ပလက်ဝမြို့ကနေ အရှေ့ဘက် မိုင် ၂၀ လောက်မှာရှိတဲ့ သမိုင်းဝင်ဒေသအခေါ် ကီမိုတောင်လို့ခေါ်တဲ့ ကျောက်ပန်းတောင်ဟာ အမြင့်ပေ ၄၂၃၀ ရှိပြီးတော့ ဧက ၁၅၆ ကျယ်ဝန်းတဲ့ အပင်ပေါင်းစုံ၊ ပန်းပေါင်းစုံ၊ တောတိရစ္ဆာန်ပေါင်းစုံ၊ ငှက်မျိုးစုံရှိတယ်လို့ သစ်တောဌာနကို ကျွန်တော်လေ့လာတဲ့အခါမှာသိရပါတယ်။ သစ်တောဌာနကနေပြီးတော့ ဘေးမဲ့ တောသတ်မှတ်ခဲ့ပေမယ့်လို့ အမဲလိုက်တဲ့သူတွေကြောင့် တောတိရစ္ဆာန်တွေ၊ နောက်တောင်ယာမီးရှို့ တဲ့မီးကိုမတားနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့အပင်တွေဟာ မကြာမီကာလအတွင်းမှာ ပြုန်းတီးတော့ မယ့်အခြေအနေရှိတယ်လို့ဆိုတာကိုလည်း ကျွန်တော်သိရပါတယ်။ အဲဒါကြောင့် ဒီတောင်ကို ကျွန်တော်တို့ ဘေးမဲ့တောကနေ သဘာဝတောအဖြစ်ထိန်းသိမ်းဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ အစီအစဉ် ရှိ၊ မရှိ။ ရှိခဲ့လို့ရှိရင်လည်း ဘယ်တော့အကောင် အထည်ဖော်ပေးနိုင်မယ်။ မရှိခဲ့ရင်လည်းသတ်မှတ်ပြီးတော့ အကောင်အထည်ဖော်ပေးရန် မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကနေ တာဝန်ယူပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာ သဘာဝနယ်မြေ ၃၆ ခု ကျွန်တော်တို့ တည်ထောင်ထားရှိပြီး ဖြစ်ပါတယ်။ စတုရန်းမိုင်အားဖြင့် ဖော်ပြရမယ်ဆိုရင် ဧရိယာဧက ၁၄၆၃၁.၁၇ ဧက ကျယ်ဝန်းပါတယ်။ နိုင်ငံ့ဧရိယာနဲ့ တွက်လိုက်မယ်ဆိုလို့ရှိရင်တော့ ၅.၆ ရာခိုင်နှုန်းရှိပါတယ်။ နောက်ထပ်ပြီးတော့လည်း ကျွန်တော်တို့ အလားတူသဘာဝနယ်မြေ ၇ ခု ဧရိယာဧကအားဖြင့် ၂၇၈၄.၇၁ ဧကကို ကျွန်တော်တို့ ထပ်မံဖွဲ့စည်းဖို့အတွက်ကို ကျွန်တော်တို့ ရည်ရွယ်ထားရှိပြီး ဖြစ်ပါတယ်။ အဲဒီဖော်ပြပါ သဘာဝနယ်မြေ ၇ ခု ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး ဖြစ်မယ်ဆိုလို့ရှိရင် သဘာဝနယ်မြေပေါင်း ၄၃ ခုဖြစ်လာမယ်၊ ဧရိယာဧကအားဖြင့် ၁၇၄၁၅ ဧက ဖြစ်လာပြီးတော့ နိုင်ငံ့ဧရိယာရဲ့ ၆.၆၇ ရာခိုင်နှုန်းဟာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ အခု ကိုယ်စားလှယ်တော်ကြီးတင်ပြသွားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သဘာဝနယ်မြေတစ်ခုအဖြစ်ဖွဲ့စည်းဖို့ကို ကျွန်တော်တို့ အဆိုပြု ထားပြီးဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ ၁၈-၄-၂၀၀၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၀၁ ဖြင့် ဧရိယာဧက ၃၂၇၆၈ ဧက ကျယ်ဝန်းသော ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သတ်မှတ်တည်ထောင်မယ့်နယ်မြေရှိ ပြည်သူတို့ရဲ့အခွင့်အရေးများ ထိခိုက်နစ်နာမှု များမရှိနိုင်ရန် သတ်မှတ်ထားတဲ့နည်းလမ်းများနှင့်အညီစုံစမ်းစစ်ဆေးနိုင်ရန်နှင့် နယ်မြေတည်တံ့ သတ်မှတ်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပဏာမစိစစ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ဒီပဏာမ စစ်ဆေးမယ့်၊ တိုင်းတာမယ့်အဖွဲ့ကလည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ကြေးတိုင်လုပ်ငန်းများကို လာမယ့်ပွင့်လင်းရာသီမှာ နယ်မြေများကို ကွင်းဆင်း ပြီးတော့ ဆောင်ရွက်သွားကြဖို့လည်း စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းမှ နိုင်ငံတော် အစိုးရဘက်မှ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သတ်မှတ်ကြေညာနိုင်ဖို့ ဆောင်ရွက်နေသကဲ့သို့ ခုနက ကိုယ်စားလှယ်တော်ကြီး မေးမြန်းသွားတဲ့ရှင်းလင်း တင်ပြချက် ထဲမှာလည်း အကျယ်တဝင့်ပါရှိပြီးဖြစ်တဲ့ ဒေသခံပြည်သူများရဲ့အပိုင်းပေါ့လေ၊ ဒေသခံ ပြည်သူများ အပိုင်းအနေနဲ့လည်း မိမိတို့ဒေသရှိသဘာဝသယံဇာတ အမွေအနှစ်များ ရေရှည်တည်တံ့ စေရေးနဲ့ နောင်လာနောင်သားများအတွက် လက်ဆင့်ကမ်းအမွေကောင်းများ ပေးအပ်နိုင်ဖို့အတွက်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ပူးပေါင်းလက်တွဲပြီးတော့ ကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးရန်လည်း အထူးလိုအပ်ကြောင်း တင်ပြလိုပါတယ်။ သဘာဝနယ်မြေအဖြစ် သတ်မှတ်ပြီးတဲ့နောက်ပိုင်းမှာလည်း သဘာဝနယ်မြေရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ ကူညီစောင့်ရှောက်သွားကြရန် ဖြေကြားပါသည်။
