(ခ)-လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ခွဲစိတ်ခန်းသုံး၊ ဆေးရုံသုံးပစ္စည်းများ ဖြည်‌့ဆည်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၄.၈.၂၀၁၂)

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်ဆေးရုံများနှင့် မြို့နယ်ခွဲတိုက်နယ်ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆရာဝန်များခန့်ထားမှုအပေါ်ကျွန်တော်တို့ နိုင်ငံတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကို နာဂပြည်သူများနှင့်အတူ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လဟယ်မြို့ပေါ်တွင် ၂၅ ခုတင်ဆံံ့ ဆေးရုံဖွင့်လှစ်ပေးထားပြီး ဆရာဝန်တစ်ဦးသာလျှင် ခန့်ထားပေးလျက်ရှိပါတယ်။ ဆရာဝန်နှင့်ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းကရိယာများ မပြည့်စုံသည့် အတွက် ဒေသခံလူနာရှင်များ အခက်အခဲတွေ့ကြုံနေရပါတယ်။ လဟယ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးစစ်ဆေးခြင်း ပြုလုပ်ရန်အတွက် ခန္တီး၊ မန္တလေးမြို့သို့ သွားရောက်ကြရပါတယ်။ အလားတူ လေရှီးဒေသခံပြည်သူများကတော့ ဟုမ္မလင်း၊ မုံရွာသို့လည်းကောင်း၊ နန်းယွန်းဒေသခံပြည်သူများ ကတော့ တနိုင်း၊ မြစ်ကြီးနားသို့လည်းကောင်းသွားရောက်နေကြရပါတယ်။ ဒါကြောင့် ခရီးသွားလာရေး နှင့် ငွေကြေးအခက်အခဲများနှင်‌့ တွေ့ကြုံနေကြရပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဆရာဝန်နှင့် ဆေးဝါး၊ လူနာ၊ စမ်းသပ်ပစ္စည်း၊ ဓာတ်မှန်စက်နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများပြည့်စုံစွာ မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံများတွင် လိုအပ်လျက်ရှိသော ကျန်းမာရေး စစ်ဆေးမှုကိရိယာများနှင့် ခွဲစိတ်ခန်းသုံးကိရိယာများ ခွဲဝေချထားပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ခွဲဝေချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း နှစ်စဉ်ရရှိတဲ့ ဘဏ္ဍာငွေပေါ်မှာမူတည်ပြီးတော့ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသိုလှောင်ရေးဌာနကနေပြီးတော့ လေရှီးမြို့နယ်ဆေးရုံအတွက်  ၂၀၀၄-၂၀၀၅ ခုနှစ်မှာ ဓာတ်မှန်စက်၊ မွေးခန်းသုံးပစ္စည်းများထောက်ပံ့ပေးခဲ့သလို အခု၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းမှာလည်း ဓာတ်မှန်စက်တစ်လုံး၊  ခွဲစိတ်ခန်းသုံး မီးစလောင်းတစ်လုံးတို့ကို ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ လေရှီးမြို့နယ် ဆွမ္မရာတိုက်နယ်ဆေးရုံအတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း မွေးခုတင်တစ်လုံး၊  ခွဲစိတ်ခန်းပစ္စည်းတစ်စုံတို့ကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ လဟယ်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၆ ခုနှစ်တွေမှာ ခွဲစိတ်ခန်းသုံးမီးသီး၊ ချွဲစုတ်စက်နှင့်မီးစက် များကို ထောက်ပံ့ပေးခဲ့သလို  နန်းယွန်းမြို့နယ်အတွက်လည်း ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၁တွေမှာ ဓာတ်မှန်စက်၊ သွားစိုက်ခုံ၊ ခွဲစိတ်ခန်းသုံးပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါ တယ်။ နန်းယွန်းမြို့နယ် ပန်ဆောင်တိုက်နယ်ဆေးရုံအတွက် ၂၀၀၂ ခုနှစ်မှာဆေးရုံးသုံးပစ္စည်းများ ဖြစ်တဲ့ လူနာတင်ထော်လီ၊ ဆေးနှင့်ပစ္စည်းတင်ထော်လီများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်ဆေးရုံများ အတွက် ထပ်မံလိုအပ်တဲ့ဆေးရုံသုံး ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအား လိုအပ်ချက်များ တင်ပြတောင်းခံစေပြီးတော့ ညွှန်ကြားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် လွန်ခဲ့တဲ့လအနည်းငယ်က လေရှီး၊ လဟယ်၊ နန်းယွန်းဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့သွားရောက်တဲ့အခါမှာလည်း ကျန်းမာရေးဦးစီဌာနက တာဝန်ရှိပုဂ္ဂိုလ် ကိုယ်တိုင်လိုက်ပါပြီးတော့ လိုအပ်တဲ့ပစ္စည်းများကို ယခုစိစစ်ပြီး ဖြစ်ပါတယ်။ ဒါကိုလည်း အမြန်ဆုံး ဆက်လက်စိစစ်ထောက်ပံံ့ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။