(ခ)-ပြည်တွင်းမီဒီယာလောကနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

ဒီခေတ်မှာ ကျွန်တော်တို့မီဒီယာဟာ အင်မတန်မှအင်အားသတ္တိကြီးမားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ရိုက်ခတ်နိုင် စွမ်းရှိပါတယ်။ အသိပေး၊ ပညာပေးသာမက လူထု၏ခံစားမှုများအပေါ်မှာ ကြီးမားစွာသောသြဇာ သက်ရောက်မှုရှိပါတယ်။ အင်မတန်မှ စွမ်းပကားရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မီဒီယာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိရောက်စွာအသုံးပြုနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိထား သိရှိတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ပြည်တွင်းမီဒီယာ အဲဒီမှာ တီဗီ၊ ရေဒီယို၊ သတင်းစာ စသည်တို့ကို ယခုထက်ပိုမိုပြီးတော့ ပြည်သူလူထုတို့ စိတ်ဝင်စားလာအောင်၊ အားထားလာအောင် မည်သို့စိတ်ကူး အကောင်အထည်ဖော်ပြုလုပ်နေသည်ကို အကျဉ်းချုံးပြီး ကျွန်တော်တို့ သိခွင့်ရလို့ ရှိရင် ကျွန်တော်တို့အတွက် အများကြီးဗဟုသုတရရှိပြီး စိတ်ချမ်းသာနိုင်မယ်လို့ ကျွန်တော်တို့ထင်ပါ တယ်။ ဒါကြောင့်မို့လို့ မည်သို့ဆောင်ရွက်လျက်ရှိသည်ကို အကျဉ်းချုံးပြီး သိခွင့်ရှိလို့ရှိရင်သိပါရစေ လို့မေးမြန်းလိုပါတယ်။ ဒုတိယမေးခွန်းကတော့ ယခုခေတ်မှာ လူတိုင်းကမီဒီယာကို စတုတ္ထမဏ္ဍိုင်လို့ ပြောဆိုနေကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်ဖို့ရာလည်း ပြောပြောဆိုဆိုနဲ့          တောင့်တောင့်တတရှိနေတဲ့အခါ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အကျဉ်းချုံးပြီး    ပြောချင်တဲ့ပွိုင့်လေးကိုရအောင် ကျွန်တော်လူတစ်ယောက်ကို Post လုပ်ပါတယ်။ အဲဒီလူကတော့ အမေရိကန်ပြည်ထောင်စုက အင်မတန်မှနာမည်ကြီးတဲ့ သမ္မတကြီး သောမတ်ချန်မဆင် ဖြစ်ပါတယ်။ သောမတ်ချန်မဆင်က ဘယ်လိုပြောလိုက်သလဲဆိုတော့ Let me make newspaper of one country and I don’t care who make is law  ဆိုလိုချင်တဲ့ သဘောကတော့ နိုင်ငံတစ်နိုင်ငံမှာ မိမိသတင်းစာလုပ်ငန်းတစ်ခု သို့မဟုတ် သတင်းစာတစ်ခု ထူထောင်ခွင့်သာရမယ်ဆိုလို့ရှိရင် ဒီနိုင်ငံရေးဥပဒေကို ဘယ်သူပြဋ္ဌာန်းသည်ဖြစ်စေ၊ ဘယ်သူပြုသည်ဖြစ်စေ မိမိတော့ဖြင့်မပူပါဘူး။ မကြောင့်ကြပါဘူးလို့ပြောခြင်း ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကတော့ စတုတ္ထမဏ္ဍိုင် ဘာညာ စသည်ဖြင့် သည်စကားတွေမသုံးသလို အဲဒီခေတ်က အဓိကအားဖြင့် သတင်းစာကိုပဲအားကိုးရတာ ဖြစ်တဲ့အတွက် ကျွန်တော်ဒီဆောင်ပုဒ်လေးကို ၁၉၅၇ ခုနှစ်၊ ကျွန်တော်  ၈ တန်း ကျောင်းသားတုန်းက Nation သတင်းစာရဲ့ ပထမစာမျက်နှာမှာ ဆောင်ပုဒ်အဖြစ် ဖော်ပြထားတာလေးကို ကျွန်တော်ဖတ်ရှိ ရပါတယ်။ ဒါလေးဟာ ကျွန်တော့်ခေါင်းထဲမှာ စွဲပြီးကျန်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်ဘာညာ စသည်ဖြင့်မသိပါဘူး။ ဒါဟာတကယ့်တကယ်တော့ စတုတ္ထမဏ္ဍိုင်လို့ အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပြီး အမြင့်ဆုံးတာဝန်တစ်ခုအနေနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်လို့ ကျွန်တော် သဘောပေါက်သတိထားမိပါတယ်။ ဒီနိုင်ငံမှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်ထွန်းလာဖို့ လူအများတောင့်တ လျက်ရှိပါတယ်။ ပြောလည်းပြောနေကြတယ်။ စာပေလွတ်လပ်ခွင့်စသည်ဖြင့် လူတကာပြောဆိုနေကြ တာမှန်ပါတယ်။ သို့‌ပေမယ့် တစ်ခါတစ်ခါ ကျွန်တော်တို့စဉ်းစားမိတာ လွတ်လပ်ခွင့်ရတာနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ရောလားလို့ စဉ်းစားမိတဲ့အခါလည်းရှိပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ မိမိတို့ ပြည်တွင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အခိုင်အမာဖြစ်ထွန်းလာအောင် ဝိုင်းဝန်းလုပ်ဆောင်နေရမှာ ဖြစ်တဲ့အတွက် မည်သို့ဝိုင်းဝန်းလုပ်ဆောင်နေတယ်ဆိုတာလည်း ကျွန်တော်တို့ ဗဟုသုတအကျဉ်း အဖြစ် သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
အဖြေ

ယနေ့အခါမှာ ကျွန်တော်တို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးပြီးတော့ အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းလာအောင် မျှော်မှန်းတည်ဆောက်လျက်ရှိပါတယ်။ ဒီလိုတည်ဆောက်တဲ့ အခါမှာ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အောင်မြင်အောင်နဲ့ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရ ရှိရှိကျင့်သုံးနိုင်ဖို့ဆိုရင် နိုင်ငံတော်ရဲ့အဓိကအာဏာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာစတဲ့ မဏ္ဍိုင်သုံးရပ်တည့်မတ်မှန်ကန်ဖို့ အဓိကလိုတယ်လို့အများက ယုံကြည်ကြပါတယ်။ ဒါ့အပြင်လည်းပဲ ဒီအာဏာမဏ္ဍိုင်သုံးရပ်ကို တစ်ဦးတစ်ယောက်တည်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းက တစ်ပေါင်းတည်းကိုင်တွယ်ကျင့်သုံးမှုအစား သီးခြားစီခွဲခြားကျင့်သုံးပြီး တော့ တစ်ပြိုင်နက်တည်းမှာလည်း အပြန်အလှန်ထိန်းကျောင်းဖို့နဲ့အပြန်အလှန်ပေါင်းစပ်ဆောင်ရွက်ဖို့ လည်းလိုတယ်လို့   ယုံကြည်ကြပါတယ်။   ဒါကြောင့်လည်း   ကျွန်တော်တို့ရဲ့   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ

ဥပဒေမှာ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးပြီးတော့ အပြန်အလှန်ထိန်းကျောင်းမှုစနစ်နဲ့ ရေးဆွဲထား တာဖြစ်ပါတယ်။ ကနေ့အခါမှာ အဲဒီမူဝါဒအတိုင်းကျင့်သုံးပြီးတော့ နိုင်ငံတော်ကိုတည်ဆောက်လျက် ရှိပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်လျက်ရှိပါတယ်။ ဒီလိုဖော်ဆောင်တဲ့နေရာမှာ အာဏာသုံးရပ် မဏ္ဍိုင်များတည့်မတ်ပြီးတော့ ပြည်သူ၏အကျိုးကိုထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ဖို့ဆိုရင် စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ စာပေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများက စောင့်ကြည့်ထိန်းကျောင်းဖို့လိုတယ်လို့လည်း အများကယုံကြည်ကြပါတယ်။  ဆရာကြီး ဒေါက်တာမောင်မောင်ဝင့်ကလည်း ဒီအတိုင်းယုံကြည်တယ်လို့ ယူဆရပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း စတုတ္ထမဏ္ဍိုင်ဟာ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိန်းကျောင်းဖို့လိုတယ် လို့ ယုံကြည်ပါတယ်။ သို့သော်လည်း မဏ္ဍိုင်သုံးရပ်ကိုထိန်းကျောင်းမယ့် စတုတ္ထမဏ္ဍိုင်ဟာ အဲဒီ တာဝန်ကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ဖို့ဆိုရင် စတုတ္ထမဏ္ဍိုင်ကိုယ်တိုင် အရည်အသွေး ရှိပြီးတော့ စတုတ္ထမဏ္ဍိုင်ပီသဖို့လည်း လိုတယ်လို့ယုံကြည်ပါတယ်။ ဒါ့အပြင်နိုင်ငံမှာ နိုင်ငံပိုင်မီဒီယာ ရှိဖို့လိုသလို ပြည်တွင်းပုဂ္ဂလိက မီဒီယာများလည်းရှိဖို့လိုတယ်။ ဒီမီဒီယာနှစ်ခုဟာ အပြိုင်ရှင်သန် ပြီးတော့ တစ်ခုနဲ့တစ်ခုလည်းထိန်းကျောင်းဖို့ လိုတယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို ဒီတာဝန်တွေဆောင်ရွက်နိုင်ဖို့ရာအတွက် အသွင်သဏ္ဌာန် ရော၊ အရည်အသွေးပါမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းဆောင် ရွက်တာဟာ အခုမှလုပ်တာမဟုတ်ဘဲ ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကနေ့သတင်းစာမီဒီယာကိုကြည့်မယ်ဆိုရင် ဗဟိုမှာသာမက တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ ကြီးများမှာပါ ကိုယ်ပွားသတင်းစာတိုက်များထူထောင်ပြီးတော့ ရိုက်နှိပ်ဖြန့်ဝေပေးလျက်ရှိတဲ့အတွက် မြန်မာနိုင်ငံဒေသအများအပြားမှာ သတင်းစာများကို နေ့ချင်းဖတ်ရှုနေနိုင်ကြပြီဖြစ်ပါတယ်။ အဲဒီလို နေ့ချင်းဖတ်ရှုနိုင်တဲ့ကျယ်ပြန့်မှုကို ဒီထက်ကောင်းမွန် တိုးတက်လာအောင်လည်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းပြလိုပါတယ်။

အသွင်သဏ္ဌာန်ရဲ့အရည်အသွေးနဲ့ ပတ်သက်ရင်လည်းပဲ ယခင်ကဗဟိုနဲ့ ကိုယ်ပွားသတင်းစာ တိုက်တွေမှာ နိုင်ငံခြားစက္ကူက ၈၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်းထုတ်သတင်းစာစက္ကူက ၂၀ ရာခိုင်နှုန်း ပူးပေါင်းရိုက်နှိပ်ပါတယ်။ ကနေ့အခါမှာတော့ ပြည်တွင်းထုတ်သတင်းစာစက္ကူကို ၄ ရာခိုင်နှုန်းပဲ ထည့်သွင်းရိုက်နှိပ်ပြီးတော့ဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့အရောင်အသွေးမှင်ကျမှင်နာများဟာ ပိုမိုအရည်အသွေးရှိလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီကိစ္စကနိုင်ငံတော်ရဲ့ ရငွေ၊ သုံးငွေချွေတာမှုများနဲ့လည်း ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းအနေနဲ့ ဝင်ငွေပိုမိုရရှိ အောင်ကြိုးစားပြီးတော့ ပြည်သူများအတွက်ဝန်ဆောင်မှုကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးမှာဖြစ် ကြောင်းရှင်းပြလိုပါတယ်။ နောက်တစ်ခုကလည်းပဲ ကနေ့ကျွန်တော်တို့ Black and White သတင်းစာစနစ်ကနေတစ်ဆင့် အခြားသောနိုင်ငံများနည်းတူ Colour သတင်းစာများလည်းဖြစ်အောင် ကျွန်တော်တို့ကြိုးပမ်းပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ရှင်းပြလို ပါတယ်။ အရည်အသွေးပိုင်းနဲ့ပတ်သက်ရင်တော့ ပြည်သူတွေ၊ ပြည်တွင်းပြည်ပသတင်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသဘာဝဘေးအန္တရာယ်စတဲ့ ကဏ္ဍစုံကသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ရရှိ၊ သိရှိနိုင်ဖို့ရာအတွက် ကနေ့တိုးမြှင့်ပြီးတော့ ဆောင်ရွက်ထုတ်လွှင့်ပေးလျက်ရှိ ပါတယ်။ အဲဒီလို ထုတ်လွှင့်ပေးတဲ့အခါမှာလည်းပဲ  ကျွန်တော်တို့ပညာပေးမှုနဲ့ ဖျော်ဖြေမှုရောစပ် ထားတဲ့ Edutainment ၊ သတင်းပေးမှုနဲ့ ဖျော်ဖြေမှုရောစပ်ထားတဲ့ Infotainment နည်းများနဲ့လည်း ဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်။ ဒါ့အပြင်လည်းပဲ အယ်ဒီတာ့ အာဘော်၊ သတင်းဆောင်းပါးရေးသားနည်း ဒါတွေ အနှစ်သာရပိုမိုတိုးမြင့်လာဖို့ နိုင်ငံတကာက တိုးတက်လာတဲ့ မီဒီယာနည်းစနစ်များနဲ့အညီ အနှစ်သာရရှိရှိ ထိထိမိမိရေးနိုင်အောင်လည်း ပြည်တွင်းပြည်ပသင်တန်းတွေ၊ On Job Training တွေ၊ Work Shop တွေနဲ့ဆောင်ရွက်ပေး လျက်ရှိတယ်လို့တင်ပြလိုပါတယ်။ ဒါ့အပြင်လည်းပဲ သတင်းများပိုမိုစုံလင်စွာနဲ့ ထည့်သွင်းနိုင်အောင် နယ်သတင်းထောက်များလည်း တိုးချဲ့ခန့်ထားပြီးတော့ သတင်းရယူမှု Network ပိုမိုကျယ်ပြန့် လာအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အရေးကြီးဆုံးအချက် တစ်ခုဖြစ်တဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုး၊ အမျိုးသားအကျိုးစီးပွားကို နိုင်ငံပိုင်သတင်းစာများရဲ့ မူဝါဒအဖြစ် ကိုင်စွဲစေပြီး စတုတ္ထမဏ္ဍိုင်ပီသလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သတင်းစာ မီဒီယာနဲ့ ပတ်သက်ပြီး ကျွန်တော် အကျဉ်းချုပ် ပြောကြားလိုပါတယ်။ ထို့အတူပါပဲ နိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားမီဒီယာကဏ္ဍကိုလည်း အသွင်သဏ္ဌာန်ရော အနှစ်သာရပါမြင့်မားပြီး ပြည်သူ့အကျိုးကို ပိုမိုပြုနိုင်တဲ့မီဒီယာဖြစ်အောင် ယခင်ကဆောင်ရွက်ခဲ့သလို အခုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူအများကို သတင်းဗဟုသုတဖျော်ဖြေမှုတွေ ပိုမိုကျယ်ပြန့်စွာပေးနိုင်အောင်၊ တစ်ဖက်ကလည်း နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်အောင် ကနေ့အခါမှာ အခမဲ့ကြည့်ရှုလို့ရတဲ့ Free to Air Channel တွေ၊ အခကြေးငွေနဲ့ကြည့်ရှုရတဲ့ Pay channel တွေအများအပြားနဲ့ပေါင်းစပ်ပြီး ကျွန်တော်တို့ ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒီလိုထုတ်လွှင့်တဲ့ အခါမှာလည်းပဲ နိုင်ငံတကာရဲ့သတင်း မီဒီယာ channel ‌တွေလည်းပါဝင်အောင်ထုတ်လွှင့်ပေးပါတယ်။ အသိဗဟုသုတကို အဓိကဦးစားပေး

ထုတ်လွှင့်တဲ့ channel‌ တွေလည်းပေါင်းစပ်ထုတ်လွှင့်ပေးပါတယ်။ ဒါ့အပြင်လည်းပဲ ပညာပေးမှုနဲ့‌ ဖျော်ဖြေမှု၊ သတင်းနဲ့ဖျော်ဖြေမှုပေါင်းစပ်ထားတဲ့ Edutainment, Infotainment channel‌ တွေကို လည်းပဲ ကျွန်တော်တို့ ထုတ်လွှင့်ပေးလျက်ရှိတယ်လို့ရှင်းပြလိုပါတယ်။ ဒီလိုထုတ်လွှင့်တဲ့အခါမှာ ဆရာကြီးဒေါက်တာမောင်မောင်ဝင့် ဆွေးနွေးသွားသလို မီဒီယာဆိုတာဟာ အရောင်အမျိုးမျိုးဆိုးပြီး ထုတ်လွှင့်လို့ရပါတယ်။ မိမိလိုရာကိုဆွဲပြီးတော့လည်းထုတ်လို့ရပါတယ်။ ဒါ့ကြောင့် အဲဒီလိုနိုင်ငံတကာ channel‌ တွေကို နိုင်ငံတကာကရုပ်ရှင်ကားတွေ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွေကို ထုတ်လွှင့်ရတဲ့ အခါမှာမိမိတို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်းပဲ ကြီးမားစွာထိခိုက်ခြင်းမရှိရအောင် နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုလည်းကာကွယ်နိုင်အောင် ကျွန်တော်တို့ရုပ်ရှင်ဆင်ဆာအဖွဲ့နဲ့ ဆင်ဆာ စစ်ဆေးပြီးမှ ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွေကို ထုတ်လွှင့်ပေးပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ထုတ်လွှင့်တဲ့ channel‌ တွေကို Relay System နဲ့တိုက်ရိုက် ထုတ်လွှင့်တဲ့အခါမှာ လည်းပဲ Online ဆင်ဆာအဖွဲ့က ဆင်ဆာစစ်ဆေးပြီးမှ ထုတ်လွှင့်လျက်ရှိပါတယ်ဆိုတာကို ကျွန်တော် ရှင်းပြလိုပါတယ်။ ထို့အတူပဲ ရေဒီယိုထုတ်လွှင့်မှုနဲ့ပတ်သက်ရင်လည်း ယခင်ကရှိခဲ့တဲ့ မြန်မာ့အသံနဲ့ တိုင်းရင်းသား အစီအစဉ်အပြင် ယနေ့အခါမှာ ပိတောက်မြေနဲ့ FMရေဒီယို channel‌ အများအပြားကို မနက် ၅း၃၀ နာရီကနေ ည ၂၃း၀၀ နာရီအထိ ဆက်တိုက်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒီ FM ရေဒီယိုတွေရဲ့ ပြည်သူပိုမိုစိတ်ဝင်စားစေဖို့၊ ပြည်သူကိုအကျိုးပြုနိုင်ဖို့အတွက် အနှစ်သာရရှိရှိ ဆောင်ရွက်နိုင်ဖို့ကိုလည်းပဲ ကျွန်တော်တို့ဘက်က အမျိုးသားအကျိုးစီးပွားကိုပဲအခြေခံပါ။ အဲဒီမူဝါဒ ကိုအခြေခံပြီးရင် မိမိဘာသာလွတ်လွတ်လပ်လပ်ကျယ်ကျယ်ပြန့်ပြန့်လုပ်ခွင့်ရှိပါတယ်ဆိုတဲ့လုပ်ပိုင် ခွင့်ကိုပေးပြီးတော့ ဆောင်ရွက်စေလျက်ရှိပါတယ်။ ဒါကြောင့်လည်းပဲ ကနေ့အခါမှာ အဲဒီ FM ရေဒီယိုတွေဟာ ရွှေ FM ဆိုလို့ရှိရင် ကချင်ပြည်နယ်နဲ့မွန်‌ဒေသရဲ့ အသဲစွဲဖြစ်သလို၊ ချယ်ရီ FM ဆိုလို့ ရှိရင်လည်း ရခိုင်ဒေသရဲ့အသဲစွဲဖြစ်နေတယ်လို့ ကျွန်တော်တို့ ဒီလိုသိရှိရပါတယ်။ ထို့အတူပဲ အဲဒီလို ရေဒီယို၊ ရုပ်မြင်သံကြား တွေ၊ Programme တွေရိုက်ကူး ထုတ်လွှင့်တဲ့အခါမှာလည်းပဲ အနှစ်သာရ ရှိရှိ၊ အရည်အသွေးမြင့်မြင့်နဲ့ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ဖို့၊ ပြည်သူတွေ စိတ်ဝင်စားနိုင်စေဖို့ သူတို့ ထုတ်လုပ်တဲ့သူတွေရဲ့ အရည်အသွေးမြင့်လာအောင် ပြည်တွင်းပြည်ပ သင်တန်းတွေ၊ Work shop‌ တွေ၊ ဆွေးနွေးပွဲတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်လည်းပဲ ကနေ့ IT ဟာ အဆက်မပြတ် တိုးတက်လျက်ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများဟာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို Analogue ကနေ Digital  ကိုကူးပြောင်းနေကြပါပြီ။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာ လည်းပဲပြည်သူတွေ အရည်အသွေးပိုမိုပြီးကောင်းမွန်တဲ့ ‌ရေဒီယို၊ ရုပ်မြင်သံကြားတွေကိုကြည့်ရှုနိုင် အောင်၊ ပြည်သူတွေအတွက်ရော နိုင်ငံတော်အတွက်ပါ နောင်အနာဂတ်‌ရေရှည်မှာ အကုန်အကျ သက်သာအောင် Analogue စနစ်ကနေ Digital  စနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့ ကူးပြောင်းလျက်ရှိတယ်ဆိုတာကိုလည်း ကျွန်တော် ဆွေးနွေးလိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ပိုင် State Media များကို ပြည်သူကပိုမိုစိတ်ဝင်စားအောင်၊ ပြည်သူ့အကျိုးကို ပိုမို ထမ်းဆောင်နိုင်တဲ့ အသွင်သဏ္ဌာန်ရော၊ အနှစ်သာရရောမြင့်မားတဲ့ မီဒီယာတွေဖြစ်လာအောင် ဆောင်ရွက်မှုကိုအကျဉ်း ချုပ်ပြီးပြောရရင် (၁)ကတော့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်မှုတွေကို လုပ်နေပါတယ်။ (၂)ကတော့ ကျွန်တော်တို့ ဒီကျွမ်းကျင်မှုပိုင်းဆိုင်ရာ တိုးမြှင့်တည်ဆောက်မှုတွေ လုပ်နေပါတယ်။ (၃)ကတော့ဖွဲ့စည်းမှု၊ ပြုပြင်တည်ဆောက်မှုတွေလုပ်နေပါတယ်။ (၄)ကတော့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှု Network ကို ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်လို့ အကျဉ်းချုပ်ပြီး ဆွေးနွေးလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံပိုင်မီဒီယာများက အရည်အသွေးရှိရှိနဲ့ စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက်သလို ပုဂ္ဂလိကမီဒီယာများကလည်း စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ဒါမှသာ စတုတ္ထမဏ္ဍိုင်ရဲ့တာဝန်ဖြစ်တဲ့ ကျန်မဏ္ဍိုင်သုံးရပ်တည့်မတ်ရေးကို ထိန်းညှိ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတိတ်ကာလကလို  ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲတွေကို အ‌ြခေခံပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ကြမယ်ဆိုရင်တော့ စတုတ္ထမဏ္ဍိုင်ပီသမှု အားနည်းပြီး စတုတ္ထမဏ္ဍိုင်ရဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲတွေအပေါ်အ‌ြခေမခံဘဲ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံဆောင်ရွက်မှသာ စတုတ္ထ မဏ္ဍိုင်ပီသပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးကို ထိရောက်စွာဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ဆရာကြီးဒေါက်တာမောင်မောင်ဝင့်က ပြည်သူတွေကကော ဘယ်လိုပူးပေါင်းဆောင်ရွက် ရမှာလဲဆိုတဲ့ ဒါ ကြိုပြီးစဉ်းစားတာရှိပါတယ်။ အဲဒီလို စတုတ္ထမဏ္ဍိုင်ခေါ်တဲ့ ဒီမီဒီယာတွေက ပြည်သူ့ အကျိုးပြုတဲ့ စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်လာနိုင်အောင်လည်း ပဉ္စမမဏ္ဍိုင်လို့ပြောတဲ့ ပြည်သူတွေ ရဲ့အားဟာ အင်မတန်အရေးကြီးပါတယ်။ စတုတ္ထမဏ္ဍိုင်ပီသစွာ ဆောင်ရွက်တဲ့ မီဒီယာများကိုသာ ပြည်သူများက အားပေးလက်ခံဖို့ လိုအပ်ပါတယ်။ Chief Popularity မိမိငွေကြေးရရှိဖို့အတွက် အများကစိတ်ဝင်စားနိုင်တဲ့ ကိစ္စမျိုးတွေကိုလိုက်ပြီး ရေးသားနေတဲ့ မီဒီယာမျိုးတွေကို ပြည်သူက အားပေးမှုသတိပြုရမှာဖြစ်ပါတယ်။ အားများများပေးရင် ဒါတွေပဲ လုပ်နေမှာပါပဲ။ ဒါပြည်သူတွေ အပိုင်းက ဘယ်လိုစဉ်းစားသင့်တယ်ဆိုတာကို ကျွန်တော် တင်ပြတာပါ။ ဒီလို တင်ပြတဲ့အခါမှာလည်းပဲ အနှောင့်အသွားလွတ်အောင် မနည်းစဉ်းစားရပါတယ်။ နည်းနည်းလေးများ ဆန္ဒစောသွားရင် အင်တာနက်ပေါ်မှာ အင်မတန် ကျွန်တော့်ကို ထိုးနှက်ကြတာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ အဲဒီတော့ သတင်းမီဒီယာသမားများ အားလုံးဟာလည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြတဲ့သူတွေ၊ မီဒီယာတန်ဖိုးကို အလေးထားမြတ်နိုးသူတွေ၊ မဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်နဲ့ ထိန်းညှိပေးရမယ်လို့ ယုံကြည်တဲ့ သူတွေဖြစ်တဲ့အတွက် မီဒီယာများဟာ စတုတ္ထမဏ္ဍိုင်ပီသရမယ်ဆိုတဲ့မူကို လက်ခံသဘောတူကြမယ် လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် မီဒီယာများဟာ စတုတ္ထမဏ္ဍိုင်ပီသဖို့ဆိုရင် အခြေခံဥပဒေပုဒ်မ ၃၅၄ ပါ ဒါအားလုံးသိကြပြီးသားပါ ထပ်တလဲလဲလည်းဖြစ်နေပါပြီ။ ကျွန်တော်ထပ်ပြီးတော့ပဲ ပြောရမှာဖြစ်ပါ တယ်။ နိုင်ငံသားများအနေနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး  သို့မဟုတ် အများပြည်သူရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ဥပဒေများနဲ့ မဆန့်ကျင်လျှင် မိမိတို့ရဲ့ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ဖြန့်ချိခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

          ဒီပြဋ္ဌာန်းချက်ကိုကြည့်ရင် သတင်းမီဒီယာသမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်‌့ ရှိသလို နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိုလည်းပဲ ထိန်းသိမ်းကာကွယ်ကြရမယ့် တာဝန်ရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အလားတူပါပဲ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလို ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို မထိပါးမချိုးဖောက်မိအောင်လည်း တာဝန်ယူကြရမယ့် တာဝန်ရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူများရဲ့ ကိုယ်ကျင့်တရားအကျိုးငှာဆိုတဲ့စကားဟာ ကျယ်ပြန့်သိမ်မွေ့ပါတယ်။ ကျယ်ပြန့်သိမ်မွေ့တဲ့အလျောက် ဥပဒေနဲ့ပြဋ္ဌာန်းထားလို့ ရနိုင်တာတွေရှိသလို ဥပဒေနဲ့ ပြဋ္ဌာန်းထား လို့ မရနိုင်တာတွေလည်း ရှိပါတယ်။ ဥပဒေနဲ့ပြဋ္ဌာန်းထားလို့ ရနိုင်တာတွေကို ဥပဒေအတိုင်း လိုက်နာကြရမှာဖြစ်ပြီး ဥပဒေနဲ့ပြဋ္ဌာန်းထားလို့ မရနိုင်တာတွေကို မီဒီယာသမားတွေက ဆင်ခြင်တုံ တရားနဲ့ထိန်းသိမ်းပေးကြရမှာ ဖြစ်ပါတယ်ဆိုတာကို ကျွန်တော် ရှင်းပြလိုပါတယ်။ အဲဒီလို ဆောင်ရွက် မှသာ စတုတ္ထမီဒီယာဟာ ပြည်သူ့အကျိုးကိုပြုနိုင်တဲ့စတုတ္ထမဏ္ဍိုင်ပီသလာမှာဖြစ်တယ်လို့ ကျွန်တော် ဒီလိုရှင်းပြလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ အနာဂတ်ကို မျှော်မှန်းဖို့လိုသလို အတိတ်က သင်ခန်းစာတွေ၊ ပစ္စုပ္ပန်မှာဖြစ်နေတာတွေကိုလည်း သတိပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ အတိတ်က ဖြစ်ခဲ့တဲ့သင်ခန်းစာကိုတော့ ရှေ့မှာအကျဉ်းချုပ် ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် လက်ရှိပစ္စုပ္ပန်မှာ ဖြစ်နေတာကို ကျွန်တော်အနည်းငယ် အကျဉ်းချုပ်ပြောပါမယ်။ ယနေ့ ဒီမိုကရေစီနိုင်ငံကြီးများမှာ မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ကိုင်ဆောင်ရွက်နေကြတဲ့အတွက် နိုင်ငံရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေ အများအပြားပေါ်ပေါက်လျက်ရှိပါတယ်။ အဲဒီနိုင်ငံများမှာ အဲဒီပြဿနာများကို ‌ြဖေရှင်းဖို့ရန်အတွက် မီဒီယာသမားများအနေနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားအတိုင်း သူတို့နိုင်ငံရဲ့ မှန်မှန်ကန်ကန်မျှမျှတတ လိုက်နာဆောင်ရွက်ကြစေဖို့အတွက် သူတို့နိုင်ငံရဲ့ လွှတ်တော်တွေ၊  အစိုးရအဖွဲ့အစည်းတွေကပါ ကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ စောစောက ကျွန်တော် တင်ပြသလိုပါပဲ။ ကျွန်တော် လေမရှည်ပါဘူး။ ပုံပြင်လည်း မပြောပါဘူး။ သို့သော်လည်းပဲ မေးတဲ့မေးခွန်းကို ပြေအောင်ပဲ ‌ြဖေကြားနေတာ ဖြစ်ပါတယ်ဆိုတာကို ကျွန်တော် ဆက်ပြီးတော့ တင်ပြ လိုပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမီဒီယာတွေကို ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင်ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ  မီဒီယာများရဲ့လွတ်လပ်ခွင့်ကို အ‌ြခေခံဥပဒေနဲ့အညီ အကာအကွယ်ပြုနိုင်အောင်၊ အမျိုးသား အကျိုးစီးပွားကို အ‌ြခေခံတဲ့စတုတ္ထမဏ္ဍိုင်ပီသတဲ့ မီဒီယာဖြစ်လာအောင်၊ လွတ်လပ်မှုနဲ့တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲကျင့်သုံးတဲ့ မီဒီယာဖြစ်လာအောင် ထိန်းကျောင်းပေးနိုင် တဲ့ မီဒီယာဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ဖို့ လေ့လာဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင်လည်းပဲ ယခင်က စာပေစိစစ်ရေးမူ ၂၁ ချက်သတ်မှတ်ထားသော်လည်း ယခုအခါမှာ ၁၂ ချက်သို့ ပြောင်းလဲ ကျင့်သုံးလျက်ရှိပါတယ်။ ဒီလိုပြောင်းလဲသတ်မှတ် ကျင်‌့သုံးတာဟာလည်းပဲ ဘာကိုရည်ရွယ်တာလဲ ဆိုလို့ရှိရင် ပုဂ္ဂလိကမီဒီယာများဟာ စတုတ္ထမဏ္ဍိုင်ပီသတဲ့ ပြည်သူ့အကျိုးပြုမီဒီယာများကို ရောက်ရှိ လာနိုင်အောင် ပျိုးထောင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ထို့အတူပါပဲ ဒီမီဒီယာစာပေစိစစ်ရေးမူ ၁၂ ရပ် အတွင်းက လွတ်လပ်မှုနဲ့တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ဆင်ခြင်တုံတရားကိုယှဉ်တွဲပြီး‌ ရေးသားထုတ်ဝေခွင်‌့ ပြုနေတာကလည်းပဲ အနာဂတ်မှာ  စတုတ္ထမဏ္ဍိုင်ပီသစွာ ပြည်သူ့အကျိုးပြုနိုင်တဲ့ မီဒီယာတွေဖြစ်လာ အောင်  လေ့ကျင်‌့ပျိုးထောင်ပေးနေခြင်းပဲ ဖြစ်တယ်ဆိုတာကို ရှင်းပြလိုပါတယ်။

          ထို့အတူပါပဲ။ စာအုပ်စာစောင်တွေ ထုတ်ဝေမှုကိုလည်းပဲ အုပ်စု(၁)ကို ထုတ်တင်စနစ်၊ အုပ်စု(၂)ကို တင်ထုတ်စနစ်နဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါလည်း အရင်တစ်ပတ်တုန်းက ရှင်းခဲ့ပြီးသားပါ။ အဲဒီတော့ ဒီလိုဆောင်ရွက်ပေးတာကလည်း ဘာကိုရည်ရွယ်တာလဲဆိုလို့ရှိရင် ပြည်သူ့အကျိုးပြုနိုင်တဲ့ စတုတ္ထမဏ္ဍိုင်အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်ဆိုတာကို ကျွန်တော် ရှင်းပြလိုပါတယ်။ ဒါ့အပြင်လည်းပဲ ထူးချွန်တဲ့ သတင်းမီဒီယာသမားတွေ ပေါ်ပေါက်လာအောင်နဲ့ ပြည်သူ့အကျိုးကိုပြုနိုင်တဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်လာရေးအတွက် အထောက်အကူ ပြုနိုင်ဖို့ရာအတွက် စာပေစာနယ်ဇင်းအဖွဲ့၊ စာပေလောကသားများပါဝင်တဲ့ အမျိုးသားသတင်းဆု ရွေးချယ်ရေးကော်မတီကိုလည်း ၁၈-၈-၂၀၁၁နေ့မှာ စတင်ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီကော်မတီက အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံးသတင်းဆောင်းပါးဆု၊ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးကာတွန်းဆုများကို စိစစ်ရွေးချယ်ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒါကလည်းပဲ ပြည်သူ့ အကျိုးပြုတဲ့ စတုတ္ထမဏ္ဍိုင်မီဒီယာတွေဖြစ်လာဖို့ ပျိုးထောင်ပေးနေခြင်း ဖြစ်တယ်လို့ ရှင်းပြလို ပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲတိုးတက်လာအောင် ဆောင်ရွက်နေသလို ပုဂ္ဂလိကမီဒီယာသမားများ ကိုလည်း အမျိုးသားအကျိုးစီးပွားကို အ‌ြခေခံသောစစ်မှန်တဲ့စတုတ္ထမဏ္ဍိုင် ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော်လည်း ဒီလိုတာဝန်ကို အောင်မြင်အောင်ဆောင်ရွက်တဲ့နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့အတူ စာပေစာနယ်ဇင်းအဖွဲ့နဲ့ စာပေလောကသားများအားလုံး ပါဝင် ပူးပေါင်းကူညီဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ အင်အားစုတစ်ခုဖြစ်တဲ့ အဓိကအခန်းကဏ္ဍမှာပါတဲ့ ပဉ္စမမဏ္ဍိုင်လို့ပြောရမယ့် ပြည်သူများအားလုံး ကလည်း အသိတရားရှိရှိနဲ့ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီလို ဘက်စုံထောင့်စုံ တက်ညီလက်ညီ ဆောင်ရွက်ကြမယ်ဆိုရင်တော့  မီဒီယာအားလုံးဟာ အမျိုးသားအကျိုးစီးပွားကို အ‌ြခေခံသောပြည်သူများ ပိုမိုနှစ်သက်စွဲလမ်းသော ပြည်သူအကျိုးကိုပြုနိုင်သော စတုတ္ထမဏ္ဍိုင်များ အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာနိုင်မှာဖြစ်ကြောင်း ဖြေကြားပါသည်။