ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ဟာ လူဦးရေပေါင်းနှစ်သိန်းကျော် မှီတင်းနေထိုင်တဲ့ အနေအထားရှိပါတယ်။ ဒီနေရာမှာ လူဦးရေအရ အင်္ဂပူမြိုနယ်ဆေးရုံဟာ ၁၆ ခုတင်ဆံ့ဆေးရုံမှ ၂၅ ခုတင် ဆံ့ဆေးရုံအဖြစ် ဆေးရုံသစ်ကြီးကိုလည်းပဲ တည်ဆောက်နိုင်ခဲ့ပြီး ဆေးရုံကိုလည်းပဲ ၂၀၀၉ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အင်္ဂပူမြို့နယ်ဆေးရုံဟာ ဆေးရုံစဖွင့်ကာစမှာ မြို့နယ်ကျန်းမာရေးဦးစီးမှူးတစ်ဦး၊ မြို့နယ်ကျန်းမာရေးအရာရှိတစ်ဦး၊ လက်ထောက်ဆရာဝန်လေးဦး၊ မိခင်နှင့် ကလေးဆရာဝန်တစ်ဦး၊ သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး အားလုံးရှစ်ဦး ရှိပါတယ်ခင်ဗျား။ ဒါပေမယ့် တဖြည်းဖြည်းရောက်ရှိလာတဲ့ ဆရာဝန်များဟာ ဘာသာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်းများကို ဝင်ရောက်ြဖေဆိုအောင်မြင်ကြပြီးတော့ တဖြည်းဖြည်းပြောင်းရွှေ့သွားကြတဲ့အတွက်ကြောင့် ယနေ့ ဆိုလို့ရှိရင် အင်္ဂပူမြို့နယ်ဆေးရုံမှာ မြို့နယ်ဆရာဝန်ကြီးတစ်ဦးပဲရှိပြီးတော့ နေ့ရောညပါမရပ်မနား ဆောင်ရွက်ပြီးတော့ ဆေးကုသမှုပေးနေရသည်မှာ ကျွန်တော်တို့ ပြည်သူများဟာ ဆရာဝန်ကို မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ သွားဘက်ဆိုင်ရာခုံရှိသော်လည်း၊ Instrument များ အပြည့်အစုံရှိပါသော်လည်းပဲ သွားဘက်ဆိုင်ရာ ဆရာဝန်မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆရာဝန်ကို မျှော်လင့်နေတဲ့အနေအထားရှိပါတယ်။ အင်္ဂပူမြို့နယ်ဟာ ဒေသရေမြေအနေအထားအရ မြို့နယ်ရဲ့ သုံးပုံတစ်ပုံခန့်ဟာ ဧရာဝတီမြစ်ရေလွှမ်းမိုးတဲ့အတွက်ကြောင့် ဒီနေရာတွေမှာ မြွေဆိုးပေါများတဲ့ အနေအထားရှိပါတယ်။ တစ်ခါတလေ တစ်လတည်းတွင်ပဲ မြွေကိုက်လူနာရှစ်ဦးခန့်ရှိနေသည့် အနေအထားပင်ရှိနေတာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အရေးပေါ်လူနာများအတွက်ကို အထူးမေတ္တာရပ်ခံလိုတာကတော့ တကယ်တမ်း ဆင်းရဲနွမ်းပါးနေတဲ့လူနာများဟာ ၂၇ မိုင်ကွာဝေးတဲ့ အထူးကုဆရာဝန်များရှိရာ ဟင်္သာတခရိုင်ဆေးရုံကြီးကို သွားနိုင်ဖို့အတွက်ကို မီရာရထား၊ ကြုံရာကားဖြင့် အပြေးအလွှားအသက်ကိုလုပြီးတော့သွားရပါတယ်။ ပြေးလွှားပြီးတော့ ကားကိုစောင့်စားနေရတာဟာ အင်္ဂပူမြို့နယ်အတွက် အရေးပေါ်လူနာတင်ကား မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိနေရပါတယ်။ ဒါကြောင့်မို့လို့ အင်္ဂပူမြို့နယ်ဟာ လက်ရှိအနေအထားအရ မြို့နယ်ဆရာဝန်တစ်ဦး၊ ကျန်းမာရေးအရာရှိ တစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနဲ့ မိခင်နှင့်ကလေးဆရာဝန်တစ်ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးထပ်မံခန့်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့ အင်္ဂပူမြို့နယ် ကျန်းမာရေးဌာနရဲ့ ဝန်ဆောင်မှုအတိုင်း အတာဟာ ပြည့်စုံလုံလောက်ပြီလို့ ကျွန်တော်တို့ မိဘပြည်သူ အင်္ဂပူလူထုကနေပြီးတော့ မျှော်လင့် နေကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင်္ဂပူမြို့နယ်ဆေးရုံအား ဆရာဝန်ဖြည့်တင်းပေးမှု၊ လူနာတင် ကားထားပေးနိုင်မှု ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ဆေးရုံမှာ အခုချိန်မှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးပဲ ရှိနေတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ်။ လစ်လပ်လျက်ရှိတဲ့ လက်ထောက်ဆရာဝန် တစ်နေရာကို အမြန်ဆုံး ကျွန်တော်တို့ ခန့်ထားပေးရန် အစီအစဉ်ရှိပါတယ်။ သွားဘက်ဆိုင်ရာ ဆရာဝန်အနေနဲ့ကတော့ အခု ၁၄၂ ယောက်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ကနေပြီးတော့ အခုလက်ရှိမှာ လူတွေ့စစ်ဆေးလျက် ရှိပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းပြီးမယ်လို့သိရပါတယ်။ အဲဒီလိုပြီးလို့ ခန့်ထားပေးပြီးလို့ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးပြီးတဲ့အခါမှာဆိုလို့ရှိရင် ကျွန်တော်တို့ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးကိုခန့်ထားပေးဖို့ ဦးစားပေးစီစဉ်ဆောင်ရွက်ပါမယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ကတော့ ဗဟိုအဆင့်ဆေးရုံကြီးတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ဆေးရုံကြီး တွေနဲ့ အချို့သောခရိုင်ဆေးရုံများအတွက်ကို လူနာတင်ယာဉ်များကို လက်ရှိအနေအထားမှာ ထောက်ပံ့ပေးနိုင်ပါတယ်။ မြို့နယ်ဆေးရုံများအတွက်တော့ လူနာတင်ယာဉ် လတ်တလောထောက်ပံ့ ပေးနိုင်ခြင်းမရှိသေးပါကြောင်းနဲ့ အချို့သော မြို့နယ်ဆေးရုံမှာတော့ စေတနာရှင်များက လှူဒါန်း ထားသောလူနာတင်ယာဉ်များကို အသုံးပြုလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
