ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်အတွင်းရှိ အင်းကြီးကန်ရေကို ပတ်ဝန်းကျင်ကျေးရွာ ၃၅ ရွာ၊ နယ်မြေခံတပ်ရင်းလေးရင်းမှ မိသားစုများအပါအဝင် လူဦးရေ ၂၀၀၀၀ ကျော်ခန့် သောက်သုံးရေ၊ ကျွဲ၊ နွားရေ၊ စိုက်ပျိုးရန် ရေအတွက် မှီခိုအားထား နေရတာကို တွေ့ရှိရပါတယ်။ နွေဥတုမှာပြင်းထန်ပြီး အပူချိန်များတဲ့အတွက် ၎င်းရေကန်ဟာ ခန်းြခောက်လေ့ရှိပါတယ်။ အထူးသဖြင့် ၁၀ နှစ်၊ ၁၅ နှစ် တစ်ကြိမ်မှာ အမြဲတမ်း လိုလိုခန်းပါတယ်။ သို့ဖြစ်ပါ၍ အဲဒီရေမှာမှီခိုအားထားနေရတဲ့ ပတ်ဝန်းကျင်ပြည်သူများဟာ ရေရှားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထက်ပါတင်ပြခဲ့တဲ့ တောင်ခမ်းရွာရှိ အင်းကြီးကန်ရေအား ဆည်အဖြစ်တည်ဆောက်ပေးမည်ဆိုပါက သောက်သုံးရေ၊ ကျွဲ၊ နွားအတွက်ရေ၊ စိုက်ပျိုးရန်ရေအတွက် လုံလောက်စွာရရှိသည့်အပြင် နယ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ပါတယ်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်းဒေသ အင်းကြီးရေကန်အား ဆည်အဖြစ်တည်ဆောက်ပေးရန် ရှိ၊ မရှိ သိရှိလိုကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။ နောက်တစ်ခု အစီအစဉ်ကတော့ ကျွန်တော်တို့ နွေစပါးဖြစ်ထွန်းမှု၊ အောင်မြင်မှုနည်းပါးတဲ့အတွက်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဟာ ရေ၊ မြေအနေအထား၊ ရာသီဥတုထူးခြားတဲ့ဒေသ မြေပြန့်လွင်ပြင်များနည်းပါးခြင်း တောင်များထူထပ်သည့် နယ်မြေဖြစ်ပါတယ်။ မိုးရွာသွန်းမှုများသော်လည်း ဆည်မြောင်း၊ တာတမံများ မရှိသည့်အတွက် မိုးရေများဟာတောင်အောက်မြေပြန့်များသို့ စီးဆင်းသွားပါတယ်။ သို့ဖြစ်ပါ၍ နွေစပါးစိုက်ပျိုးရာမှာ စိမ့်စမ်းရေ၊ ဂနိုင်ရေများကိုသာ မှီခိုအားထားနေရပါတယ်။ နွေအချိန်မှာ စိုက်ပျိုးရန်နွေစပါးကို ရည်ရွယ်ထားသော်လည်း စိမ့်စမ်းရေ၊ ဂနိုင်ရေများခြောက်ကပ်လျော့နည်းပြီး ရေမရှိမှုကြောင့်လည်းကောင်း၊ အအေးလွန်ကဲမှုကြောင့်လည်းကောင်း လျာထားသလောက်ဖြစ်ထွန်း အောင်မြင်မှုမရှိပါဘူး။ သို့ဖြစ်ပါ၍ နွေစပါးဖြစ်ထွန်းမှုနည်းပါးသော ရှမ်းပြည်နယ်တွင် တောင်သူ လယ်သမားများနှင့် နိုင်ငံတော်အတွက်ပါ အကျိုးရှိစေမည့် သင့်တော်သောသီးနှံများအစားထိုး စိုက်ပျိုးခွင့်ပြုပါရန် စီစဉ်ပေးနိုင်မှု ရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်းနှစ်ခုနဲ့ပတ်သက်ပြီးတော့ ပထမမေးခွန်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းကျေးရွာရှိ အင်းကြီးကန်အား ဆည်တည်ဆောက်ပေးရန် ရှိ၊ မရှိ အစီအစဉ်နဲ့ပတ်သက်၍ အဆိုပါရေကန်ကို ပတ်ဝန်းကျင်ကျေးရွာ ၃၅ ရွာနဲ့နယ်မြေခံတပ်ရင်းလေးရင်း၊ မိသားစုများအပါအဝင် လူဦးရေ ၂၀၀၀၀ ခန့်မှ သောက်ရေ၊ သုံးရေ၊ ကျွဲ၊ နွားအတွက်ရေနှင့် စိုက်ပျိုးရေအတွက်ပါ မှီခိုအားထားအသုံးပြု နေရကြောင်းသိရှိရပါတယ်။ အင်းကြီးကန်ကို ဆည်အဖြစ် တည်ဆောက်ပေးမည်ဆိုပါက ရေလုံလောက်စွာရရှိမှာဖြစ်ပြီး နယ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်တဲ့အတွက် ဆောင်ရွက် သင့်သောလုပ်ငန်းဖြစ်တယ်လို့ ယူဆပါတယ်။ သို့သော်လည်း အင်းကြီးသဘာဝရေကန်ကို ဆည်အဖြစ် တည်ဆောက်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စူးစမ်းလေ့လာမှု များကို ဦးစွာဆောင်ရွက်ရန်လိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ မြေပြင်တိုင်းတာခြင်း၊ ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းများကို ဆောင်ရွက်ပြီးဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စူးစမ်းလေ့လာသွားမည်ဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်။
ဒုတိယမေးခွန်းဖြစ်တဲ့ ရှမ်းပြည်နယ်အနေနဲ့ နွေစပါးစိုက်ပျိုးမှုကို စီမံကိန်းသီးနှံအဖြစ်မှ ဖျက်သိမ်းပြီးအမှန်တကယ်ဖြစ်ထွန်းတဲ့ မြေအခြေအနေပေးတဲ့မြို့နယ်များ၌ စိုက်ပျိုးရန်နှင့် နွေစပါး ဖြစ်ထွန်းမှုမရှိသေးသော မြို့နယ်များတွင် တောင်သူနှင့်နိုင်ငံတော်အတွက် အကျိုးရှိစေတဲ့ အခြား အစားထိုးသီးနှံများ စိုက်ပျိုးခွင့်ပြုရန် စီစဉ်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုပါကြောင်းမေးခွန်းနဲ့ပတ်သက်၍ နိုင်ငံတော်ဟာ ပြည်သူအများ အဓိကစားသုံံးနေတဲ့ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်မှုစီမံ ဆောင်ရွက် ရာမှာ စားနပ်ရိက္ခာဖူလုံမှု၊ အရန်ဆန်ထားရှိမှု၊ ပိုလျှံသည်များကိုနိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပတင်ပို့မှုစတဲ့ လိုအပ်ချက်တွေကို ပြည့်ဝစေဖို့ မိုးစပါး၊ နွေစပါးစိုက်ပျိုးရေးများကိုအားပေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒေသအလိုက် ဆန်ဖူလုံရေးများကိုလည်း အားပေးဆောင်ရွက်လျက် ရှိပါတယ်။ ဆန်စပါးတိုးတက်ထုတ်လုပ်နိုင်ဖို့ အထွက်ကောင်းမျိုးကောင်း၊ မျိုးသန့်တွေစိုက်ပျိုး နိုင်အောင်လည်း ဆောင်ရွက်ပေးနေပါတယ်။ မိုးစပါးစိုက်ပျိုးမှုအပြင် နွေစပါးစိုက်ပျိုးရာမှာတော့ ဒေသရေမြေ၊ ရာသီဥတု အခြေအနေနဲ့ကိုက်ညီတဲ့ နယ်မြေဒေသတွေမှာ ဖြစ်ထွန်းအောင် စိုက်ပျိုး သူတွေအတွက် အကျိုးဖြစ်ထွန်းနိုင်တဲ့ နေရာဒေသတွေမှာသာ သင့်တော်တဲ့စပါးမျိုးတွေကို နွေစပါး အဖြစ် ရွေးချယ်စိုက်ပျိုးနိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ရော၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေနဲ့ပါ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ရေမြေရာသီဥတုနဲ့ သင့်တော်မှု မရှိတဲ့၊ မဖြစ်ထွန်းနိုင်တဲ့နေရာတွေမှာ နွေစပါးစိုက်ပျိုးခြင်းကို အားပေးတာမျိုးမရှိခဲ့ပါဘူး။ အဲဒီနေရာ မျိုးတွေမှာ အခြားသင့်လျော်တဲ့ ဒေသရေ မြေ၊ ရာသီဥတုနဲ့ကိုက်ညီ ဖြစ်ထွန်းအောင်မြင်တဲ့ အကျိုးအမြတ်ရှိမယ့် တွက်ခြေကိုက်မယ့် သီးနှံတွေကို စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်မှုအပါအဝင် သက်ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာများကို အကူအညီပေး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
