(စ)-ပင်လည်ဘူး-ကောလင်း ဆက်သွယ်သည့် လမ်းတံတားများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

ပင်လည်ဘူးမြို့နယ်ဟာ ကုန်းတွင်းပိတ်မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး နိုင်ငံတော် ကတန်ဖိုးထားတဲ့ ကျွန်းသစ်နဲ့သစ်မာများပေါများတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် နိုင်ငံတော်မှနှစ်စဉ် တစ်နှစ်လျှင်ပျမ်းမျှ သစ်တန်ပေါင်းခြောက်သောင်းကျော်အား မော်တော်ယာဉ်များဖြင့် ထုတ်လုပ် လျက်ရှိရာ ပင်လည်ဘူးမြို့၏ထွက်ပေါက်ဖြစ်သော ပင်လည်ဘူး-ကောလင်းလမ်းပိုင်းမှာ သစ်လုပ်ငန်း များကြောင့် ဆိုးရွားစွာပျက်စီးလျက်ရှိပါတယ်။ အဆိုပါ ၃၉ မိုင်ကွာဝေးတဲ့ ပင်လည်ဘူး - ကောလင်း ကားလမ်းပိုင်းမှ လမ်းနှင့်တံတားများအား ပြည်ထောင်စုအစိုးရအနေဖြင့် ပြုပြင်ပေးရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုပါတယ်။ ပြုပြင်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ပြုပြင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပင်လည်ဘူး-ကောလင်းလမ်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိသော ဆင်ကုန်း- ဝန်းသို-ပင်လည်ဘူးလမ်း (ဝန်းသို-ပင်လည်ဘူးအပိုင်း) ဖြစ်တဲ့ ဝင်းကြီးမှ ကောလင်းသို့ ဆက်သွယ် ထားသောလမ်းဖြစ်ပါတယ်။ ၎င်းလမ်းပိုင်းဟာ ၃၉မိုင် ရှည်လျားပြီး ကတ္တရာလမ်းအဆင့်ဆောင်ရွက် ပြီးတဲ့လမ်းတစ်လမ်းဖြစ်ပါတယ်။ နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်း၊ သစ်သားတံတားများကို သံကူကွန် ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသော်လည်း အခြေစိုက်သစ်ထုတ်လုပ်ရေး လုပ်ငန်းများရှိတဲ့အတွက် သစ်တင်ကားကြီးများကြောင့် လမ်းသားဟာအမြဲတမ်းနိမ့်ကျပျက်စီးလျက် ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ ကတ္တရာထပ်ပိုးလွှာတင်ခြင်းက ၅ မိုင်နဲ့  ၂ ဖာလုံ၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းက ၂ မိုင်နဲ့ ၃ဖာလုံ၊ လမ်းတံတား အမှတ် ၂/၉ အား ၄၀ ပေအရှည်ရှိတဲ့ ဘေလီတံတားအသစ်ဆောက်လုပ်ခြင်းက တစ်စင်း၊ သစ်သား တံတားအသစ်တည်ဆောက်ခြင်းက နှစ်စင်း၊ သစ်သားရေပြွန်တည်ဆောက်ခြင်းက သုံးစင်း၊ ဘေလီနဲ့ သစ်သားတံတားများအား ကြမ်းခင်းဘီးနင်းများလဲခြင်းက သုံးစင်း၊ သစ်သားတံတားများ ပြုပြင်ခြင်းက ၄၅ စင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ရန်ပုံငွေနဲ့ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ တိုးတက်အောင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်သည့်နည်းတူ သစ်ထုတ်ကွင်းများမှ သစ်သယ်ကားများကလည်း သီးခြားသစ်သယ်လမ်းများဖောက်လုပ်အသုံးပြုမှ သာလျှင် ဒီလမ်းတွေကရေရှည်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကတ္တရာလမ်းများ ရေရှည်ခံနိုင်အောင် သွားလာနိုင်ရေးအတွက် မိမိဒေသတွင်းမှာရှိသော လမ်းများသက်တမ်းပြည့်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုအပ်ကြောင်း ဖြေကြားပါသည်။