(စ)-GSM နှင်‌့ CDMA တာဝါတိုင်လွှင့်စက်များတပ်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၃-၉-၂၀၁၁)

ထန်းတပင်မြို့နယ်သည် ဧရိယာအကျယ်အဝန်းအားဖြင့် ၂၃၄.၃၄ စတုရန်းမိုင် ကျယ်ဝန်းလျက်ရှိပါတယ်။ ကျေးရွာပေါင်း ၅၉ အုပ်စုနှင့် ရွာပေါင်း ၂၃၀ ရှိပါတယ်။ မြစ်ချောင်းများဝိုင်းရံလျက်ရှိပါတယ်။ အဆိုပါ အခက်အခဲများကြောင့် ဆက်သွယ်ရေးလုပ်ငန်းများ လွန်စွာ ခက်ခဲလျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ GSM နှင့် CDMA တာဝါတိုင်လွှင့်စက်များစိုက်ထူ ပေးမယ်ဆိုရင်တော့ ထန်းတပင်မြို့နယ်အနေဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံ ပြည်သူများလက်ရှိကိုင်သုံးနေတဲ့ GSM ဖုန်းများဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် GSM နှင့် CDMA တာဝါတိုင်များတပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်ကိုသိရှိနိုင်ရန်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ထန်းတပင်မြို့မှာ GSM လိုင်း ၆၀၀၀ တပ်ဆင်ခြင်းလုပ်ငန်းကို ယခု စီမံကိန်း ပထမနှစ်ရဲ့ တတိယအဆင့်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ‌ြဖေကြားအပ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တယ်လီဖုန်းဆက်သွယ်မှု တစ်ခုဟာ လုပ်ငန်းတစ်ခုကို ပြီးမြောက်စေနိုင်တယ်လို့အဆိုအားဖြင့် ကမ္ဘာမှာပြောဆိုဆက်သွယ်      နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ တယ်လီဖုန်းဆက်သွယ်မှုတစ်ခုဟာ လုပ်ငန်းတစ်ခုကို ပြီးမြောက်စေရုံသာမကပါဘူး။ အတွေ့အကြုံအရ သဘာဝဘေးအန္တရာယ်နှင့်မမျှော်လင့်တဲ့ အဖြစ် အပျက်ကိစ္စတွေကိုလည်းပဲ ‌လျော့ပါးကျော်လွှားသက်သာနိုင်စေခဲ့တာကို ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ခုနှစ် တို့မှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေမှာလည်းပဲ တယ်လီဖုန်း ဆက်သွယ်မှုများကြောင့် လျော့ပါးသက်သာပြီးတော့ လူများစွာရဲ့အခက်အခဲများကို ‌ြဖေရှင်းပေးနိုင်ခဲ့ တာဖြစ်ပါတယ်။ ထို့အတူပဲ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမြောက်ဖျား ရေခဲတောင်ဒေသမှာ လည်းပဲ မမျှော်လင့်ဘဲဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုမှာ တယ်လီဖုန်းခေါ်ဆိုမှုတစ်ခုဟာ သက်ဆိုင်သူတွေ ရဲ့ရှင်သန်ရပ်တည်မှုကိုပင် ကြီးမားစွာအထောက်အကူပြုခဲ့တာကို သိရှိကြပြီးဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့ဟာလည်းပဲ နိုင်ငံတော်အကြီးအကဲများရဲ့ အမျှော်အမြင်ကြီးမားစွာလမ်းညွှန်ထားရှိမှု၊ ဒီဝန်ကြီးဌာနမှာ ကျွန်တော့် အရင်တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ပုဂ္ဂိုလ်ကြီးများရဲ့ ကြိုတင်မျှော်တွေး ဆောင်ရွက်ခဲ့မှုတို့ကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေဖြင့် ၎င်းပုဂ္ဂိုလ်ကြီးများဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်များ၊ အတွေ့အကြုံကောင်းများကိုရယူပြီးတော့ ဒေသအားလုံးနီးပါးမှာ Mobile တယ်လီဖုန်းဆက်သွယ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။