(ဃ)-အိမ်မဲမြို့ဝင်တံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၇-၉-၂၀၁၁)

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ဟာ ယခင်က ရေလမ်းခရီးတစ်ခုကိုသာ အားပြုပြီးတော့သွား လာရပါတယ်။ အိမ်မဲ-ကျောင်းကုန်းလမ်း၊ အိမ်မဲ-ဒါးကလမ်းဖောက်လုပ်ပြီးတဲ့အခါမှာ ကားလမ်းများ လည်းထွက်ပေါက်ရရှိခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် အိမ်မဲမြို့ဟာလည်းပဲ ဖွံ့ဖြိုးတဲ့အ‌ြခေအနေမျိုးသို့ ရောက်ရှိခဲ့ရပါတယ်။ ၁၉၆၄ ခုနှစ်မှာ အိမ်မဲ-ကျောင်းကုန်းလမ်း ခရီးမိုင် ၁၅ မိုင်ကို တပ်မတော်ကဦးဆောင်ပြီး ဒေသခံပြည်သူလုပ်အားနဲ့ ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် မှာ နိုင်ငံတော်လမ်းအဖြစ်သတ်မှတ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူခဲ့ပါတယ်။ အိမ်မဲ-ကျောင်းကုန်းချောင်းပေါ်ရှိ ၁၂၅ပေ၊ ၁၃ ပေ၊ ၂၁ ပေရှိ မြို့ဝင်တံတားတစ်စင်းလည်းပါဝင်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ မြို့ဝင်တံတားသံကူကွန်ကရစ်တံတားအစား သစ်သားတံတားကို ဆောက်လုပ်ခဲ့ ပါတယ်။ ကာလကြာမြင့်ပြီဖြစ်လို့ တံတားဟာ ဟောင်းနွမ်းဆွေးမြေ့ခိုင်ခံ့မှုမရှိတော့ပါဘူး။ အိမ်မဲ ပြည်သူလူထုများကလည်း သံကူကွန်ကရစ်တံတားတစ်ခု ပေါ်ပေါက်ရန်ဆန္ဒရှိပါတယ်။ သို့ဖြစ်ပါ၍ သံကူကွန်ကရစ်တံတားတစ်ခုဆောက် လုပ်ပေးပါရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အိမ်မဲမြို့ဝင်သစ်သားတံတားအားခိုင်ခံ့သော သံကူကွန်ကရစ် တံတားဆောက်လုပ်ပေးနိုင်မည့် အခြေအနေကို သိရှိလိုသည့်မေးခွန်းအား ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ဟာ ယခင်က ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရပါတယ်။ နိုင်ငံတော်အစိုးရက နေပြီးတော့ မြောင်းမြ-အိမ်မဲ-ကျောင်းကုန်းလမ်း၊ အိမ်မဲ-ဒါးကလမ်း၊ အိမ်မဲ-ပန်းတနော် လမ်းဖောက်လုပ်ပေးတဲ့အတွက် လမ်းပန်းဆက်သွယ်မှုများကောင်းမွန်နေပြီဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းမှာရှိတဲ့ တံတားများကိုလည်း သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ပေးတဲ့အခါမှာ အိမ်မဲ-ပန်းတနော်လမ်းပေါ်မှာရှိတဲ့ သုံးခွချောင်းတံတား ၂၇၀ ပေ၊ မြောင်းမြ-အိမ်မဲ-ကျောင်းကုန်းလမ်းပေါ်မှာ ကန်ကြီးတံတား ၂၀၀ ပေ၊ မရမ်းငူတံတား ၂၀၀ ပေနဲ့ အိမ်မဲ-ဒါးကလမ်းပေါ်မှာ အိမ်မဲတံတား ၂၇၆ ပေတို့အား သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အိမ်မဲမြို့နဲ့ဆက်သွယ်နေသော လမ်းများမှာ အိမ်မဲ-ပန်းတနော်-မြောင်းမြလမ်း၊ အိမ်မဲ-ကျောင်းကုန်းလမ်း၊ အိမ်မဲ-ဒါးကလမ်းများ ဖြစ်ပါသည်။ သို့ရာတွင် အိမ်မဲမြို့အဝင်လမ်းမှာ တစ်လမ်းသာရှိပြီး အဆိုပါမြို့ဝင်လမ်းပေါ်ရှိတဲ့ ရေကျော်ချောင်းကိုဖြတ်၍ ဆောက်လုပ်ထားတဲ့ ၁၂၅ ပေအရှည်ရှိတဲ့ ချောင်းဝသစ်သားတံတားဟာ ၁၉၇၅ ခုနှစ်ကနေစတင် ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းသစ်သားတံတားဟာ နှစ်ကာလကြာမြင့်ပြီး ဆွေးမြေ့နေသော သစ်သားယက်မများ၊ ကြမ်းခင်းများ၊ ဘီးလမ်းများ၊ လက်ရန်းများ အစားထိုး လဲလှယ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အင်ဂျင်နီယာများကနေ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။

          ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ သစ်သားတံတား၊ ဘေလီတံတားများအား သံကူကွန်ကရစ်တံတားများအဖြစ် တိုးမြှင့်ခြင်းများကို လိုအပ်သော ရန်ပုံငွေများတောင်းခံပြီးတော့ နှစ်အလိုက်အဆင့်မြှင့်တင်သွားရန် စီမံချက်များချထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့အဝင်အရှည် ၁၂၅ ပေအရှည်ရှိ ချောင်းဝသစ်သားတံတားအစား သံကူကွန်ကရစ်တံတား တိုးမြှင့်ပေးနိုင်ရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှာ တင်ပြတောင်းခံပြီးဖြစ်ကြောင်း ဖြေကြားပါသည်။