(င)-တောင်ရှည်ကျေးရွာအုပ်စုမူလတန်းကျောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈-၉-၂၀၁၁)

နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မံမော်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး လူထုပိုင်မူလတန်းကျောင်းကို ၁၉၉၈ ခုနှစ်မှစ၍ ကျောင်းသားမိဘတစ်ဦးက ၎င်းပိုင်မြေ ၄.၇၅ ဧကကိုလှူဒါန်းပြီး ရပ်ရွာကျောင်းသားမိဘများက အလျားပေ ၇၀၊ အနံ ၁၈ ပေ၊ ရှေ့စမိတ် ၈ ပေရှိ အုတ်ကာသွပ်မိုးကွန်ကရစ်ခင်း တစ်ထပ်ကျောင်းဆောင်ကို ကျောင်းအင်္ဂါရပ်နဲ့ လျော်ညီစွာဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၎င်းကိုယ့်အားကိုယ်ကိုး လူထုပိုင် မူလတန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကြားပေးရန်အတွက် ဆရာ၊ ဆရာမ နှစ်ဦးကိုလည်း တစ်လလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့်ငှားရမ်းခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ (က) နောင်ချို့မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မံမော်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး လူထုပိုင်မူလတန်းကျောင်းအား နိုင်ငံတော်အစိုးရအသိအမှတ်ပြု အခြေခံပညာမူလတန်းကျောင်း အဖြစ် အသိအမှတ်ပြုရန်အစီအစဉ်ရှိပါသလား။ (ခ) အကယ်၍အစီအစဉ်ရှိမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ခွင့်ပြုမိန့်ချထားပေးမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာမူလတန်းကျောင်း အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ရေးအတွက် မူလတန်းအဆင့်တွင်တက်ရောက်နေသော ကျောင်းသားဦးရေ၊ ပတ်ဝန်းကျင်ကျောင်းများရှိ ကျောင်းသားဦးရေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုအခြေအနေနှင့် ကျောင်းဥပဓိရုပ်များ အခြေအနေကိုစိစစ်၍ ကျောင်းအဆင့်မြှင့်တိုးမြှင့်ရေးအတွက် ဆောင်ရွက်လျက် ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ဒေသခံကျောင်းသား၊ ကျောင်းသူများ မူလတန်းအဆင့် ပညာသင်ကြားနိုင်ရန်အတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းပေါင်း ၆၉ ကျောင်းအား ဖွင့်လှစ်ပေးခဲ့ရာ ပြည်နယ်အတွင်းအခြေခံပညာမူလတန်းကျောင်းပေါင်း ၁၂၁၀ ကျောင်းထိဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခြေခံပညာမူလတန်းကျောင်း အဆင့်တိုးမြှင့်ရန်အတွက် မံမော်ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးသာရှိ၍ ကျောင်းသားဦးရေနည်းပါးနေပါသဖြင့် အခြေခံပညာမူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့်မရရှိသေး ခြင်းဖြစ်ပါတယ်။ အဆိုပါကျောင်း၏ ကျောင်းသားဦးရေနှင့် ပတ်ဝန်းကျင်ကျောင်းများရှိ ကျောင်းသား ဦးရေတိုးတက်လာမှု၊ ကျောင်းအဆောက်အဦ ကောင်းမွန်ပြည့်စုံမှုတို့အပေါ်မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။