နောင်မွန်းမြို့မှာ ၁၉၇၉ ခုနှစ်မှာ ကိုယ်ထူကိုယ်ထတည်ဆောက်ပြီးစီးခဲ့တဲ့ တွင်အော်တာ လေယာဉ်ကွင်းလေးတစ်ခုရှိပါတယ်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာလည်းပဲ ၎င်းကွင်းတိုဆင်းလေယာဉ်ကွင်းများရှိကြောင်း လေ့လာသိရှိရပါတယ်။ နောင်မွန်းမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံးမှာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလွန်စွာခက်ခဲသေးတဲ့ ဒေသ ဖြစ်ပါတယ်။ ဒါပေမယ့် တွင်အော်တာလေယာဉ်ဆင်းပေးခဲ့တဲ့ ကာလများဖြစ်တဲ့ ၁၉၈၀-၁၉၈၄ နှစ်တာကာလများမှာ နိုင်ငံ့ဝန်ထမ်းများနဲ့ ပြည်သူလူထုများရဲ့ သွားလာဆက်သွယ်ရေးနဲ့ စားသောက်ရေးအဆင်ပြေခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ အဲ့ဒီအစီအစဉ် မရှိတော့တဲ့အတွက်ကြောင့် ဆက်သွယ်သွားလာရေးခက်ခဲလျက်ရှိကြပါတယ်။ တစ်နှစ်တာရဲ့ ပွင့်လင်း ရာသီဖြစ်တဲ့လေးလမှအပ ကျန်တဲ့ရှစ်လလောက်ဟာဆိုလို့ရှိရင် တောင်ပေါ်လမ်းခရီးဖြင့် ကိုယ့်ရိက္ခာ ကိုယ်ထမ်းပြီးတော့ ပြည်သူများနဲ့ နိုင်ငံ့ဝန်ထမ်းများဟာ နောင်မွန်းမြို့ကနေ ပူတာအိုမြို့စသည်ဖြင့် အောက်ပြည်အောက်ရွာကို သွားလာဆက်သွယ်နေရပါတယ်။ နိုင်ငံတော်အကြီးအကဲများ မိမိတို့ရဲ့ မြို့နယ်ကိုရောက်ရှိခဲ့တဲ့အချိန်မှာ ၎င်းလေယာဉ်ကွင်းလေးကို ထိန်းသိမ်းထားဖို့လည်းပဲမိန့်မှာခဲ့ပါတယ်။ ထိုနည်းတူစွာ မြို့နယ်အနေနဲ့၊ ကျွန်တော်တို့အနေနဲ့လည်းပဲ ၎င်းလေယာဉ်ကွင်းကို အခုအထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ယခင်ရှိပြီးဖြစ်တဲ့ ကွင်းတိုဆင်းလေယာဉ်များ၊ လေယာဉ်ကွင်းများအသုံးပြုသွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အကယ်၍ အစီအစဉ်ရှိပါက မည်သည့်ကာလကစပြီးမှ စီစဉ်သွားမည်ဖြစ်ကြောင်းကို မေးမြန်းပါသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာ့လေကြောင်းမှာ လောလောဆယ်အခြေအနေ F-28 သုံးစင်း၊ ATR သုံးစင်း၊ MACE သုံးစင်း၊ လေယာဉ်ကိုးစင်းနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့ကို အခြေပြုပြီးတော့ မြို့ပေါင်း ၂၅ မြို့ကို ကျွန်တော်တို့ ပျံသန်းနေတာဖြစ်ပါတယ်။ အနည်းဆုံးမြို့ဟာ တစ်ပတ်ကို နှစ်ခေါက်ပျံပါတယ်။ တစ်နှစ်မှာ ခရီးသည် ၃၄၀၀၀၀ နဲ့ကုန်တန်ချိန် ၆၀၀ ကို သယ်ယူပေးလျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ နောင်မွန်းလေယာဉ်ကွင်းနဲ့ပတ်သက် ပြီးတော့ အရင်တုန်းကခရီးသည် ၁၉ ယောက်သယ်တဲ့ တွင်အော်တာလေယာဉ်ပျံလေးတွေရှိခဲ့ပါတယ်။ အဲ့ဒီလေယာဉ်ပျံလေးတွေဆင်းတုန်းက ကချင်ပြည်နယ်မှာ နောင်မွန်းတို့၊ တနိုင်းတို့ ဒီမြို့တွေမှာ ဆင်းပေးလျက်ရှိပါတယ်။ နောင်မွန်းလေယာဉ်ကွင်းရဲ့ လက်ရှိလေယာဉ်ပြေးလမ်းကတော့ ၂၄၆၁ ပေ၊ အကျယ် ၉၀ ပေဖြစ်ပါတယ်။ လောလောဆယ်အခြေအနေအရ မြေသားကွင်းဖြစ်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအောက်မှာ ဒီလိုကွင်းတိုလေးတွေဆင်းနိုင်တဲ့ လေယာဉ်ပျံမရှိသေးပါဘူး။ သို့သော်လည်းပဲ နယ်စပ်ဒေသများအတွက် နိုင်ငံတော်လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စများဆောင်ရွက်နိုင်ဖို့ အတွက်ခရီးသည် ၁၉ ယောက်ဆံ့တဲ့ ကွင်းတိုပေ ၃၀၀၀ လောက်မှဆင်းနိုင်တဲ့ လေယာဉ်ပျံလေး ကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ဝယ်ယူဖြည့်တင်းပြီးတော့ ပြေးဆွဲဖို့လောလောဆယ် စီမံကိန်းရှိကြောင်းပေါ့။ ခြောက်လ၊ တစ်နှစ်လောက်ဆို ဒါတွေဖြစ်လာမှာပါ။ ဒီအတွက် ရည်ရွယ် ပြီးတော့ ဆောင်ရွက်လျက်ရှိကြောင်းဖြေကြားပါသည်။
