(က)-၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ “အခြားအဖွဲ့အစည်း တစ်ခုခု’’နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအမှတ် ၁ ကို ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တော်လှန်ရေး ကောင်စီကပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါဥပဒေကိုပင် တော်လှန်ရေးကောင်စီက ပြင်ဆင်မှု အမှတ် ၅/၆၄ နဲ့ ပြင်ဆင်အစားထိုးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ အဲဒီ အစားထိုးပြင်ဆင်လိုက်တဲ့ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)မှာ တပ်မတော်သု့ိတည်းမဟုတ် ပုဒ်မခွဲ(ခ) ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သု့ိတည်းမဟုတ် ဒေသန္တရအာဏာပိုင်တစ်ဦးဦးသို့တည်းမဟုတ် တည်ဆဲဥပဒေတစ်ခုခုအရ ဖွဲ့စည်းထားသည့်ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့တစ်ခုခု သု့ိတည်းမဟုတ် ပုဒ်မခွဲ(ဂ) သမဝါယမအသင်းတစ်ခုခု သု့ိတည်းမဟုတ် ပုဒ်မခွဲ(ဃ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အမိန့်ကြော်ငြာစာဖြင့် ကြော်ငြာသော သု့ိမဟုတ် ပုဒ်မခွဲငယ်(၁) အသင်းများမှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ထားသည့်အသင်းတစ်ခုခု၊ ပုဒ်မခွဲငယ်(၂) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၆ အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော အသင်းတစ်ခုခု၊ ပုဒ်မခွဲငယ်(၃)ပြည်သူတို့ဆိုင်ရာ ယုံမှားအပ်နှံမှုအဖွဲ့တစ်ခုခု သို့တည်းမဟုတ် ပုဒ်မခွဲငယ်(၄) အခြား အဖွဲ့အစည်းတစ်ခုခု သို့တည်းမဟုတ် အသုံးပြုရန်လွှဲအပ်ပေးထားသည့်  သို့တည်းမဟုတ် သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် သို့တည်းမဟုတ် အခြားပစ္စည်းတစ်ခုကို ဆိုလိုသည် ဟု ပြင်ဆင်ချက်ဥပဒေအမှတ် ၅/၆၄ အရ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ လေးစားအပ်တဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၆၀ ခုနှစ်၊ အများနဲ့သက်ဆိုင်သောပစ္စည်းကာကွယ်စောင့်ရှောက‌်ရေး ဥပဒေပြင်ဆင်ချက် ၅/၆၄ ပုဒ်မ ၂ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ)တို့မှာ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ပိုင်ဆိုင်သည့်ပစ္စည်းများပါဝင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုချက် ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့်လို့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁/၉၂ အရ နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခုခုသည် ၁၉၆၃ ခုနှစ်၊အများနှင့် သက်ဆိုင‌်သောပစ္စည်းကာကွယ်စောင့်ရှောက‌်ရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၄)တွင် ရည်ညွှန်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုဟူသည့်စကားရပ်တွင် အကျုံးဝင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်။ အမိန့်ကြော်ငြာစာအမှတ် ၁/၉၂ မှာ နိုင်ငံရေးပါတီ အဖွဲ့အစည်းများက ယင်းတို့၏ရန်ပုံငွေများနှင့်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းသုံးစွဲစေရန်နှင့် အလွဲသုံးစားပြုမှု၊ လိမ်လည်မှု၊ ခိုးမှုမပြုနိုင်ရေးအတွက် ဥပဒေ အကာအကွယ်ပေးရန် လိုအပ်ကြောင်း ထပ်မံဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ်။   ၁၉၆၃ ခုနှစ်၊  အများနှင့်သက်ဆိုင‌်သောပစ္စည်း ကာကွယ်စောင့်ရှောက‌်ရေးဥပဒေပုဒ်မ ၂ ပါပြဋ္ဌာန်းချက်များကို ကျုးလွန်ပါက ပုဒ်မ ၃ မှာ ပြစ်ဒဏ် ပေးမယ့်အချက်ကို ဖော်ပြထားပါတယ်။ မည်သူမဆို အများနှင့်သက်ဆိုင်သောပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့တည်းမဟုတ် လိမ်လည်မှုကျုးလွန်ပါက တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်အောက်မနည်းသည့် ထောင်ဒဏ်ဖြစ်စေ စီရင်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်ဟု အတိအကျပြဋ္ဌာန်းထားတာ တွေ့ရှိရပါတယ်။

          လေးစားအပ်တဲ့ပြည်သူ့လွှတ်‌တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့အ‌ြခေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ြခေခံဥပဒေပုဒ်မ ၄၀၅ ပုဒ်မခွဲ(ဂ)အရ နိုင်ငံရေးပါတီများဟာဆိုလို့ရှိရင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းများဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျွန်‌တော်လေ့လာတွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအ‌ြခေခံ ဥပဒေအရပေါ်ပေါက်လာတဲ့ ၂၀၀၈ ရဲ့ ဒီဘက်ပါတီဝင်၊ ပါတီပေါင်း ၄၀ ကျော်ရှိပြီဆိုတာလည်း ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်‌တော်သိလိုတာကတော့ ယနေ့နိုင်ငံရေးပါတီ များသည် ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင‌်သော ပစ္စည်းကာကွယ်စောင့်ရှောက‌်ရေးဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ်(၄) ပြဋ္ဌာန်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုကိုဆိုသည့်စကားရပ်တွင် ယနေ့ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၄၀၅ အရ တရားဝင်ရပ်တည်နေကြသော နိုင်ငံရေးပါတီ အဖွဲ့အစည်းအားလုံး အကျုံးဝင်ခြင်း ရှိ၊ မရှိ သိရှိလို၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင‌်သော ပစ္စည်းကာကွယ်စောင့်ရှောက‌်ရေးဥပဒေအရ အခြားအဖွဲ့အစည်းတစ်ခုခုဆိုတဲ့စကားရပ်တွင်   ယနေ့ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီအဖွဲ့အစည်းများကို အများနဲ့သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တရားစွဲဆိုမှုတွင် တရားစွဲဆိုခွင့်ပြုချက်ဖြင့် စွဲဆိုလာပါက အမှုတစ်ခုချင်းလိုက်အပေါ်၊ ပေါ်ပေါက်ချက်အပေါ် သက်ဆိုင်ရာတရားရုံးမှ စဉ်းစားသုံးသပ်၍ အကျုံးဝင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။