နိုင်ငံတော်တွင် အစိုးရသစ်ပေါ်ထွန်းပြီးနောက် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဆောင်ရွက်ပေးမှုကြောင့် မြို့နယ်အများစုတွင် Transformerအသစ်များ တပ်ဆင်ပေးခြင်း၊ မီးတိုင်များ သွယ်တန်းပေးခြင်း၊ ရိုးရိုးမီတာနှင့် ပါဝါမီတာများ အချိန်တိုအတွင်း တပ်ဆင်ဆောင်ရွက်ပေးခြင်းတို့ကို တွေ့ရှိရပြီး လျှပ်စစ်စွမ်းအား အပြည့်အဝရရှိရေး ဆောင်ရွက်နေမှု အောင်မြင်ပြီးမြောက်ပါက နိုင်ငံ အဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဝေသုံးစွဲခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ သို့ရာတွင် ပြည်သူ လူထုအချို့မှာ မူလ လျှပ်စစ်သုံးစွဲခြင်းမပြုရာမှ တိုးတက်ပြောင်းလဲလာသော အခြေအနေများအရ လျှပ်စစ်မီတာတပ်ဆင်ခွင့် ရရှိရေးဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထစနစ်မှ ဝန်ကြီးဌာနသို့ မလွှဲ ပြောင်းရသေးသော အခြေအနေကြောင့် တပ်ဆင်ခွင့်မရဘဲ စောင့်ဆိုင်းနေကြရသည်မှာ တစ်နှစ်ခန့် ကြာလာပြီဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပါ၍ ကိုယ်ထူကိုယ်ထဖြစ်ပေါ်နေသော အခြေအနေများကို တာဝန်ရှိသူများမှ သိရှိခြင်းရှိ၊ မရှိနှင့် သိရှိခြင်းရှိပါက ပြည်သူများ၏ဆန္ဒ အမြန်ဆုံးပြည့်ဝ၍ လူနေမှု စနစ် မြင့်မားစေရေးအတွက် မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အနေဖြင့် ဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားခွဲရုံငယ်များ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို နှစ်စဉ် ဘဏ္ဍာငွေခွင့်ပြု ချက်အရ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးသည့် ရပ်ကွက်များနှင့် ကျေးရွာများမှာ မီးလင်းရေးဆောင်ရွက်လိုပါက ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ ဖွဲ့စည်းစေပြီး အများပြည်သူ ထည့်ဝင်ငွေများဖြင့် ဓာတ်အား ရရှိရေးဆောင်ရွက်မှုများကို ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ခွင့်ပြုပေးနေပါတယ်။ ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများနှင့် မီတာများအပါအဝင် ကုန်ကျစရိတ်များအတွက် မီးလင်း ရေးကော်မတီ၏ အစီအစဉ်ဖြင့် ရန်ပုံငွေကောက်ခံစေပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးပါက မီးသုံးသူ တစ်ဦးချင်းစီသို့ မီတာများကို တပ်ဆင်ပေးခြင်း ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါ တယ်။ ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ထရန်စဖော်မာ တပ်ဆင်ခြင်း၊ မီတာတပ်ဆင်ခြင်းကိစ္စရပ်များ ဆောင်ရွက်ပြီးစီးသော်လည်းပဲ အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက လွှဲပြောင်းလက်ခံနိုင်ခြင်းမရှိသေးဘဲ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို တော့ မီးလင်းရေးကော်မတီ အစီအစဉ်ဖြင့်သာ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။
ရန်ကုန်မြို့တော်နှင့် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ရပ်ကွက်များရဲ့ ကိုယ့်အားကိုယ်ကိုးမီးလင်း ရေး ဆောင်ရွက်ပြီးစီးမှုများဟာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားကြောင်း စိစစ် တွေ့ရှိရပါက လွှဲပြောင်းလက်ခံနိုင်ပြီး မီတာများတပ်ဆင်ခြင်းကိုတော့ ကျေးရွာမီးလင်းရေးကော်မတီမှ ရန်ပုံငွေ ကောက်ခံရန်မလိုဘဲ မီးသုံးသူကိုယ်တိုင်မှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ တရားဝင်သတ်မှတ်ထားသည့် သတ်မှတ်ကြေးများကို ပေးသွင်းစေပြီး မီတာများကို တပ်ဆင်ပေးနေပါတယ်။
ရန်ကုန်မြို့နှင့်တစ်ဆက်တစ်စပ်တည်းရှိသော ရပ်ကွက်များမှာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်ပြီးသည့် ဓာတ်အားလိုင်း ထရန်စဖော်မာတပ်ဆင်မှုများလည်း သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိသေးရင် ကျေးရွာမီးလင်းရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်စေပြီး လွှဲ ပြောင်းလက်ခံလျက်ရှိပါကြောင်းနှင့် မီတာလျှောက်ထားမှုများကိုလည်း အထက်ပါအတိုင်း တရားဝင် သတ်မှတ်ကြေးပေးသွင်းစေပြီး မီတာများ ဆက်လက်တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
