(က) မူးမြစ်ရေတိုက်စားခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၂-၉-၂၀၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့သည် မူးမြစ်၏အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မူးမြစ် ကမ်းပါးဘေးတွင်ရှိသော အောင်မင်္ဂလာရပ်ကွက်သည် အိမ်ခြေပေါင်း ၆၀၀ ကျော်ခန့်ရှိခဲ့ပါ တယ်။ နှစ်စဉ် မူးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး အိမ်ခြေပေါင်း ၃၀၀ ခန့်ဟာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။ မူးမြစ်ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းလျက်ရှိပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နောင်နှစ်အနည်းငယ်အတွင်းမှာပင် ကျန်ရှိသော အိမ်ထောင်စုများနှင့် မူးမြစ်ကမ်းပါးတွင်         တည်ရှိသော ပြည်သူ့ဆောက်လုပ်ရေးရုံး၊ ပြည်သူ့ဆောက်လုပ်ရေးဗိုလ်တဲ၊ ဆည်မြောင်းရုံး၊ ဆည်မြောင်းဧည့်ရိပ်သာ၊ စိုက်ပျိုးရေးရုံးစသည့် အစိုးရဌာနဆိုင်ရာ အဆောက်အဦများသည် မူးမြစ်ရေတိုက်စားမှုကြောင့်ပျက်စီး ဆုံးရှုံးရမည်ဖြစ်ပါတယ်ခင်ဗျား။ မူးမြစ်ကမ်းပါးနံရံ ထိန်းသိမ်းရမည့် အလျားမှာ ပေ ၁၅၀၀ ခန့် ဖြစ်ပါတယ်။ သို့ပါ၍ မူးမြစ်ရေကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရေ၊ မြေသဘာဝတွေကို အကျဉ်းချုံးပြီး ကျွန်တော်တစ်မိနစ်၊ နှစ်မိနစ်တင်ပြပါရစေ။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ တောင်နဲ့မြောက်အလျား ၁၂၇၅ မိုင်၊ အရှေ့အနောက်အနံ ၅၈၂ မိုင်ရှိပါတယ်။ စုစုပေါင်းအကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ရှိပါတယ်။ ဧရာဝတီမြစ် ဆိုလို့ရှိရင် မေခ၊ မလိခကနေပြီးတော့ ရန်ကုန်မြစ်ဝအထိမိုင်ပေါင်း ၁၃၄၈ မိုင်၊ သံလွင်မြစ်ဆိုလို့ ရှိရင်လည်း လောက်ကိုင်ကနေ မုတ္တမကွေ့အထိမိုင်ပေါင်း ၇၅၀၊ ချင်းတွင်းမြစ်ဆိုလို့ရှိရင်လည်း ခန္တီးအထက်ကနေပြီးတော့ ဧရာဝတီနဲ့ဆုံတဲ့ မြင်းခြံမြို့နားအထိမိုင်ပေါင်း ၇၅၀၊ စစ်တောင်းမြစ် ဆိုလို့ရှိရင်လည်း တောင်ငူကနေ မုပ္ပလင်အထိမိုင်ပေါင်း ၁၈၀၊ ငဝန်မြစ်ဟာဆိုလို့ရှိရင်လည်း ညောင်ကျိုးကနေပြီးတော့ ဟိုင်းကြီးအထိမိုင်ပေါင်း ၂၁၂ ရှည်လျားတဲ့ ရေလမ်းကြောင်းကြီးဖြစ်ပေါ် နေပါတယ်။ ကျွန်တော် ဒါတွေတင်ပြရတာကတော့  ကျွန်တော်တို့အထက်ဖော်ပြခဲ့တဲ့ မြစ်ကြောင်းများ အရှည်ဟာမိုင်ပေါင်း ၃၀၀၀ အထက်မှာရှိပါတယ်ခင်ဗျား။ မြန်မာနိုင်ငံမှာ တစ်နှစ်လုံးရွာသွန်းတဲ့ မိုးရေချိန်လက်မဟာ ၁၉၆၁ ခုနှစ်ကနေပြီးတော့ ၁၉၉၀ ခုနှစ် နှစ်ပေါင်း ၃၀ မှတ်တမ်းများအရ နှစ်စဉ် ကျွန်တော်တို့ ပျမ်းမျှမိုးရေချိန်လက်မ ၈၉ လက်မရှိပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နောက်ဆုံး ၁၀ နှစ်အတွက် ပျမ်းမျှမိုးရေချိန်လက်မကတော့ ၉၆ လက်မရှိပါတယ်။ ဒါဟာ ဘာကို ရည်ညွှန်းလည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့နှစ် ၄၀ အတွင်းမှာ မိုးရေချိန်လက်မက နောက်ဆုံး ၁၀ နှစ်မှာ မိုးအများကြီးပိုမိုရွာကြောင်းတင်ပြခြင်းဖြစ်ပါတယ်။ အဲ့ဒီမြစ်တွေကနေပြီးတော့ စုစုပေါင်း ရေကုဗပေသန်းပေါင်း ၅၈ သန်းရပါတယ်။ အဲ့ဒီရေကုဗပေသန်းပေါင်း ၅၈ သန်းအနက်ကနေပြီးတော့ အဲဒီ ရေကုဗပေကို တိုင်းကြည့်လိုက်မယ်ဆိုရင်တော့ တစ်နှစ်လုံး မြန်မာတစ်ပြည်လုံး မှာ ရေထုထည်ဟာ ပေလောက် ရပါတယ်။ ပေအနက်ကနေပြီးတော့ ပေလောက်ကတော့ ပင်လယ်ထဲ ကိုစီးသွားပါတယ်။ ကျန်တဲ့ ပေလောက်ကတော့ ရေငွေ့ပျံခြင်းနဲ့ မြေကြီးထဲကိုစိမ့်ဝင်သွားတဲ့ရေများ ဖြစ်ပါတယ်။ အဲ့ဒီတော့ တစ်နည်းအားဖြင့်ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ပင်လယ်ထဲကို စီးသွားတဲ့ရေဟာ ၃၈ ရာခိုင်နှုန်းဖြစ်ပြီးတော့ ကုဗပေသန်းပေါင်း ၂၂ သန်းစီးတာဖြစ်ပါတယ်။ အဲ့ဒီကုဗပေ ၂၂ သန်း မြန်မာပြည်တစ်ပြည်လုံးရဲ့ မြေဧရိယာနဲ့တွက်မယ်ဆိုလို့ရှိရင် အမြင့်ပေ ပေ ရှိတဲ့ရေထုကြီးဟာ ကျွန်တော်ခုနတင်ပြခဲ့တဲ့ မြစ်ချောင်း၊ မြစ်များကနေပြီးတော့ မိုင်ပေါင်း ၃၀၀၀ ကျော်ရှည်လျားတဲ့ မြစ်ကြောင်းများကနေပြီးတော့ ပင်လယ်ထဲကို တစ်နှစ်တာကာလမှာစီးဆင်းတာ ဖြစ်ပါတယ်။ အဲ့ဒီ စီးဆင်းတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ မြစ်ကြောင်းများ အနေနဲ့ မြစ်ကမ်းများပြိုခြင်း၊ ရေကြီးခြင်းကိစ္စများဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့အဓိက ပြည်တွင်း၊ ပြည်ပလေကြောင်းနဲ့ ရေကြောင်းပို့ဆောင်ရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့အပြင်ကို ခုနကျွန်တော်တို့ မြစ်ချောင်းများ ထိန်းသိမ်းရေးကိစ္စများကိုတာဝန်ယူဖို့အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ၁၉၉၉ ခုနှစ်၊ ဧပြီလ ရက်နေ့မှာ စတင်တည်ထောင်ပြီးတော့ ဝန်ထမ်းအင်အား ၁၀၀၀ နဲ့ ယန္တရား ၉၀ လောက်နဲ့ ဒီကိစ္စများကိုဆောင်ရွက်လျက်ရှိပါတယ်။ အဓိကတာဝန်ကတော့ မြစ်များ ရေလမ်းကြောင်းကောင်းမွန်ပြီး၊ မြို့ဆိပ်ကမ်းများမပြောင်းရွှေ့ရဘဲ ၁၂ ရာသီအသုံးပြုဖို့၊ မြို့ရွာများ ရေတိုက်စားမှုမှကာကွယ်ဖို့ အဓိကရည်ရွယ်ပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့ ရေဦးမြို့နဲ့ပတ်သက်ပြီးတော့ ရေဦးမြို့ဟာဆိုလို့ရှိရင် မူးမြစ်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိပါတယ်။ ရေဦးမြို့ရဲ့မြောက်ဘက် ၅၇ မိုင် မူးမြစ်ဖျားမှာ သဖန်းဆိပ်ဆည်ကြီးရှိပါတယ်။ ရေဦးမြို့ရဲ့မြောက်ဘက် ၁၅ မိုင်မှာ ကာဘိုးဆည်ရှိပါတယ်။ အဲ့ဒီ ကာဘိုးဆည်ဟာ အင်္ဂလိပ်လက်ထက်က ၁၉၀၅ ခုနှစ်က မူးမြစ်ကိုပိတ်ပြီးတော့   ဆည်ထားတာဖြစ်ပါတယ်။  ပြီးတော့   ကာဘိုးဆည်ရဲ့မြောက်ဘက်မိုင်  ၃၀

အကွာမှာ ကင်းတပ်ဆည် သူကတော့ ၁၉၉၇ ခုနှစ်တည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကင်းတပ်ဆည်ရဲ့မြောက်ဘက် ၁၂ မိုင် အကွာမှာ ကျွန်တော်တင်ပြခဲ့တဲ့ သဖန်းဆိပ်ဆည်ကိုတော့ ၂၀၀၁ ခုနှစ်မှာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ယေဘုယျအနေအထားအရ ပြောမယ်ဆိုရင် မူးမြစ်ဖျားမှာ ဆည်ကြီးနဲ့ ကျန်တဲ့ရေလွှဲတမံနှစ်ခုရှိတယ်။ စုစုပေါင်း သုံးခုရှိပါတယ်။ ဒီအချက်များ ကတော့ ယေဘုယျအားဖြင့်ဆိုလို့ရှိရင်  မူးမြစ်ထဲမှာ ရေလွှမ်းမိုးမှုနဲ့ ကမ်းရေတိုက်စားမှုကိုကာကွယ်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေဦးမြို့မှ မူးမြစ်ကမ်းပါးပြိုမှုနှင့်ပတ်သက်ပြီးတော့ မှတ်တမ်း များအရ ကျွန်တော်တို့ဌာနအတွက်တော့ ထူးထူးခြားခြား မှတ်တမ်းများမရှိပါဘူး။ အဲ့ဒီတော့ မှတ်တမ်းများက ၁၉၈၅-၈၆ ခုနှစ်မှာ ရေဦးမြို့ရဲ့ အောင်မင်္ဂလာရပ်ကွက် ကမ်းပြိုမှုလျော့နည်းရေး အတွက် ဒေသအစီအစဉ်ဖြင့် မျောတိုင်ရေကာတာများ တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ မူးမြစ်ကူးတံတားရဲ့ မြစ်ညာဘက်မှာ ကမ်းပြိုမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ မျောတိုင်နှစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ခုနကကိုယ်စားလှယ်ကြီးမေးမြန်းခဲ့တဲ့ ရေဦးမြို့ရေတိုက်စားမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ယခင်အစဉ်အလာကတော့ ထူးထူးခြားခြားဆောင်ရွက်ပေးခဲ့တာမရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ နယ်မြေဒေသ တစ်ပြည်လုံးမှာရှိတဲ့ မည်သည့်မြို့ရွာမဆို ရေတိုက်စားမှုဖြစ်လို့ရှိရင် နီးစပ်ရာ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ ဒေသအာဏာပိုင်နဲ့ပူးပေါင်းပြီးတော့ အမြန်ဆုံးဆောင်ရွက်ပေးဖို့တိုင်းနဲ့ ပြည်နယ်အားလုံးကို ကျွန်တော်တို့ စာထွက်ထားပြီးသားဖြစ်ပါတယ်။ အဲ့ဒါကိုမူတည်ပြီးတော့ အခု ကိုယ်စားလှယ်ကြီးအနေနဲ့လည်း မူးမြစ်ရေနဲ့ပတ်သက်ပြီးတော့ ကိစ္စများပေါ်ခဲ့လို့ရှိရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အာဏာပိုင်များနှင့် ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ကို သတင်းပေး မယ်ဆိုရင် အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဖြေကြားပါသည်။