ရမ်းဗြဲမြို့နယ်ဟာရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံတော်အနေနဲ့ ပြင်ပမြို့နယ်များဖြစ်တဲ့ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းစသည့် မြို့နယ်များသို့ ဆက်သွယ်သွားလာရာတွင်လည်းကောင်း၊ ရမ်းဗြဲမြို့နယ် ကျေးရွာအတွင်းရှိကျေးရွာများသို့သွားလာရာတွင်လည်းကောင်း၊ ကုန်းလမ်းပိုင်းတွင်လမ်း၊ တံတားများ တည်ဆောက်ပေးသဖြင့် အထိုက်အလျောက်အဆင်ပြေ ကောင်းမွန်မှုရှိသည်ကို ပြည်သူများကကျေးဇူး တင်လျက်ရှိကြပါတယ်။ သို့သော်လည်း ကျောက်ဖြူမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ ကင်းချောင်းချောင်းကူး တံတားမရှိသေးသဖြင့် ရမ်းဗြဲမြို့နယ်ရဲ့ ကျွန်းပတ်လမ်းများဖြစ်တဲ့ ရမ်းဗြဲကျွန်း ကျောက်ချောင်း၊ လေးထောင်ဒေသများသို့ သွားလာမှုခက်ခဲလျက်ပင်ရှိပါသေးတယ်။ ၎င်းကင်းချောင်းတံတားဟာ ကျောက်ဖြူမြို့နယ် ကင်းမြားအုပ်စုနဲ့ ရမ်းဗြဲမြို့နယ်လေးထောင်ဒေသအကြားမှာ တည်ရှိပြီးတော့ကာ အကျယ်အားဖြင့် ၇၅၀ ပေ၊ အနက် ၃၅ ပေ ရှိပါတယ်။ ၎င်းတံတား တည်ဆောက်ပေးနိုင်မည်ဆိုပါက ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်ကျွန်းပတ်လမ်းနဲ့ မာန်အောင်မြို့နယ်များသို့ပါ သွားလာရေး လွယ်ကူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်းချောင်းတံတားတည်ဆောက်ပေးရန်အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ် ရှိပါက မည့်သည့်ကာလတွင် တည်ဆောက်ပေးနိုင်မည်ကိုသိလိုပါကြောင်းမေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် ၆၆၆.၂၇ သန်း သုံးစွဲလျက် ရမ်းဗြဲ- ကျောက်နီမော်- ကျောက်ချောင်း- လေးတောင် လမ်း ၆၆ မိုင် ၆ ဖာလုံကို ကျွန်းပတ်လမ်းအဖြစ် ကျောက်ခင်းလမ်း ၄၈ မိုင် ၃ ဖာလုံ ဆောင်ရွက်ထား ရှိပြီးဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရမ်းဗြဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရန်လျာထားငွေ ၈.၁ သန်းပါရှိသော်လည်း မြို့နယ် အတွင်းရှိ ကျေးလက်လမ်း၊ တံတားများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန်သာ လုံလောက်မှု ရှိသဖြင့်ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သန်း ၉၀ ဖြင့် အဆိုပါ ကျောက်နီမော် - ကျောက်ချောင်းလမ်းပိုင်းတွင် ကျန်ရှိနေသော မြေသားလမ်း ၁၈ မိုင် ၃ ဖာလုံအနက် ၃ မိုင် ၃ဖာလုံကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ၎င်းမှ ဆက်လက်ကျန်ရှိနေသော မြေသားလမ်း ၁၅ မိုင်ကိုလည်း ကျောက်ချောလမ်းဖြစ်စေရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ အစီအမံများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ကင်းချောင်းတံတားသည်ရမ်းဗြဲကျွန်း ပတ်လမ်းနှင့်ကျောက်ဖြူမြို့နယ်အတွင်းရှိဇင်ချောင်း-ကင်းမြောက်လမ်းတို့အားဆက်သွယ်မည့်တံတား ဖြစ်ပြီးတံတားတည်ဆောက်မည့် ကင်းချောင်းသည် ကျောက်ဖြူ-ရမ်းဗြဲနှစ်မြို့နယ်အစပ်မှာတည်ရှိ၍ ချောင်းအကျယ် ၇၅၀ ပေခန့်နှင့် အနက် ၃၅ ပေ ရှိပါတယ်။ ယင်းတံတားတည်ဆောက်ခြင်းအားဖြင့် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကျွန်းပတ်လမ်းနှင့် မာန်အောင်မြို့နယ်များသို့ သွားလာရေး လွယ်ကူစေပြီး အဆိုပါလမ်းပေါ်ရှိ ကျေးရွာပေါင်း ၅၆ ရွာ၊ အိမ်ခြေပေါင်း ၄၅၀၀ နှင့် လူဦးရေပေါင်း ၂၂၆၃၀ တို့အားအကျိုးပြုမည်ဖြစ်ပါတယ်။ ကင်းချောင်းတံတား တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ရေရှည်တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ဦးစွာကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ် သွားပါမည်။ တံတားတည်ဆောက်ရန်ရန်ပုံငွေမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရန်ပုံငွေနှင့် လုံလောက်မှုမရှိပါသဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီသို့ တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်အလိုက်စီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
