(င)-CDMA သို့မဟုတ် GSM တယ်လီဖုန်းတပ်ဆင်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၃-၉-၂၀၁၁)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် လက်ရှိအများသုံး အော်တိုတယ်လီဖုန်းသုံးလုံးသာရှိပြီး နံနက် ၇ နာရီမှ ည ၈ နာရီ အထိသာဆက်သွယ်ပြောဆိုနိုင်ပါတယ်။ မိုင်းယန်းမြို့နယ်သည် ပြည်နယ်ဆက်သွယ်ရေးမှ CDMA နှင့် GSM တယ်လီဖုန်း ၁၀ လုံးငှားရမ်းအသုံးပြုလျက်ရှိသော်လည်း ဆက်သွယ်၍မရပါ။ ဆက်သွယ်ရေး ဧရိယာပြင်ပသို့ရောက်ရှိနေပါတယ်။ သို့ပါ၍ မိုင်းယန်းမြို့နယ်တွင် အချိန်မရွေးလွယ်ကူစွာ ဆက်သွယ် နိုင်ရေးအတွက် CDMA သို့မဟုတ် GSM တယ်လီဖုန်းတပ်ဆင်ချထားပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

ဆက်လက်၍ ရှမ်းပြည်နယ်၊ မိုင်းခတ်၊ မိုင်းဆတ်မဲဆန္ဒနယ်နှင့် ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ ဦးစဲကီကော်၊ ဦးစိုင်းခတ္ထိယနဲ့ ဦးသိန်းရီတို့ရဲ့ မေးခွန်းများနဲ့ ပတ်သက်ပြီးတော့ ြဖေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကိုယ်တိုင်လည်းပဲ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယန်းဒေသများမှာ ကာလအတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် ဆက်သွယ်မှုလိုအပ်ချက်ကို ကျွန်တော် ခံစားသဘောပေါက်နိုင် ပါကြောင်း ပဏာမတင်ပြလိုပါတယ်ခင်ဗျား။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်း၊ မိုင်းခတ်မြို့မှာ လိုင်း ၅၀ ပါ တရုတ်နိုင်ငံလုပ် လက်လှည့်အိတ်ချိန်းတစ်ခုစီ တပ်ဆင်ထားပြီးတော့မှ မိုင်းယန်းမြို့မှာ လိုင်းခွဲတယ်လီဖုန်းကိုးလုံး၊ မိုင်းခတ်မြို့မှာ လိုင်းခွဲတယ်လီဖုန်း ၄၉ လုံးတပ်ဆင်ထား ပါတယ်။ အဝေးဆက်သွယ်မှုအတွက် လွယ်မွေမိုက္ကရိုမှတစ်ဆင့် တယ်လီဖုန်း လေးလုံးစီတပ်ဆင်ထား တာဖြစ်ပါတယ်။ မြို့လျှပ်စစ်မီး အ‌ြခေအနေပေါ်မူတည်ပြီးတော့မှ ကျွန်တော်တို့ ညရှစ်နာရီအထိ ဖွင့်လှစ်အသုံးပြုတာဖြစ်ပါတယ်။ လိုအပ်လို့ရှိရင် ကျွန်တော်တို့က ဆက်လက်ပြီးတော့ ၂၄ နာရီ ဖွင့်လှစ် အသုံးပြုနိုင်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် အဓိကနေရာကနေပါဝင် အထောက်အကူပြုရမယ်လို့ သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ ကျေးလက်ရယ်၊ မြို့ပြရယ်ဆိုပြီးတော့ မခွဲခြားဘဲ ယခင်ကတည်းကပဲ မိုဘိုင်းတယ်လီဖုန်းတိုးချဲ့ တပ်ဆင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တာကို သိရှိပြီးဖြစ်ပါတယ်ခင်ဗျား။ ဦးတင်ဝင်းနဲ့ ဦးစဲကီကော်တို့ရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ မိုင်းယန်း၊ မိုင်းခတ်မြို့များမှာ ဒီဟာလည်းပဲ ကျွန်တော်တို့ လွယ်မီးကနေပြီးတော့ ကျိုင်းတုံ-လွယ်မီး၊ လွယ်မီး-မိုင်းခတ်၊ လွယ်မီး-မိုင်းယန်းကို အဲဒီမှတစ်ဆင့် ဆက်ကြောင်းထိုးပြီးတော့ ဆက်သွယ်ဆောင်ရွက်တာဖြစ်ပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ စမ်းသပ် ဆက်သွယ်ဆောင်ရွက်တဲ့အဆင့်ဖြစ်နေပြီဖြစ်ပါတယ်။ ဒီအတွက် CDMA-450 စနစ်ကို မကြာမီမှာ စမ်းသပ်မှုအဆင့်ကျော်လွန်ပြီးတော့ ကျွန်တော်တို့ ၂၄ နာရီအသုံးပြုနိုင်တော့မှာဖြစ်ကြောင်း၊

မိုင်းယန်းမြို့မှာ GSM Mobile တယ်လီဖုန်းတပ်ဆင်ချထားရေးနဲ့ပတ်သက်ပြီးတော့ မိုင်းယန်းမြို့မှာ GSM လိုင်း ၃၀၀၀ တပ်ဆင်ခြင်းလုပ်ငန်းကို GSM မိုဘိုင်း တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းပထမနှစ်၊ ယခုနှစ်ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။