(ဃ)-ပို့ဆောင်ရေးဝန်ကြီးဌာနမှသင်္ဘောသားများကိစ္စနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၂-၉-၂၀၁၁)

ပို့ဆောင်မှုလုပ်ငန်းများကို ရေကြောင်းပို့ဆောင်ရေးမှ အဓိကတာဝန်ထမ်းဆောင်လျက်ရှိတာကိုတွေ့ရ ပါတယ်။ နိုင်ငံခြားသားသ‌င်္ဘောအရာရှိများနဲ့ သ‌င်္ဘောသားများမှာ လစာနှုန်းထားမြင့်မားမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားငွေရှာဖွေပေးသည့် လုပ်ငန်းများဖြစ်လျက်ရှိနေပါတယ်။ မြန်မာ နိုင်ငံသည်လည်းပဲ ကမ္ဘာ့သ‌င်္ဘောသားဈေးကွက်တွင် သ‌င်္ဘောသားများပေးပို့ဆောင်ရွက်နေသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိအ‌ခြေအနေတွင် ကမ္ဘာ့သ‌င်္ဘောသားဈေးကွက်တွင် သ‌င်္ဘောသားအရာရှိများနှင့် ပင်လယ်ပြင်လုပ်သက်အတွေ့အကြုံရှိသော သ‌င်္ဘောသားများဟာ လိုအပ် ချက်ထက်များစွာလျော့နည်းနေကြောင်း ယင်းအခွင့်အရေးများကို သ‌င်္ဘောသားများအလုပ်အကိုင် ရရှိရေးဆောင်ရွက်နေသည့် နိုင်ငံအသီးသီးမှသ‌င်္ဘောအရာရှိများမှ သ‌င်္ဘောသားများလက်ဦးမှုရယူ ‌ဖြည့်တင်းနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လာကြသည့်အပြင် သ‌င်္ဘောပိုင်ရှင်များဘက်မှလည်း သ‌င်္ဘောသားခေါ်ယူနေကြသောနိုင်ငံများအပြင် သ‌င်္ဘောသားအရင်းအမြစ်ရှိသော နိုင်ငံများအား တိုးတက်ရှာဖွေလာကြရာ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ သ‌င်္ဘောသားများအား ပိုမိုခေါ်ယူအသုံးပြုလာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သ‌င်္ဘောသားများသည် အရည်အချင်းကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာ၍ အလုပ်ကြိုးစားခြင်း၊ သင်ကြားတတ်မြောက်ရန်လွယ်ကူခြင်းကြောင့် သ‌င်္ဘောသားဈေးကွက်တွင် နေရာရရှိပြီးဖြစ်ရာ ဈေးကွက်လိုအပ်ချက်ပြည့်မှီစေရေးအတွက် အရည်အချင်းပြည့်ဝသော သ‌င်္ဘောသားများလေ့ကျင့် မွေးထုတ်ပေးရန်လိုအပ်သည့်အပြင် အရေအတွက်အရလည်းပိုမိုမွေးထုတ်ပေးနိုင်ရေး စီမံချက်ချ လုပ်ဆောင်သွားရန် လိုအပ်လျက်ရှိပါတယ်။ လေ့လာသိရှိရသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ မှတ်ပုံတင်ထားသည့်သ‌င်္ဘောသားအရာရှိနှင့် အခြားအဆင့်အရေအတွက်မှာ ၇၀၀၀၀ ကျော်ရှိပြီး၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရေအတွက်မှာ ၂၀၀၀၀ ကျော်ရှိကြောင်းသိရှိရပါတယ်။ ကျန်ရှိသည်‌့အရေအတွက်များမှာ ကုန်းပေါ်အခြားအလုပ်အကိုင်များသို့ ပြောင်းရွှေ့သွားခြင်း၊ အသက် အရွယ်ကြီးရင့်သွားခြင်း၊ သ‌င်္ဘောမလိုက်နိုင်တော့ခြင်း၊ သေဆုံးဒဏ်ရာရရှိခြင်းတို့ကြောင့်လျော့နည်း သွားရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသ‌င်္ဘောသားအရေအတွက်မှာ အခြားသောနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်သ‌င်္ဘောသား ၅ သိန်းကျော်၊ တရုတ်သ‌င်္ဘောသား ၃ သိန်းကျော်နှင့် အိန္ဒိယ၊ အင်ဒိုနီးရှား      ၁ သိန်းကျော် အရေအတွက်တို့နှင့်နှိုင်းယှဉ်ပါက သ‌င်္ဘောသားအရေအတွက် အလွန်နည်းပါး နေသေးကြောင်း လေ့လာသိရှိရပါတယ်။ မြန်မာနိုင်ငံတွင် သ‌င်္ဘောသားလုပ်ကိုင်လိုသည့် လူငယ်၊ လူရွယ်အရည်အချင်းရှိသူများ၊ ပညာတတ်အများအပြားရှိနေသော်လည်း တရားဝင်သွားရောက် လုပ်ကိုင်ရန် ကန့်သတ်ချက်များပြီး ငွေကြေးကုန်ကျမှုများပြားသဖြင့် တရားမဝင်သွားရောက်လုပ်ကိုင် နေသူများလည်းရှိပါတယ်။ ဒါ့ကြောင့် အလိမ်ခံရမှုများ၊ လူကုန်ကူးခံရမှုများအပြင် အခြားသော မလိုလားအပ်သည့် ပြဿနာများလည်းဖြစ်ပေါ်လျက်ရှိပါတယ်။ သ‌င်္ဘောသားများကို လက်ရှိ အရေအတွက်ထက် ပိုမိုမွေးထုတ်ပေးနိုင်မည်ဆိုပါက လူသားအရင်းအမြစ်များလည်းဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးရာရောက်ပြီး နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တစ်နှစ်လုံးမှာ သ‌င်္ဘောသားတစ်ထောင်နှင့် နှစ်ထောင်ကြားသာမွေးထုတ် ပေးနိုင်ကြောင်း အကြမ်းဖျင်းလေ့လာသိရှိရသဖြင့် အခြားသောသ‌င်္ဘောသားထောက်ပံ့သောနိုင်ငံများ မှမွေးထုတ်ပေးနိုင်သောအရေအတွက်နှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်းတွေ့ရှိရပါတယ်။ သ‌င်္ဘောသားများကို ပိုမိုမွေးထုတ်ပေးနိုင်ပါက နိုင်ငံတော်နှင်‌့ ပြည်သူများအတွက်ပါ အကျိုးကျေးဇူး များစွာဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသဖြင့် စီမံချက်ချ၍လုပ်ဆောင်သွားသင့်ပါတယ်။ သို့ဖြစ်ပါ၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နှစ်စဉ်မွေးထုတ်ပေးနိုင်သည့် လက်ရှိသ‌င်္ဘောသား အရေအတွက်ထက် ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်အတွက် အစီအမံများ ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

ပို့ဆောင်ရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံသား ပင်လယ်ကူးသင်္ဘောသားများ အလုပ်အကိုင်ရရှိရေးကို တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။          --၂၀၁၁ ရက်နေ့ ပြီးခဲ့တဲ့သောကြာနေ့ကရတဲ့ မှတ်တမ်းများအရ မြန်မာနိုင်ငံသားသင်္ဘောသား စုစုပေါင်း ၇၅၆၄၂ ဦးကိုလက်မှတ်များထုတ်ပေးပြီးဖြစ်ပါတယ်။ ၇၅၀၀၀ ကျော်ပါတယ်။ ၇၅၀၀၀ ကျော်အနက် အရာရှိကတော့ ၂၇၀၀၀ ဖြစ်ပြီးတော့ ၄၈၀၀၀ ကအခြားအဆင့်တွေဖြစ်ပါတယ်။ အထက်ပါသင်္ဘောသားများအနက် လက်မှတ်ထုတ်ပေးထားတဲ့ သင်္ဘောသားများအနက် လက်ရှိ သင်္ဘောပေါ်မှာအရာရှိ ၇၀၀၀ နဲ့ အခြားအဆင့် ၁၆၀၀၀ စုစုပေါင်း ၂၃၀၀၀ ကျော်ဟာ သင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အခြားအဆင့်သင်္ဘောသားများအနေနဲ့ အနည်းဆုံးလခက ၂၀၀ ကနေ ၁၃၀၀ တွေရပါတယ်။ အရာရှိများအနေနဲ့ အနည်းဆုံး ၁၅၀၀ ကနေ ၆၅၀၀ အကြားရပါတယ်။ ကျွန်တော်တို့တွက်ချက်မှုများအရ ယနေ့ နိုင်ငံခြားသင်္ဘောများပေါ်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ မြန်မာနိုင်ငံသင်္ဘောသားဦးရေ ၂၃၀၀၀ ရှိနေပြီးတော့ အရာရှိများ ကနေပြီးတော့ တစ်လကိုအမေရိကန်ဒေါ်လာ ၁၈ သန်း၊ အခြားအဆင့်များကတော့ ၁၂ သန်း၊ စုစုပေါင်းတစ်လကိုသန်း ၃၀ ဝင်ငွေရှာပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နဲ့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ကနေပြီးတော့ တစ်နှစ်ကို ကျွန်တော်တို့အရာရှိ ၇၀၀ မွေးထုတ်ဖို့စီမံထားပါတယ်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က တစ်နှစ်ကို ကျောင်းသား ၄၀၀ နဲ့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်က တစ်နှစ်ကို ၃၀၀၊ စုစုပေါင်း ၇၀၀ မွေးထုတ်ဖို့စီမံ ထားတာဖြစ်ပါတယ်။ အခြားအဆင့်များ မွေးထုတ်ရေးနဲ့ပတ်သက်ပြီးတော့ အစိုးရကျောင်း နှစ်ကျောင်း အပြင် ပုဂ္ဂလိကကျောင်းခုနစ်ကျောင်း၊ စုစုပေါင်းကိုးကျောင်းကိုလည်း ကျွန်တော်တို့ --၂၀၁၁ ခုနှစ် ကစပြီးတော့ ကျောင်းများကိုဖွင့်လှစ်ပြီးတော့ သင်တန်းများပို့ချဆဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လေးလ၊ ငါးလကြာလို့ရှိရင် အခြားအဆင့်သင်တန်းသား ၄၀၀၀ ကျော်ကို မွေးထုတ်ပြီးဖြစ်မှာဖြစ်ပါ တယ်။ စာမေးပွဲစစ်တဲ့စနစ်များကိုလည်း ရှင်းလင်းလွယ်ကူတဲ့စနစ်နဲ့ မေးခွန်းထုတ်ခြင်း၊ အမှတ် ပေးခြင်းများကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်စားလှယ်တော်ကြီးအနေနဲ့ ကျွန်တော်တို့ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ နိုင်ငံခြားသင်္ဘောသားများလေ့ကျင့်ရေး၊ မွေးထုတ်ရေး၊  အလုပ်အကိုင်ရှာဖွေရေးကို ယခုကဲ့သို့စိတ်ဝင်စားပြီးတော့ အများရဲ့အကျိုးအတွက် ခုန ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်းပဲ အလုပ်အကိုင်ရှာဖွေရေးမှာ ရိုးရိုးသွားလုပ်တာဆိုလို့ရှိရင် သင်္ဘောသားလုပ်တာက လခအများကြီးများပါတယ်။ တစ်နှစ်နေပြီးရင် သူကတစ်နှစ်ပြန်နားတာဖြစ်ပါ တယ်။ အဲ့ဒီတော့ အခြားလုပ်ငန်းနဲ့စာရင် ဒီလုပ်ငန်းသည် ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင် ရှာဖွေရေးအတွက် သင့်လျော်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ခုနကကမ္ဘာပေါ်မှာရှိတဲ့ သင်္ဘောသား အားလုံးရဲ့ အခုချိန်မှာ မြန်မာနိုင်ငံသင်္ဘောသားက နှစ်ရာခိုင်နှုန်းလောက်ပဲ သင်္ဘောပေါ်မှာရှိပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကိုလည်း အထူးအလေးအနက်ထားပြီးတော့ အလုပ်အကိုင်ရှာဖွေရေးအတွက် သင်္ဘောသားများ လေ့ကျင့်ခြင်း၊ မွေးထုတ်ခြင်း၊ အလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေးခြင်းများကို လည်း အထူးဂရုစိုက်ပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားပါသည်။