(င)-ငပုတော-မြောင်းမြကားလမ်း/တံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၇-၉-၂၀၁၁)

၇ ရက်နေ့တုန်းက ကျွန်မတင်ပြခဲ့တဲ့ ဆင်ရိုင်းများနဲ့ပတ်သက်ပြီးတော့ ဆက်စပ်တဲ့ကိစ္စလေးတစ်ခုကို ကျွန်မမေးခွန်းမမေးခင်မှာ တင်ပြခွင့်ပြုပါရှင်။ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှာ တောဆင်ရိုင်းများကြောင့် ပြည်သူတွေဟာ ဒုက္ခခံစား နေရပါတယ်ဆိုတာ တင်ပြခဲ့ရတဲ့အချိန်မှာ ၁၃ ရက်နေ့မှာ ပုသိမ်-မော်တင်ကားလမ်း ကြားစခန်း တစ်ခုဖြစ်တဲ့ မြို့ခေါင်းတောင်ကျေးရွာက တတိယနှစ် စီးပွားရေးတက္ကသိုလ်တက်မယ့် ကလေးမလေး တစ်ယောက်က သူ့ရဲ့ ကျောင်းစရိတ်ရရှိဖို့အတွက် သူ့ရဲ့ အစ်ကိုများရှိရာ ငရုတ်ကောင်းတောင်၊ ငရုတ်ကောင်းလမ်းဘေးမှာရှိတဲ့  ၂၁ မိုင်မှာရှိတဲ့ ဝါးလက်ခုတ်စခန်းမှာ သွားကူညီလုပ်ကိုင်ပေးရင်းနဲ့ ၁၃ ရက်နေ့မနက်ပိုင်း ၃ နာရီခွဲလောက်မှာတော့ တောဆင်ရိုင်းတွေ ဝင်ရောက်မွှေနှောက်သွားတဲ့ အတွက်ကြောင့် အဲဒီ ကလေးမလေးသေဆုံးသွားခဲ့ရပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ တောဆင်ရိုင်း များနဲ့ပတ်သက်ပြီးတော့ အမျိုးမျိုးခြောက်လှန့်ခဲ့တဲ့အခါမှာ ဆင်တွေက ကျွန်မတို့ လူလောက်နီးနီး အသိဉာဏ်ရှိကြပါတယ်။ လယ်သမားတွေကစုပေါင်းပြီးတော့ သူတို့ကိုမီးရှို့ပြီးတော့ ဝါးဆစ်တွေ ခေါက်တယ်။ အမျိုးမျိုးခြောက်လှန့်တဲ့အခါမှာ ဆင်လိုက်လာလို့ရှိရင် ပြန်ပြေးဖို့အတွက် ကြီးမားတဲ့ သစ်ပင်ပေါ်မှာ လင့်စင်တွေဆောက်ထားရပါတယ်။ သူတို့ကို ခြောက်လှန့်တဲ့အချိန်မှာ ဆင်ပြန်လိုက် လို့ရှိရင် ခြောက်လှန့်တဲ့သူတွေက သစ်ပင်ပေါ်ကိုတက်ပြေးတဲ့အခါမှာ သူတို့ရဲ့အသိက လူတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာသိတဲ့အခါမှာ သစ်ပင်အောက်မှာရှိနေတဲ့ဝါးကိုကောက်ပြီးတော့ လင့်စင်ပေါ် ကိုဝါးနဲ့ပြန်ထိုးပါတယ်။ ဒါကျွန်မတို့ဒေသမှာ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်လေးတွေကို ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုသိရှိအောင် ကျွန်မပြန်လည်ပြီးတော့ ဖောက်သည်ချ ရခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မေးခွန်းပြန်လည်ပြီးတော့မေးပါမယ်။ ငပုတောနဲ့ မြောင်းမြကို ဟိုတုန်းကသွားမယ်ဆိုရင် ငပုတောကနေ ပုသိမ်ကို တစ်ဆင့်သ‌င်္ဘောနဲ့သွားရပါတယ်။ ပုသိမ်ကနေ မြောင်းမြကို သ‌င်္ဘောစီးပြီးညနေ ၅ နာရီ ရန်ကုန်သွားတဲ့ သ‌င်္ဘောနဲ့လိုက်သွားတဲအခါမှာ မိုးချုပ်မှ မြောင်းမြကိုရောက်ပါတယ်။ တစ်နေကုန်ခရီးသွားရပါတယ်။ ထိုနည်းတူစွာ ငပုတောကနေ စက်လှေ လေးတွေနဲ့ မြောင်းမြကိုသွားမယ်ဆိုရင်လည်း ၆ နာရီကျော်ကျော် လောက်သွားရပါတယ်။ ‌ြမောင်းမြကို ရောက်ပါတယ်။ ၁၉၉၄ ခုနှစ် လောက်ကနေစပြီးတဲ့အခါမှာ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၊ မြို့နယ်အင်ဂျင်နီယာများနဲ့ ကျေးရွာသူ၊ ကျေးရွာသားများစုပေါင်း ပြီးတော့လမ်းဖောက်လုပ်တဲ့ အခါမှာ ၁၉၉၅ ခုနှစ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့လမ်းအဖြစ်သိမ်းသွင်းခဲ့ပါတယ်။ ယခု တင်ပြမယ့်လမ်းသည် ငပုတော-‌ြမောင်းမြလမ်းပိုင်းမှ ငပုတောလမ်းပိုင်းဖြစ်တဲ့ ၂ မိုင်၊ ၁ ဖာလုံ လမ်းရှည်တဲ့ လမ်းပိုင်းကိုပဲ အဓိကထားပြီးတင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးသွားတဲ့အခါမှာ ကုန်းလမ်းခရီးကသွားမယ်ဆိုရင် ဖောက်လုပ်ခဲ့တဲ့ ငပုတော ၂ မိုင်၊ ၁ ဖာလုံလမ်းကနေပြီးတော့ ‌ြမောင်းမြဘက်ကမ်းရဲ့ ငါးမြင်းချောင်းဘက်ကနေပြီးတော့ မြောင်းမြ-ငါးမြင်းချောင်းကို ဆက်သွယ် ထားတဲ့ ကားလမ်းကနေသွားမယ်ဆိုရင် တစ်နာရီခွဲလောက်ပဲ သွားရတဲ့လမ်းရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းကို အဲဒီဒေသတွေမှာရှိနေတဲ့ မူလတန်းကျောင်းသူလေးတွေ၊ အလယ်တန်းကျောင်းသူ၊ ကျောင်းသားလေးတွေ အထက်တန်းကျောင်းသူ၊ ကျောင်းသားများအပြင် တောင်သူလယ်သမား များနှင့် မြောင်းမြတစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာများကနေ ကျွန်မတို့ဘက်ကမ်းကနေကူးလာပြီးတော့ သူတို့ဒေသမှာ ထွက်ရှိတဲ့ကုန်ပစ္စည်းတွေကို လာရောက်ပြီးတော့ရောင်းချတဲ့ လမ်းတစ်ခုဖြစ်ပြီး အများဆုံး အသုံးပြုတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့် ပြည်သူများအတွက် အလွန်အရေးပါတဲ့ လမ်းတစ်ခု ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၁၉၉၄ ခုနှစ် မှ ၁၉၉၅ ခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းအဖြစ်သိမ်းသွင်းပြီးတဲ့အခါမှာ ကနေ့အထိ လမ်းသုံးပုံပုံ တစ်ပုံလောက်ကိုသာ ကျောက်ခင်း ထားတာဖြစ်ပါတယ်။ ကျန်တဲ့လမ်းပိုင်းကတော့ မော်တော်ဆိုင်ကယ်ပဲစီးစီး၊ ဒိန်းဒေါင်ပဲသွားသွား ရေလှိုင်းထဲမှာသွားနေရသလို လှိုင်းတွန့်ထဲမှာသွားနေရတဲ့အခါမှာ လမ်းက အခုအချိန် အတော် ပျက်စီးနေပါပြီ။ ယခု ကျွန်မမေးလိုတဲ့မေးခွန်းကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဆောင်ရွက် ထားတဲ့ မြောင်းမြ-ပုသိမ်-ငပုတော ဆက်သွယ်ရေးလမ်းပိုင်းမှ ငပုတောလမ်းပိုင်းဖြစ်တဲ့ ၂ မိုင်၊ ၁ ဖာလုံ လမ်းပိုင်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့  ဆက်လက်ပြီးတော့ ဆောင်ရွက်ပြီးတော့ အဆင့်မြှင့် တင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်

          ငပုတော-မြောင်းမြလမ်းဟာ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့၊ ပုသိမ်ခရိုင်နဲ့ မြောင်းမြမြို့၊ မြောင်းမြခရိုင်တို့ကို ဆက်သွယ်ထားသောလမ်းပဲ ဖြစ်ပါတယ်။ လပွတ္တာ-မြောင်းမြလမ်းဆုံရဲ့ မိုင် ၃၄ မိုင်၊ ၃ ဖာလုံ ခွေးလေးကြီးလမ်းဆုံကနေပြီးတော့ ဝ/၀ မိုင်မှစတင် ခဲ့ပြီး ၉ မိုင်၊ ၄ ဖာလုံပဲရှိပါတယ်။ လမ်းစတင်ရာ ဝ/၀ မိုင်ဟာ မြောင်းမြမြို့မှ ၁၁ မိုင်နဲ့ ၇ ဖာလုံကွာဝေးတဲ့အတွက် မြောင်းမြမြို့မှ ငပုတောမြို့အထိ လမ်းကိုတိုင်းမယ်ဆိုရင် ခရီးအကွာ အဝေးဟာ ၂၁ မိုင်နဲ့ ၃ ဖာလုံရှိပါတယ်။ မိုင် ဝ/၀ မှစတင်ရင်တော့ ၇ မိုင်နဲ့ ၁ ဖာလုံသာ ဝေးကွာပါတယ်။ ပမ္မဝတီမြစ်ကြီးကတော့ ၂ ဖာလုံအကျယ်ရှိပါတယ်။ ငပုတောမြို့ရဲ့ ၉ မိုင်၊ ၄ဖာလုံမှာ ဆုံးသွားပါတယ်။ ဆိုင်ကယ်နဲ့ ထော်လာဂျီတွေကတော့ ရာသီမရွေးသွားလာလျက် ရှိပါတယ်။              ၃၁-၅-၂၀၁၁ ရက်နေ့အထိ လမ်းအခြေအနေတင်ပြရရင်အမာခံလမ်းက ၉ မိုင်၊ ၂ ဖာလုံနဲ့ ပမ္မဝတီ မြစ်က ၂ ဖာလုံ စုစုပေါင်း ၉ မိုင်နဲ့ ၄ ဖာလုံရှိပါတယ်။ မြောင်းမြ-ငပုတောလမ်းဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ခွဲဝေရရှိတဲ့သာမန်ပြင်ထိန်းရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ သာမန်ပြင်ထိန်းခြင်းကတော့ ၉ မိုင်၊ ၄ ဖာလုံ လုပ်လျက်ရှိပါတယ်။ ပျက်စီးနေတဲ့ လမ်းအပိုင်းများကို ခွဲကျောက်များနဲ့ဖာထေးခြင်း၊ ချောင်းကျောက်နဲ့ ဖြန့်ခင်းကြိတ်ခြင်းဟာ ၆၀၀၀ စတုရန်းပေဖြစ်ပါတယ်။ ပမ္မဝတီမြစ်ဟာ ဖြတ်ကူးမယ်ဆိုလို့ရှိရင်တော့ တံတားတည်ဆောက်ရန် တိုင်းတာချက်အရ ပေအကျယ်ဟာ ၂၇၀၀ ပေအကျယ်ရှိပါတယ်။ တံတားတည်ဆောက်မည်ဆိုလျှင် ဖြတ်သန်းတဲ့သင်္ဘောများအတွက် ကမ်းလွတ်ခုံများမြှင့်တင်ရမှာဖြစ်တဲ့အတွက် အမြင့်ပေ ၄၀ အထက် မှာမြှင့်ရမှာဖြစ်တဲ့အတွက် ပေ ၄၀၀၀ အထက်တည်ဆောက်မှသာလျှင် ဒီတံတားကရမှာဖြစ်ပါတယ်။ ငပုတောမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရကနေပြီးတော့ အစီအစဉ်များဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလမ်း ကွန်ရက်စီမံကိန်း ဝင်အဖြစ် အမှတ် (၁၁) လမ်းအဖြစ် ပုသိမ်-ငပုတောလမ်း ၂၁ မိုင်ကို လမ်းအဆင့်မြှင့်တင် တည်ဆောက်လျက်ရှိပါတယ်။ ပုသိမ်-ငပုတောလမ်းဟာဆိုရင် ၅ မိုင်မှနေပြီးတော့ ၂၁ မိုင်အထိ        ၁၆ မိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။ ၅ မိုင်ကတော့ စည်ပင်လမ်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးလုပ်တဲ့ ၁၆ မိုင်ကတော့ ကျောက်လမ်း  ၇ မိုင်၊ ၇ ဖာလုံနဲ့ အမာခံလမ်း ၇ မိုင်၊ ၇ ဖာလုံ၊ပေပင်မြစ်ကူးတံတားနဲ့ သက္ကယ်ချောင်းတံတား အရှည်က ၂ ဖာလုံ၊ စုစုပေါင်း ၁၆ မိုင်ရှိပါတယ်။ ငပုတောမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်-ငပုတောလမ်းတည်ဆောက်တဲ့နေရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ ပုသိမ်ခရိုင်အဖွဲ့၊ ဆောက်လုပ်ရေးတံတားအဖွဲ့ အထူးအဖွဲ့ကနေပြီးတော့ ၇ နှင့် ၁၂ အဖွဲ့နှစ်ဖွဲ့တို့ကနေ ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ မူလအမာခံလမ်းကနေ ကျောက်လမ်းအဖြစ် တိုးမြှင့်ပြီးတော့ ၆ မိုင်ဟာ သာမန်ပြင်ထိန်းခြင်းရန်ပုံငွေနဲ့ လုပ်နေတာဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့လည်း လမ်းများကို အဆင့်မြှင့်တင်ရေးလုပ်ငန်းများအတွက် ၁ မိုင်နဲ့          ၇ ဖာလုံ စုစုပေါင်း ၇ မိုင်၊ ၇ ဖာလုံဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ယခုဘဏ္ဍာရေးနှစ်မှာဆိုရင် ပုသိမ်-ငပုတောလမ်းဟာ ကျောက်ချောလမ်းအထိဖြစ်သွားမှာဖြစ်ပါတယ်။ ပုသိမ်-ငပုတောလမ်းကို အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိတဲ့အတွက် မြစ်ကူးတံတားကြီးနှစ်စင်းဖြစ်တဲ့ ၇၀၀ ပေအရှည်ရှိတဲ့ ပေပင်မြစ်ကူးတံတား၊ ၁၈၂၀ ပေအရှည်ရှိတဲ့ သက္ကယ်ချောင်းတံတား၊ တံတားငယ်သုံးစင်းဖြစ်တဲ့      ၄၅ ပေအရှည်ရှိတဲ့ စလူးချောင်းတံတား၊ ၄၀ ပေ အရှည်ရှိတဲ့ ဝဲကြီးချောင်းတံတားနဲ့ ၇၅ ပေအရှည် ရှိတဲ့ ဖျံရေကျော်တံတားတို့ကို တည်ဆောက်လျက်ရှိပါတယ်။ ဆောင်ရွက်ဆဲတံတားကြီး နှစ်စင်းကို လည်း လာမည့်ဘဏ္ဍာရေးနှစ်မှာ လိုအပ်ရန်ပုံငွေအပြည့်အဝရရှိမယ်ဆိုရင် ၂၀၁၂ ခုနှစ်အကုန်မှာ ဧရာဝတီတိုင်းဒေသအတွင်းမှာ အားလုံးပြီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်ဟာ ကားလမ်းများ တိုက်ရိုက်ပေါက်သော မြို့မဖြစ် သေးသော ကျန်ရစ်နေသော ငပုတောမြို့ဟာလည်း မော်တော်ကားလမ်း ရာသီမရွေးတိုက်ရိုက် ပေါက်တဲ့ မြို့ဖြစ်သွားတော့မှာဖြစ်ပါတယ်။ ပုသိမ်-မြောင်းမြလမ်းဟာဆိုရင် ၂၇ မိုင် နဲ့ ၃ ဖာလုံ ရှည်လျားပါတယ်။ ပုသိမ်-ကံကြီးကုန်း-မြင်းကဆိပ်ကနေပြီးတော့ မြောင်းမြသို့ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ပုသိမ်ခရိုင်အင်ဂျင်နီယာအဖွဲ့ကနေပြီးတော့ ကန်ကြီးဒေါင့်မှ ၉ မိုင်နဲ့ ၅ ဖာလုံ၊ မြောင်းမြကနေပြီးတော့ ၂၇ မိုင်နဲ့    ၃ ဖာလုံ၊ ၁၇ မိုင် ၆ ဖာလုံကို တာဝန်ယူထိန်းသိမ်းလျက်ရှိပါတယ်။ လမ်းအခြေအနေကတော့ ကတ္တရာလမ်း ၄ မိုင်နဲ့ ၂ ဖာလုံခွဲ၊ ကျောက်လမ်းကတော့ ၄ ဖာလုံ၊ အမာခံလမ်း ၉ မိုင် ၂ ဖာလုံ၊ မြင်းကဆိပ် လမ်းက ၁ ဖာလုံ၊ စုစုပေါင်း ၁၇ မိုင်  ၆ ဖာလုံဖြစ်ပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပုသိမ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီမြစ်ကိုဖြတ်ကူးတည် ဆောက်ထားတဲ့ မြင်းကဆိပ်တံတားဟာဆိုရင် ၂၃-၃-၂၀၀၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပုသိမ်မှ မြောင်းမြသို့ ရာသီမရွေးခရီးသွားလာနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငပုတောမှ ြမောင်းမြသို့ သွားရောက်ပါက ပုသိမ်-ငပုတောလမ်းအတိုင်း ပုသိမ်မြို့မှတစ်ဆင့် မြောင်းမြသို့ သွားလာနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ငပုတော-မြောင်းမြလမ်း အဆင့်မြှင်‌့တင်ခြင်းတို့ တံတား တည်ဆောက်ခြင်းလုပ်ငန်းများ လောလောဆယ်ဆယ် အစီအစဉ်မရှိသေးကြောင်း ဖြေကြားပါသည်။