နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ဟာ မိုင် ၃၀ ကျော်အကွာအဝေးရှိပြီး နောင်ချိုမြို့မှ ၁၈ မိုင်အကွာမှာ ဘန့်ဘွေးအေးရှားဝေါလ်ဂိတ်တည်ရှိပါတယ်။ ဘန့်ဘွေးအေးရှား ဝေါလ်ဂိတ်မှ ၁၂ မိုင်အကွာမှာ ပြင်ဦးလွင်အေးရှားဝေါလ်ဂိတ်တည်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင် ၃၀ အကွာအဝေးတွင် လမ်းအသုံးပြုခကောက်ခံရေးဂိတ်နှစ်ခုရှိနေခြင်းမှာ နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားမည်ဆိုပါက အသွားနှစ်ကြိမ် အပြန်နှစ်ကြိမ် လမ်းအသုံးပြုခ လေးကြိမ်ပေးဆောင်နေရခြင်းမှာ အများပြည်သူများအတွက် နစ်နာရပါတယ်။ သို့ဖြစ်ပါ၍ နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ မိုင် ၃၀ အကွာအဝေးအတွင်း မည်သို့သောအကြောင်းကြောင့် ဂိတ်နှစ်ခုဖွင့်စေခြင်းကို သိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်လမ်းပေါ်ရှိတဲ့ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့ မိုင် ၃၀ သာကွာဝေးပါတယ်။ နောင်ချိုမြို့ကနေ ၁၈ မိုင်ကွာမှာ ဘန့်ဘွေးအေးရှားဝေါလ် ဂိတ်၊ ဘန့်ဘွေးဂိတ်ကနေပြီး ၁၂ မိုင်အကွာ ပြင်ဦးလွင်အေးရှားဝေါလ်ဂိတ်ရှိပါတယ်။ လမ်းဖောက် လုပ်ပြီး တိုးဂိတ်များဖွင့်လှစ်ခြင်းရှိတဲ့အတွက် စည်းမျဉ်းအရ မိုင် ၄၀ အကွာမှာ ဂိတ်တစ်ခုသာရှိရ မည်ဟုသိရှိပါတယ်။ နောင်ချို၊ ပြင်ဦးလွင်ဟာ မိုင် ၃၀ သာဝေးသော တိုးဂိတ်နှစ်ခုဖြစ်တဲ့အတွက် နေ့စဉ်သွားလာနေသူများနစ်နာနေပါတယ်။ အမှန်မှာ မိုင် ၃၀ အကွာအဝေးမှာ တိုးဂိတ်တစ်ခုသာ ရှိသင့်ပါတယ်။ သို့ဖြစ်ပါ၍ နောင်ချိုမှပြင်ဦးလွင်လမ်းမိုင် ၃၀ အတွင်းဂိတ်နှစ်ခုရှိနေသည့်အတွက် တစ်ခုကို ဖျက်သိမ်းပေးရန်အစီအစဉ်ရှိ၊မရှိ မေးမြန်းသောမေးခွန်းကို ရှင်းလင်းတင်ပြသွားမှာဖြစ် ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်လမ်းအပိုင်းဟာ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်ကနေပြီးတော့မှ နိုင်ငံတော်ကနေပြီးတော့ ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင်တွေကို B.O.T စနစ်ဖြင့် လမ်းတံတားတည်ဆောက်ခြင်း၊ လမ်းအသုံးပြုခကောက်ခံစေခြင်းအား ပထမဦးဆုံးခွင့်ပြုခဲ့သော လမ်းအပိုင်းဖြစ်ပါတယ်။ မန္တလေးမြို့ မှ မူဆယ်မြို့အထိ လမ်းပိုင်းဟာ မိုင်တိုင် ၈ မိုင်ကနေပြီးတော့ ၂၇၄ မိုင် ၃ ဖာလုံအထိ ၂၆၆ မိုင်နဲ့ ၃ ဖာလုံကို အေးရှားဝေါလ်ကုမ္ပဏီလီမိတက်က လမ်းအသုံးပြုခကောက်ခံရေးစခန်း ၁၁ ခုဖွင့်လှစ် ပြီးတော့ ကောက်ခံလျက်ရှိပါတယ်။ ဂိတ် ၁၁ ခုကတော့ မိုင်တိုင် ၁၅/၇ မှာရှိနေတဲ့ အုန်းချောဂိတ်၊ မိုင်တိုင် ၄၇/၄ မှာရှိတဲ့ ပွဲကောက်ဂိတ်၊ မိုင်တိုင် ၅၉/၆ မှာရှိတဲ့ ဘန့်ဘွေးဂိတ်၊ မိုင်တိုင် ၇၉/၂ မှာရှိတဲ့ နောင်ချိုဂိတ်၊ မိုင်တိုင် ၁၁၀/၄ မှာရှိတဲ့ ကျောက်မဲဂိတ်၊ မိုင်တိုင် ၁၂၇/၃ မှာရှိတဲ့သီပေါဂိတ်၊ မိုင်တိုင် ၁၆၃/၃ မှာရှိတဲ့ ခေးနင်းဂိတ်၊ မိုင်တိုင် ၁၇၉/၀ မှာရှိတဲ့ လားရှိုးဂိတ၊် မိုင်တိုင် ၂၀၆/၆ မှာရှိတဲ့ သိန္နီဂိတ်၊ မိုင်တိုင် ၂၂၂/၆ မှာရှိတဲ့ ကွတ်ခိုင်ဂိတ်၊ မိုင်တိုင် ၂၇၄/၃ မှာရှိတဲ့ မိုင်းယု (ခေါ်) မူဆယ်ဂိတ်တို့ဖြစ် ပါတယ်။ ဂိတ်တွေရဲ့တည်နေရာတွေကတော့ မန္တလေး-လားရှိုး-မူဆယ်လမ်း တစ်လျှောက်မြို့ကြီးများ အစဉ်အတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ ၎င်းလမ်းမကြီးများကို သွားလာဆက်သွယ်နေတဲ့ အတက်အဆင်းများနဲ့ ဆုံရာအနီးမှာ စခန်းများတည်ဆောက်ပြီး ကောက်ခံလျက်ရှိပါတယ်။ မြို့ကြီး တစ်မြို့နဲ့တစ်မြို့အကွာအဝေးအရလည်းကောင်း၊ အဝင်အထွက်လမ်းများရဲ့ ဝင်ရောက်ဆက်သွယ်မှု အနေအထားအရလည်းကောင်း အုပ်ချုပ်မှုနဲ့ လမ်းဆောက်လုပ်ရေး၊ထိန်းသိမ်းရေး၊ စီမံကွပ်ကဲရေး လွယ်ကူသောအမှတ်အသားအရလည်းကောင်း တစ်ဂိတ်နဲ့တစ်ဂိတ်အကွာအဝေးများကို အချိုးညီညီ တည်ဆောက်ထားခြင်းမျိုးမဟုတ်ပါဘူး။ လုပ်ငန်းဆောင်ရွက်တဲ့ကုမ္ပဏီမှာ တစ်ခုတည်းဖြစ်တဲ့အတွက် အနီးအဝေး သတ်မှတ်ချက်မထားပဲ လုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေမှုနဲ့ရေရှည်ဆောင်ရွက်နိုင်မှု ကိစ္စအပေါ်မှာ ရည်မှန်းပြီးသာဆောင်ရွက်ထားခြင်းပဲဖြစ်ပါတယ်။
အေးရှားဝေါလ်ကုမ္ပဏီလီမိတက်မှ B.O.T စနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ မန္တလေး-လားရှိုး- ဗန်းမော်လမ်းပေါ်မှ ဂိတ်များဟာ လမ်းအသုံးပြုခကောက်ခံရေးတစ်ခုတည်းအတွက် တည်ဆောက် ထားခြင်းမဟုတ်ပါဘူး။ လမ်းအသုံးပြုခကောက်ခံရေးစခန်းတစ်ခုဟာ အုပ်ချုပ်ရေးရုံးများ စက်ယာဉ် ယန္တရားများ၊ အင်ဂျင်နီယာများနှင့် အုပ်ချုပ်ရေးငွေစာရင်းဝန်ထမ်းများ၊ လမ်းပြင်ဆင်ထိန်းသိမ်းရေးနဲ့ တိုးချဲ့ခြင်းလုပ်ငန်းများစသည်တို့ကို စီမံချက်များအရ အကောင်အထည်ဖော်နိုင်ရန် ၎င်းအပေါ် လုပ်ငန်းပေါ်လာလို့ရှိရင် အရေးပေါ်ချက်ခြင်းစုဝေးပြီးသွားနိုင်ရန်အတွက်လည်းကောင်း စုရပ်ဌာန များအဖြစ် လမ်းစခန်းများကိုရွေးချယ်ပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြင်ဦးလွင်ဂိတ် (ပွဲကောက်ဂိတ်)၊ ဟာဘန့်ဘွေးဂိတ်၊ နောင်ချိုဂိတ်တို့ရဲ့တည်နေရာများကို အသေးစိတ်ဖော်ပြရမယ် ဆိုရင် ပြင်ဦးလွင်ဂိတ် (ပွဲကောက်ဂိတ်) ဟာဆိုလို့ရှိရင် မိုင်တိုင် ၄၇/၄ မှာတည်ရှိတာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းသစ်တည်ဆောက်လျက်ရှိသော ပြင်ဦးလွင်-မိုးကုတ်လမ်း မိုင်တိုင် ၄၆/၃ ရေငယ်ရွာတွင်လည်းကောင်း၊ မဟာအံ့ထူးကံသာဘုရားကြီးရဲ့ပတ်လမ်း ၄၇ မိုင် ၀ ဖာလုံမှာ လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်း ၄၇ မိုင် ၁ ဖာလုံမှာလည်ကောင်း လာရောက်ပြီးဆုံသော နေရာလည်းဖြစ်နေပါတယ်။ ဒါ့အပြင် ဘန့်ဘွေးဂိတ်ဟာလည်း မိုင်တိုင် ၅၉ မိုင် ၆ ဖာလုံမှာ တည်ရှိပါတယ်။ ဘန့်ဘွေးဂိတ်အနီးမှာ ဝက်ဝံရွာ မိုင်တိုင် ၅၆ မိုင် ၁ ဖာလုံနဲ့ ရှမ်းပြည် တောင်ပိုင်း ဆက်သွယ်နေသော ဝက်ဝံ-တောင်ခမ်းလမ်းနဲ့လည်းကောင်း၊ အုမ္မသီး လမ်းဆုံ ၆၄ မိုင် ၅ ဖာလုံမှာ ဒိုးပင်-ကုလားကွဲလမ်းနဲ့ တည်ဆောက်ထားပြီးတော့ အုမ္မသီး-သုံးဆယ်-ဟိုခို-ဒိုးပင်-ရတနာ သင်္ဂီလမ်း များနဲ့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ဆက် သွယ်လျက်ရှိသော ပြင်ဦးလွင်-မိုးကုတ် လမ်းဖြင့် လည်းကောင်း လာရောက်တွေ့ဆုံတဲ့ဆုံရပ်နေရာဖြစ်ပါတယ်။ နောင်ချိုဂိတ်ဟာ ၇၉ မိုင် ၂ ဖာလုံမှာ တည်ရှိပါတယ်။ နောင်ချိုဂိတ်အနီးမှာဆိုရင် ၇၇ မိုင် ၆ ဖာလုံမှာ ရှမ်းပြည်တောင်ပိုင်းနဲ့ ဆက်သွယ်နေသော ရွှေညောင်-ရပ်စောက်-ကျောက်ဂူ-ကန်ကြီး-နောင်ချိုလမ်းနဲ့ လာရောက်တွေ့ဆုံ နေပါတယ်။ ဖော်ပြပါလမ်းအပိုင်းဟာ လမ်းသွယ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်ချင်းဆက် လမ်းများနဲ့ နီးကပ်စွာဆက်သွယ်နေသောလမ်းများဖြစ်ပါတယ်။ အထူးသဖြင့် ဘန့်ဘွေးဂိတ်နဲ့ ပြင်ဦးလွင်ဂိတ်နီး ရခြင်းမှာ မန္တလေး-ပြင်ဦးလွင်လမ်း၊ မန္တလေးမှအလာ ပြင်ဦးလွင်မြို့အဝင် မိုင်တိုင် ၃၉ မိုင် ၁ ဖာလုံမှာ တိုးဂိတ်တည်ဆောက်ရန် လျာထားခဲ့ပါတယ်။ တိုးဂိတ်တည်ဆောက်ရန် မြေနေရာကိုတိုင်းတာတဲ့ အခါမှာ မြေနေရာလုံလောက်မှုမရှိခြင်း၊ ညာဘက်ခြမ်းမှာလည်း ပွေးတောင်ကော်ဖီခြံ၊ ဘယ်ဘက်ခြမ်း မှာလည်း လူနေအိမ်ခြံများရှိနေတဲ့အတွက် သတ်မှတ်နေရာမှာ တည်ဆောက်နိုင်ခြင်းမရှိတော့ဘဲ ရှေ့သို့တိုးပြီးတော့ ပြင်ဦးလွင်မြို့အထွက် မိုင်တိုင် ၄၇ မိုင် ၄ ဖာလုံကို ပြောင်းရွှေ့တည်ဆောက် ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၈၈ မိုင်နဲ့ ၃ ဖာလုံ လားရှိုးဘက်သို့ တိုးလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိုင်တိုင် ၆၀/၀ မှာရှိတဲ့ ဘန့်ဘွေးဂိတ်နဲ့ ၁၂ မိုင် ၄ ဖာလုံသာကွာဝေးပြီး နီးကပ် သွားတာဖြစ်ပါတယ်။
လမ်းအသုံးပြုခကောက်ခံရေးဂိတ် ၁၁ ခုနဲ့ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီးတော့ B.O.T စနစ်ဖြင့် သတ်မှတ်ကောက်ခံမှုများခွင့်ပြုထားတဲ့ နှုန်းထားအတိုင်း လမ်းအသုံးပြုခကောက်ခံလျက်ရှိ ပါတယ်။ လုပ်ငန်းစတင်ဆောင်ရွက်ချိန်ကနေပြီး ယနေ့အချိန်ထိ ၁၀ နှစ်တာကာလအတွင်းမှာ လမ်းအသုံးပြုသူ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းသူများထံက တိုးဂိတ်လမ်းအသုံးပြုခကောက်ခံမှု အပေါ်မှာ မကျေနပ်၍တိုင်ကြားစာများ ပေးပို့ခြင်းမရှိပါဘူး။ လမ်းကောင်းမွန်စွာသွားလို့ရတဲ့အတွက် အဆင်ပြေကြောင်း သတင်းများသာရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိလမ်း အသုံးပြုခကောက်ခံရေးဂိတ် ၁၁ ခုဟာ B.O.T စနစ်ဖြင့် လမ်းတံတားအသုံးပြုခကောက်ခံခြင်း နှုန်းထားနှင့်အညီ ဂိတ်တစ်ခုချင်းအကွာအဝေးရဲ့ ကျသင့်ငွေသာကောက်ခံတာဖြစ်ပြီးတော့ ပိုမို ကောက်ခံခြင်းမရှိပါဘူး။ လုပ်ငန်းစတင်ချိန်ကနေ ယနေ့အချိန်အထိ ၁၀ နှစ်တာကာလအတွင်းမှာ မည်သည့်ပြဿနာမှ တစ်စုံတစ်ရာပေါ်ပေါက်ခြင်းမရှိဘဲ လမ်းတိုးတက်ပြုပြင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုသာ စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍် လမ်းမိုင်အကွာအဝေး အရ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်မှ ဂိတ်တစ်ဂိတ်လျှင် ပျမ်းမျှကျသင့်ငွေကိုသာကောက်ခံပြီး ပိုမို ကောက်ခံမှုမရှိခြင်းတို့ကြောင့်လည်ကောင်း၊ ပြည်သူတွေမှာ ဝန်ထုပ်ဝန်ပိုးမရှိတာကိုတွေ့ရှိရတဲ့ လတ်တလောအခြေအနေမှာ ဂိတ်ဖျက်သိမ်းရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
