲ့ဖွင့် လှစ်ပေးရေးနဲ့ ပတ်သက်ပြီးတဲ့ကိစ္စဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရန်ကုန်မှာဖွင့်လှစ်ထား တဲ့မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးကို နေပြည်တော် သို့မဟုတ် တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရအဖွဲ့ ရုံးစိုက်တဲ့ မြို့ကြီးတွေမှာတိုးချဲ့ဖွင့်လှစ်ပေးဖို့တော့ လက်ရှိအစီအစဉ်မရှိသေးပါဘူး။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေနဲ့ ယခင်ကနိုင်ငံကူးလက်မှတ်တွေကို တစ်လ         အတွင်းမှာ ထုတ်ပေးလျက်ရှိတဲ့နေရာမှာ နိုင်ငံကူးလက်မှတ်စောင့်ဆိုင်းထုတ်ယူရတဲ့ အခက်အခဲတွေရှိ တာတွေကိုတွေ့ရှိရပါတယ်။ ဒီအခက်အခဲတွေကို လျှော့ချနိုင်အောင်အတွက်လည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့ကစပြီး တော့မှထုတ်ပေးတဲ့ရုံးနေရာကိုလည်း ပြောင်းရွှေ့ပြီးတော့ ရက်သတ္တပတ်သုံးပတ်အတွင်းမှာ ထုတ်ပေး နိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ လုံခြုံရေးအရ လာရောက်လျှောက်ထား သူတွေနဲ့ပတ်သက်ပြီးတော့ ကိုယ်ရေးနောက်ကြောင်းစိစစ်ဖို့နဲ့ အမည်မဲ စာရင်းစိစစ်ဖို့အတွက်       ရက်သတ္တပတ်ဟာနှစ်ပတ်ကနေသုံးပတ်အတွင်း ကြန့်ကြာတာဖြစ်တဲ့အတွက် သုံးပတ်ခန့်ကြာ မှသာထုတ် ပေးနိုင်ခြင်းဖြစ်ပါတယ်။ ၎င်းအပြင် မြန်မာနိုင်ငံကူးလက်မှတ်တွေကို ၂၀၁၀ ခုနှစ်၊ ဧပြီလ၊ ၁ ရက် နေ့ကစပြီးတော့မှ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ICAO ရဲ့ သတ်မှတ်ချက်များနဲ့အညီ Machine Retailble Passport  MRP စနစ်ကိုပြောင်းလဲပြီးတော့မှ နိုင်ငံတကာနဲ့အဆင့်မီအောင် ပြောင်းလဲပြီးတော့မှကျင့်သုံးနေရပါတယ်။ ဒီ MRP စနစ်ဟာ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများနဲ့ ရိုက်နှိပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ထို့အတူပဲ ဒီနိုင်ငံကူးလက်မှတ် စာအုပ်အလွတ်တွေဟာလည်း လုံခြုံရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့အတွက် သတ်မှတ်ထား တဲ့တစ်နေရာတည်းမှာပဲ ထားသိုခြင်း၊ ထိန်းသိမ်းခြင်း၊  ဖြန့်ဖြူးခြင်းတွေကို ပြုလုပ်ပေးနေရတဲ့ အတွက်လည်း ပါဝင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အခုကို ခေတ်မီစနစ်တွေ ကျင့်သုံးပြီးတော့ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အခုလို ရန်ကုန်မြို့တစ်နေရာထဲ ကနေပြီးတော့မှပဲ ထုတ်ပေးနေရခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ရန်ကုန်ကိုလာရောက်ပြီးတော့ ထုတ်ယူဖို့အတွက် အထူးအခက်အခဲရှိနေ တဲ့ ကိစ္စရပ်တွေရှိပါတယ်။ ဥပမာ- ကျန်းမာရေးမကောင်းတာ၊ အသက်အရွယ်ကြီးရင့်တာ သို့မဟုတ် အခြေအနေအရ၊ လိုအပ်ချက်အရ ရှိလာလို့ရှိရင်တော့ ကျွန်တော်တို့ဒီ Home Service လို့ခေါ်တဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ပေးဖို့အတွက် အဖွဲ့ဖွဲ့ပြီးတော့မှ ကျွန်တော်တို့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒီလို အထူးအခက်အခဲတွေရှိလာပြီ ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးမှာရှိတဲ့  ဒီ Home Service ဌာနစိတ်ကို လျှောက်ထား လာမယ်ဆိုလို့ရှိရင် စိစစ်ပြီးတော့မှ ကျွန်တော်တို့အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။