(င)-မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်းမကြီးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း မန္တလေး-တကောင်း-ကသာ-ဗန်းမော် အရှေ့မဟာဗျူဟာလမ်းမကြီး လမ်းမကြီးဟာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ဆက်စပ် ဖောက်လုပ်ထားသော၊ အချက်အချာကျသော မဟာဗျူဟာလမ်းမကြီးပဲ ဖြစ်ပါတယ်။ လမ်းမကြီး အမြန်ပြီးစီးရေးနှင့် စနစ်တကျဖြစ်စေရေးတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီများကို ပိုင်းခြား ပေးပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ လက်ရှိအခြေအနေကို တင်ပြရရင် ကျောက်ခင်း လမ်းဆောင်ရွက်ထားတဲ့ အခြေအနေဟာ အောက်ခံတော်တော်ကောင်း ပေမယ့် မိုးများပြီးမိုးရေ တိုက်စားမှု ကြောင့် အချို့နေရာတွေမှာ ချိုင့်ခွက်အများအပြားဖြစ်ပေါ် နေကြောင်းတွေ့ရှိရပါတယ်။ လောလောဆယ် ဒီချိုင့်ခွက်တွေကို တာဝန်ယူထားတဲ့ကုမ္ပဏီကဖို့ပေး မယ်ဆိုရင် သွားလာမှုမြန်ဆန်အဆင်ပြေစေမှာ ပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလမ်းမကြီးမှာ တာဝန်ကျတဲ့ကုမ္ပဏီများဟာ လမ်းဖြတ်သန်းခကိုတော့ ကောက်ခံတယ်။ မိမိတာဝန်ယူထားတဲ့ လမ်းပိုင်း ကို သေသေချာချာပြင်ဆင်မှု၊ ခင်းကျင်းမှုမလုပ်တဲ့အတွက် မိဘပြည်သူများကနိုင်ငံတော်အစိုးရကိုပဲ ဝေဖန်ပြောဆိုကြပါတယ်။ ဒီကြားထဲမှာ ကုမ္ပဏီအချို့ကခန့်ထားတဲ့ ဝန်ထမ်းအချို့ရဲ့ဆက်ဆံရေးရိုင်းပြ တာကြောင့် အခြေအနေဆိုးဝါးစေပါတယ်။ ဒါ့ကြောင့် တာဝန်ရှိကုမ္ပဏီများအပေါ် ကြီးကြပ်ဆောင်ရွက် စေသင့်ပါကြောင်းတင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအခြေအနေမှာ လမ်းဖြတ်သန်းခ များကို နိုင်ငံတော်မှလျှော့ချပြီးကောက်ခံနေတာတောင် အချို့မော်တော်ယာဉ်လိုင်းများဟာ စီးနင်းခ နှုန်းထားကို ပိုမိုကောက်ခံနေကြဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယာဉ်စီးခနှုန်းထားပုံမှန်ဖြစ်စေရေးအတွက် ဆောင်ရွက်ပေးသင့်ပါကြောင်းတင်ပြအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့တင်ပြရရင် ကျွန်တော်တို့ဒေသခံ မိဘပြည်သူများရဲ့ဆန္ဒကတော့ ဒီလမ်းမကြီးကို ကတ္တရာလမ်းအဖြစ်မြင်တွေ့ပြီးအသုံးပြုခွင့်ရလိုကြ ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်မှဆောင်ရွက်မယ့်အစီအစဉ် ရှိ၊ မရှိ။ ဆောင်ရွက်ပေးမယ်ဆိုရင်လည်း မည်သည့်ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မလဲဆိုတာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်း မဟာဗျူဟာလမ်းမကြီးဟာ မူလကရှိနေတဲ့ မြတောင်(၇ မိုင် လမ်းခွဲ)  ဝ/၀မိုင်မှ ၆၀မိုင် ၃ ဖာလုံကို လှမြတ်တော်ဝင်ကုမ္ပဏီကနေပြီးတော့လည်းကောင်း၊ ၆၀ မိုင် ၃ ဖာလုံ ကနေပြီးတော့ ၁၂၀ မိုင် ၁ ဖာလုံကို ဂရိတ်ဝေါလ်ကုမ္ပဏီကလည်းကောင်း၊ ၁၂၀ မိုင် ၁ ဖာလုံမှ ၁၈၃ မိုင် ၇ ဖာလုံ(ဆဝမ်ကထောင်လမ်းဆုံ)ထိ ရွှေမိုးသွန်းအောင်ကုမ္ပဏီလီမိတက်ကလည်းကောင်း BOT စနစ်ဖြင့် လမ်းတံတားလုပ်ငန်းများဆောင်ရွက်ရန်လျှောက်ထားတဲ့အတွက် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ၎င်းလမ်းများကို စံချိန်စံညွှန်းနဲ့ပြည့်မီသော လမ်းအင်္ဂါရပ်နှင့်ပြည်စုံသော ကတ္တရာလမ်းအဆင့် သတ်မှတ်ကာလအတွင်းစနစ်တကျဆောင်ရွက်ရန်ရည်ရွယ်ပြီးတော့ အပိုင်းလိုက်ဖော်ပြပါ တိုင်းရင်းသား ကုမ္ပဏီလုပ်ငန်းရှင်သုံးဦးကိုခွဲပေးတာဖြစ်ပါတယ်။ BOT ကုမ္ပဏီများကလည်း ကတ္တရာလမ်းအသစ် တိုးတက်ဆောင်ရွက်ရန်သတ်မှတ်ခဲ့သော်လည်း ယခုနှစ်မှာ ပြင်းထန်တဲ့မိုးဒဏ်ကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ပါတယ်။ ၁၉-၉-၂၀၁၁ ရက်နေ့မှာ မိုးဒဏ်ကြောင့်မို့ လမ်းဟာဆိုလို့ရှိရင် ဝ/၀ မိုင်ကနေပြီး ၆၀ မိုင် ၃ ဖာလုံအတွင်းမှာ ပျက်စီးသွားတဲ့လမ်းပိုင်းကို BOT လုပ်ငန်းရှင်များမလုပ်နိုင်တဲ့အတွက် မန္တလေးတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအဖွဲ့ဖြစ်တဲ့ ပြင်ဦးလွင်ခရိုင်၊ ဆောက်လုပ်ရေး အထူးအဖွဲ့ ၆ ဖွဲ့တို့မှ အဖွဲ့ငယ် ၁၀ ဖွဲ့ ဖွဲ့ပြီးတော့ လမ်းမျက်နှာပြင်ပျက်စီးမှုနဲ့ တံတားငယ်များ ပျက်စီးမှုကို ယနေ့အထိ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ တံတားတည်ဆောက်ရေးအထူးအဖွဲ့ ၁၄ ကလည်း တံတားကြီးများပျက်စီးမှုကို အဆက်အသွယ်မပြတ်တောက်စေရန်အတွက် ယာယီဘေလီ တံတားများဖြင့် ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကချင်ပြည်နယ်အပိုင်း ပျက်စီးသွားသော လမ်းတံတားများနှင့်ပတ်သက်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထူးစီမံကိန်းအဖွဲ့ ၂ က ပေအရှည် ၂၀ မှ ၁၂၀ ပေ ကြားမှာရှိတဲ့တံတား ၆ စင်းကို သံကူကွန်ကရစ်တံတားများအဖြစ် လည်းကောင်း၊ ကချင်ပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ကသစ်သားတံတား ၂၃ စင်းအား အမြဲတမ်းသံကူကွန်ကရစ်တံတားအဖြစ်လည်းကောင်း ဆက်လက်ပြီးတည်ဆောက်ပေးလျက်ရှိပါတယ်။ လမ်းအသုံးပြုခကောက်ခံမှုနှင့်ပတ်သက်လို့ ‌ဆောက်လုပ်ရေးဝန်ကြီးဌာနက လေလံရထားသော ကုမ္ပဏီ များ၊ လုပ်ငန်းရှင်များဟာ သတ်မှတ်နှုန်းထားအတိုင်းကောက်ခံရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ ပြည်နယ်ဆောက်လုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဒေသအာဏာပိုင်များကိုလည်း အားလုံးအဆင့်ဆင့် တာဝန်လွှဲအပ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသအာဏာပိုင်များကလည်း အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်မှုနှင့် မှန်ကန်သောကောက်ခံမှုနှုန်းထားများ ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ BOT လမ်းပိုင်းများမှာလုပ်ကိုင်နေသော ကုမ္ပဏီသုံးခုအား ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေပြီးတောာ့ စံချိန်စံညွှန်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။