ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အထက် ငဝန်မြစ်ရေလမ်းကြောင်းဟာ အနောက် ဘက်ကမ်းမှာ သောင်ကြီးကျေးရွာအုပ်စုနဲ့ သောင်ဖျားကျေးရွာအုပ်စုကြားမှာ သောင်များဖြစ်ထွန်းခဲ့ ပါတယ်။ သောင်များဖြစ်ထွန်းမှုကြောင့် မြစ်ကြောင်းဟာပြောင်းလဲပြီးတော့ အရှေ့ဘက်ကမ်းကို စီးဆင်းတဲ့အတွက် မူဂွန်ကျေးရွာအုပ်စု၊ ဒေါင်းနံကုန်းကျေးရွာသောင်စုမှနေ၍ ငါးသိုင်းချောင်းမြို့ ထိပ်တည့်တည့်မှာရှိတဲ့ ဗောဓိကုန်းကျေးရွာကြားမှာ ရေတိုက်စားမှုများကြောင့် ကမ်းပြိုခြင်းများ ဖြစ်ခဲ့ပါတယ်။ အဆိုပါကမ်းပြိုမှုဟာ ငဝန်ရေကာတာ တာခြေအထိဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် ဆည်မြောင်းဦးစီးဌာနမှ တာပေါင်များပြုလုပ်ဆောင်ရွက်ရန်အတွက် ၂၈-၁၂-၂၀၁၀ နေ့မှစတင် ပြီးတော့ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ မိုင်တိုင်အမှတ် ၄၅ မှ ၄၆/၂ အထိကြား ပေ ၆၈၀၀ ကိုဆောင်ရွက်ခဲ့ရာမှာ ကျွန်တော်တို့ ၁၁-၅-၂၀၁၁ နေ့မှာ ပြီးမြောက်ခဲ့ပါတယ်။ သို့သော်လည်း ရေလမ်းကြောင်းရဲ့ လက်ရှိအတိုင်းအတာအရ၊ စီးဆင်းမှုအရကြည့်မယ်ဆိုခဲ့ရင် ငဝန်တာခြေဟာ ဆက်လက်ပြီးတော့ ပြိုပျက်နိုင်မယ့်အနေအထားမျိုးရှိပါတယ်။ ယခုလက်ရှိ လုပ်ကိုင် ဆောင်ရွက်ထားတဲ့တာမှာလည်း နှစ်အရနုနယ်မှုရှိပါတယ်။ ထို့အပြင် ငါးသိုင်းချောင်းမြို့ထိပ် တည့်တည့်မှာ ရေကိုပိုက်ထားသကဲ့သို့ဖြစ်ပေါ်နေခြင်း အကြောင်းတရားများကြောင့် ရေရှည်မှာ ကျွန်တော်တို့ စိတ်ချရတဲ့အနေအထားမျိုးမရှိခဲ့ပါဘူး။ သို့ဖြစ်ပါသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ သက်ဆိုင်ရာရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၁-၂-၂၀၁၁ နေ့ မှာလာရောက်ပြီးတော့ ကြည့်ရှုသွားကြောင်းကိုလည်း ကျွန်တော်တို့သိရှိခဲ့ရပါတယ်။ အကယ်၍များ အားနည်းချက်၊ ချို့ယွင်းချက်များဖြစ်ပေါ်မည်ဆိုပါက ကျွန်တော်တို့ ပုသိမ်ခရိုင်အတွင်းရှိ ငသိုင်း ချောင်းမြို့တွင်သာမကပဲနဲ့ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ သာပေါင်း မြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်တို့အားလည်းကောင်း၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့နယ်တို့အားလည်းကောင်း ထိခိုက်ပျက်စီးဆုံးရှုံးစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ငဝန်ရေကာတာကြီး၊ ငါးသိုင်းချောင်းမြို့အထက်မှာရှိတဲ့ ငဝန်မြစ်ကြောင်းရေလမ်းကြောင်းအား ပြောင်းလဲပေးရန် အစီအစဉ်လိုအပ်မှာဖြစ်ပါတယ်။ တစ်ဆက်တစ်စပ်တည်းမှာပဲ ငဝန်မြစ်ရဲ့အရှေ့ ဘက်ကမ်းမှာတည်ရှိတဲ့ ငဝန်ရေကာတာကြီးဟာ ဟင်္သာတမြို့အထက် တကကျေးရွာမှနေပြီးတော့ အောက်ပိုင်းကျွန်တော်တို့ သာပေါင်းမြို့နယ်ရေလဲကြီးကျေးရွာအထိ ၇၅ မိုင်နဲ့ ၇ ဖာလုံရှည်လျား ပါတယ်။ အဆိုပါ ရေကာတာတစ်လျှောက်မှာ နှစ်အရကာလကြာမြင့်တဲ့အတွက်ကြောင့် ပျက်စီး ယိုယွင်းမှုများဖြစ်ပေါ်ခဲ့ရပါတယ်။ အဆိုပါ ပျက်စီးယိုယွင်းမှုများသည် လူအများသွားလာ၍ လည်းကောင်း၊ ကျွဲ၊ နွားများသွားလာ၍လည်းကောင်း၊ သယ်ပို့ယာဉ်များသွားလာ၍လည်းကောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယိုယွင်းမှုများကြောင့်လည်းကောင်း၊ ကြွက်တွင်းများ၊ ခြအိမ်များ ကြောင့်လည်းကောင်း အထွေထွေယိုယွင်းပျက်စီးမှုများ ရှိနေပါတယ်။ အဆိုပါ ယိုယွင်းပျက်စီးမှု များသည် အမှုမဲ့အမှတ်မဲ့ အနေအထားမျိုးဖြစ်ပါက အမှတ်တမဲ့မှ အမှတ်တရသို့အနေအထားမျိုးကို မပေါ်ပေါက်စေရေးအတွက်ကို ကျွန်တော့်အနေနဲ့ ငဝန်ရေကာတာကြီးရဲ့စွမ်းရည်ခိုင်မာမှုကို ကျွန်တော်တို့လိုအပ်ကြောင်းကိုလည်း ဆက်လက်တင်ပြအပ်ပါတယ်။ ဒီလိုအချိန်ရာသီမျိုးကို ရောက်ရှိ တဲ့အခါတိုင်းမှာ ငဝန်မြစ်ကမ်းနဘေးမှာရှိကြတဲ့ ကျွန်တော်တို့ ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာရှိတဲ့ မိဘပြည်သူများဟာ နှစ်စဉ် နှစ်တိုင်းပဲ ယခင့် ယခင် အတွေ့အကြုံများအရ၊ ဖြစ်စဉ်များအရ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။ သို့အတွက်ကြောင့် စိုးရိမ်ကြောင့်ကြမှုများကင်းဝေးစေရေး အထက်ဖော်ပြပါ မြို့နယ်များထိခိုက်ပျက်စီးဆုံးမှုများမဖြစ်ပွား စေရေး၊ ရေဘေးအန္တရာယ်မှကင်းလွတ်စေရေးတို့အတွက် ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အထက်ရှိ ငဝန်မြစ်ရေလမ်းကြောင်းအား ပြုပြင်ပြောင်းလဲ ပေးရေးနဲ့ ငဝန်ရေကာတာကြီးရဲ့ ခိုင်မာမှုစွမ်းရည်မြှင့်တင်ပေးရေးအစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာ စောစောပိုင်းကတင်ပြခဲ့သလိုပဲ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြစ်ချောင်းများအတွင်း ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးနှင့် ရေလမ်းထိန်းသိမ်းမှုကို တာဝန်ယူဆောင်ရွက် တာဖြစ်ပါတယ်။ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ဟာ ငဝန်မြစ်ညောင်ကျိုးကနေပြီးတော့ ၆၈ မိုင်၊ ပုသိမ်မြို့ကနေ ၇၇ မိုင်အကွာ ငဝန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာတည်ရှိပါတယ်။ အသေးစိတ် အခြေအနေကတော့ ခုနကကိုယ်စားလှယ်တော်ကြီးတင်ပြပြီးဖြစ်ပါတယ်။ ငဝန်မြစ်ရဲ့ မှတ်တမ်းများအရ ရေအမြင့်ဆုံးရေအမှတ်က ၁၉၇၄ ခုနှစ်မှာ ၃၁ ပေဖြစ်ပြီးတော့ အနိမ့်ဆုံးက ၂ ပေဖြစ်ပါတယ်။ လယ်/ဆည်ဝန်ကြီးဌာနကတည်ဆောက်ထားတဲ့ ဆည်မြောင်းဆည်ရဲ့ ဆည်အမြင့်ဆုံးရေက ၃၆.၅ ပေ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီးခုနတင်ပြခဲ့တဲ့ ငဝန်မြစ်ကို မြစ်ကြောင်းများပြောင်းဖို့အတွက် အစီအစဉ်ရှိလား၊ မရှိလားမေးခွန်းနဲ့ပတ်သက်ပြီးတော့ မြစ်ကြောင်းများကို ပြောင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ဒီဟာကြီးကို ထရက်ဂျာနဲ့တူးဖြတ်ရတာ ဖြစ်ပါတယ်။ တူးဖြတ်ရတဲ့အချိန်မှာ သူရဲ့ အောက်ဘက်ပိုင်းမှာ မမျှော်မှန်းနိုင်တဲ့ပြဿနာတွေအများကြီးဖြစ်ပါတယ်။ ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီး ငဝန်မြစ်ကမ်းနဲ့ပတ်သက်ပြီးတော့ ပို့ဆောင်ရေးဝန်ကြီးဌာနကနေပြီးတော့ လေးမျက်နှာထူပါရုံစေတီ ကမ်းပြိုမှုကာကွယ်ရေး၊ လေးမျက်နှာစေတီ၊ ရွှေကြက်ကျဘုရားကမ်းထိန်းရေး၊ ဟိုင်းကြီးကျွန်း ရေလမ်းကောင်းမွန်ရေး၊ ငဝန်မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငဝန်မြစ်ကူးတံတားပုသိမ်ကမ်းထိန်း လုပ်ငန်းများ၊ ပုသိမ်ဆိပ်ကမ်း(၁)၊ (၂) ထိန်းလုပ်ငန်းများကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ် အထိ ကျွန်တော်တို့ဘဏ္ဍာငွေစုစုပေါင်း ၈၁၁ သန်းကုန်ကျခံပြီး ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ၁၀ နှစ်တာ ကာလအတွင်းပါ။ ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ ငဝန်တာကမ်းပြိုရေစားမှုနဲ့ပတ်သက် ပြီးတော့ ဆည်မြောင်းဦးစီးဌာနကလည်းဖြေကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ကတော့ ကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲ့ဒီဒေသကိုသွားပြီးတော့ သေချာတိုင်းတာပြီးတော့ ကျွန်တော်တို့ အစီရင်ခံစာတင်ပြဖို့ ဘယ်လိုဆက်လက်ပြီးဆောင်ရွက်ရင် ကောင်းမလဲဆိုတာတင်ပြဖို့အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ယခင်ကတော့ ကျွန်တော်တို့ ခုနတင်ပြခဲ့တဲ့ ငါးသိုင်းချောင်းမှာတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကဆောင်ရွက်ထားတဲ့အစီအစဉ် အရင်တုန်းကမရှိခဲ့ပါဘူး။ တကယ်လို့လိုအပ်မယ်ဆိုရင် ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်ပါကြောင်း ဖြေကြားပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
စောစောက ငဝန်မြစ်ရေဟာ မိုးတွင်းမှာ ဟင်္သာတ၊ ရေကြည်၊ သာပေါင်းမြို့နယ်များအတွက် စိုးရိမ်ရတဲ့အနေအထားဖြစ်တဲ့အတွက် ငဝန်ရေလမ်းကြောင်းပေါ်မှာ ၇၅ မိုင်ကျော်ရှည်တဲ့တာများကို ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးလျက်ရှိပါတယ်။ အလားတူ တည်ဆောက်ပေးလိုက်တဲ့နေရာမှာ နှစ်စဉ်ဖြစ်ပေါ်လာတဲ့ ရေကြီးမှုအခြေအနေအပေါ် တော်တော် များများနှင့်ပတ်သက်ပြီးတော့ နွေရာသီကာလမှာ ဆည်မြောင်းဦးစီးဌာနအနေနဲ့ ရရှိသမျှဘတ်ဂျက်နဲ့ တာများကို ခိုင်ခံ့အောင်ပြုလုပ်ပေးခြင်း၊ ကြွက်တွင်းများကိုလိုက်လံရှာဖွေ၍ ဖို့ပေးခြင်း၊ စိတ်မချရတဲ့ တာများမှာဆိုရင် နောက်က ပန်းတာအဖြစ်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
