(က)-နမ့်ပန်ကျေးရွာအုပ်စုကို မြို့နယ်အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၉-၉-၂၀၁၁)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်သည် ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးဌာန၏ ၁၉၆၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ပြဋ္ဌာန်းချက်အမှတ် ၃၂၆ အရ ပြန်တမ်းဝင်မြို့နယ်ဖြစ်ခဲ့ပြီး မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၅၆၁.၄၀၆၂၅ စတုရန်းမိုင်၊ ဧကအားဖြင့် ၃၅၉၃၀၀ ဧကရှိ၍ တောင်နဲ့ မြောက် ၅၃ မိုင်ခန့်၊ အရှေ့နဲ့အနောက် ၁၇ မိုင်ခန့် ကျယ်ဝန်းပါသည်။ ရပ်ကွက် ၈ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၆ ရွာနှင့် လူဦးရေ နှစ်သိန်းနီးပါးရှိပါသည်။ ညောင်ရွှေမြို့သည် ညောင်ရွှေမြို့နယ်၏ မြောက်ဘက်အစ ၆ မိုင်အကွာတွင်တည်ရှိပြီး မြို့နယ် တောင်ဘက်အခြမ်းနှင့် ဝေးကွာ၍ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့ပါသည်။

          ညောင်ရွှေမြို့နယ်၊ နမ့်ပန်ကျေးရွာ အုပ်စုသည် တစ်ချိန်က မြို့နယ်ခွဲတစ်ခုအဖြစ် ဖြစ်ခဲ့သည်နှင့်အညီ အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ၁ ကျောင်း၊ မူလတန်း ကျောင်းပေါင်း ၅၀ ကျော်၊ ခုတင် ၅၀ ဆံ့ ရှေးယခင်ကာလကပင်ရှိခဲ့သော နမ်‌့ပန်ဆေးရုံ၊ ၁၃ ခုတင်ဆံ့ ဟဲယာရွာမဆေးရုံ၊ ၁၃ ခုတင်ဆံ့ စကားဆေးရုံ၊ ရှမ်းပြည်နယ်တွင် ညောင်ရွှေမြို့နယ်အတွင်း     ပဒေသရာဇ်ခေတ်ကို တော်လှန်ခဲ့သော အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ပေးခဲ့သော အကြီးမားဆုံး၊ အစည်ကားဆုံးသောဈေး၊ ရောင်းဝယ်ဖောက်ကားရန် အချက်အချာကျ၍ ကောင်းမွန်သော ဆိပ်ကမ်းများနှင့် ရဲစခန်းစသည့် မြို့အင်္ဂါရပ်များနှင့်လည်း ညီညွတ်နေပါသည်။ မြို့နယ်ရုံးစိုက်ရာ ညောင်ရွှေမြို့မှ ဖယ်ခုံမြို့နယ်စပ်ထိ ခရီးမိုင် ၅၃ မိုင်ခန့်ကွာဝေးပြီး နမ့်ပန်ကျေးရွာအုပ်စုသည် ၎င်း ခရီး၏တစ်ဝက်ခန့်တွင် တည်ရှိပါသည်။ တစ်ချိန်က သောင်းကျန်းသူများ၏ ဆူပူသောင်းကျန်းမှုများ ကြောင့်တရားဥပဒေစိုးမိုးရေး၊ ပျက်ယွင်းလာရာမှ ၁၉၆၇-၁၉၆၈ ခုနှစ်တွင် မြို့နယ်ခွဲအဆင့်မှ ကျေးရွာအုပ်စုအဆင့်သို့ လျှော့ချသတ်မှတ်ခြင်းခံခဲ့ရပါသည်။ နမ့်ပန်မြို့နယ်အား မြို့နယ်အဖြစ် သတ်မှတ်ပေးပါက နမ်‌့ပန်မြို့နယ်တွင် လူဦးရေ တစ်သိန်းနီးပါး ညောင်ရွှေမြို့နယ်တွင် လူဦးရေ     တစ်သိန်းကျော်ခန့်ရှိမည်ဖြစ်၍ လူဦးရေအချိုးအစားမျှတမှုရှိပါသည်။ နမ့်ပန်မြို့နယ်တွင် ကျေးရွာ အုပ်စု ၂၀ ခန့်နှင့် ရွာပေါင်း ၂၀၀ ကျော်ရှိ၍ အုပ်ချုပ်မှုယန္တရား ပိုမိုသွက်လက်လာမည် ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄၅ နှစ်ကျော်က ရရှိခဲ့သည့် နမ့်ပန်မြို့နယ်ဟာ မြို့နယ်တစ်ခုအဖြစ် ပြန်လည် သတ်မှတ်ရရှိနိုင်ရေးအတွက် အင်းသူအင်းသားတို့မှာ အထူးမျှော်လင့်စောင့်စားနေပါသည်။ ယခု အချိန်တွင် တရားဥပဒေစိုးမိုးလာပြီဖြစ်သည်နဲ့အညီ နယ်မြေဒေသများမှာလည်း အေးချမ်းလာခဲ့သည် မှာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် မေးခွန်း (က) နမ့်ပန်ကျေးရွာအုပ်စုအား မြို့နယ် အဆင့်သို့ ပြန်လည်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါသည်။ တစ်ဆက်တည်းမှာပဲ (ခ) မြို့နယ် အဆင့်သို့ ပြန်လည်တိုးမြှင့်ရရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)၊ ပုဒ်မ ၅၄ မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နမိတ်များပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လာလို့ရှိရင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီးတော့ နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဤဥပဒေပြဋ္ဌာန်းချက်နဲ့အညီ လိုက်နာ ဆောင်ရွက်ပြီးတော့ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြလာပါက နိုင်ငံတော်သမ္မတရုံးမှသက်ဆိုင် ရာကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ်ပြင်ဆင်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းနဲ့ပတ်သက် ပြီးတော့သဘောထား ပြန်လည်တင်ပြဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး  ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးတွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ရန် အောက်ဖော်ပြပါ အချက်အလက်များနဲ့ပြည့်စုံတဲ့ အမှုတွဲကိုတည် ဆောက်ပြီးတော့မှ ပြန်လည်တင်ပြစေပါတယ်။ ဒါတွေကတော့ (၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ၊ (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် အစည်းအဝေးမှတ်တမ်း၊ (၃) သက်ဆိုင်ရာ ဝန်ကြီးချုပ်ရဲ့သဘောတူညီကြောင်း ထောက်ခံချက်နဲ့ (၄) လိုအပ်တဲ့မြေပုံ၊ စာရွက်စာတမ်းတွေပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်တင်ပြလာတဲ့အမှုတွဲကို လက်ခံရရှိတဲ့အခါမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့စိစစ်ပြီး တော့ နိုင်ငံတော်သမ္မတရုံးကို သဘောထားပြန်လည်တင်ပြ အစီရင်ခံရပါတယ်။ နိုင်ငံတော် သမ္မတရုံးက ထပ်မံစိစစ်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးကို အမှာစာတင်ပြသွားရန် ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားစာပို့ ရပါတယ်။ သက်ဆိုင်ရာကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ်၊ မြို့ပြင်ဆင်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းတွေ အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးက သဘောတူညီကြောင်း ဆုံးဖြတ်ပါက ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်တဲ့ အမိန့်ကြော်ငြာစာတွေ၊ ပြန်တမ်းတွေ ထုတ်ပြန်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စုကို မြို့နယ်အဆင့်ကို တိုးမြှင့်ပေးရေး မေးခွန်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ကျွန်တော်တင်ပြခဲ့တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ဖြေကြားပါသည်။