မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် စက်မှုဇုန်များစွာ ရှိသည့်အနက် အထင်ကရစက်မှုလုပ်ငန်းများ လည်ပတ်နေသော လှိုင်သာယာစက်မှုဇုန်မှ တချို့စက်ရုံ များရဲ့ စွန့်ပစ်ရေများတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော လူနှင့်တိရစ္ဆာန်များကို အဆိပ် အတောက်ဖြစ်စေသော Arsenic များအပြင် အခြားသတ္တုဓာတ်များ ပါဝင်နေပါတယ်။ ၎င်းသတ္တု ရည်များကို မြစ်ချောင်းထဲသို့ တိုက်ရိုက်စွန့်ပစ်ပါက ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ရေသတ္တဝါ များကို အသက်အန္တရာယ်များ ဖြစ်နိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပုဇွန်တောင်ချောင်းထဲမှာ ရေကျချိန်မှာငါးတွေပေါ်ပြီးတော့ သေဆုံးမျောနေတယ်ဆိုတာကို လေ့လာ သိရှိရပါတယ်။ ဒီလိုငါးတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးမျောပါတာမျိုးက ရေရဲ့ အရည်အသွေးကျဆင်းလာရင် ဒါမှမဟုတ် ဓာတုပစ္စည်းများများစားစား ချောင်းထဲကို စွန့်ပစ် ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ရရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စွန့်ပစ်ဓာတုရည်များကို တွင်းတူးပြီး ဓာတုရည်များကိုထည့်၍ ဗေဒါ၊ ကနဖော့၊ ကြာပင်၊ ကန်စွန်းပင်စသည်တို့ကို မွေးမြူပြီး ထိုအပင်များကို အခြောက်ခံမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံတွင် အထက်မှာတင်ပြခဲ့တဲ့နည်းကို ဆောင်ရွက်တယ်လို့ ဒါလေ့လာ သိရှိရပါတယ်။ ဒါ့ကြောင့် စက်ရုံများမှ ဓာတုဓာတ်များပါဝင်သောရေကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ခွင့်မပြုစေဘဲ နည်းမျိုးစုံဖြင့် ဓာတုဓာတ်စစ်ထုတ်မှုကို ပြုလုပ်စေပြီးမှသာ စွန့်ပစ်ရေကို စွန့်ပစ်မှသာ လျှင် လူနှင့်တိရစ္ဆာန်များအား ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသော စက်မှုဇုန်တချို့ရှိစက်ရုံများမှ ဓာတုဓာတ်ပါဝင်သော စွန့်ပစ်ရေများ ကို ဓာတုဓာတ်စစ်ထုတ်၍ စွန့်ပစ်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ် ဆောင်ရွက်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေး ၂၁ ရာစုအစီအစဉ် (Myanmar Agenda 21)၊ အခန်း (၁၀) မှာ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုနှင့်မြှင့်တင်မှုတွင် စက်ရုံများမှစွန့်ပစ်သော ထွက်သည့် စွန့်ပစ်အရည်များအား ဗဟိုမှသန့်စင်သည့်စနစ်များကို စက်မှုဇုန်များတွင် ထူထောင်ရန်နှင့် အဆိပ် အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းနှင့်ဘေးအန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် အပေါ် ထိခိုက်မှုမရှိစေမည့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရန်ထည့်သွင်း ဖော်ပြထား ပါတယ်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေနဲ့လည်း တိုင်းဒေသကြီးများ၊ ပြည်နယ်များအတွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံများကို နှစ်စဉ်စစ်ဆေးလျက်ရှိပါ တယ်။ ထိုကဲ့သို့ စစ်ဆေးရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကိုလည်း လိုက်နာမှု ရှိ၊ မရှိကိုပါ စစ်ဆေးကြပ်မတ်လျက်ရှိပါတယ်။ စက်ရုံအသစ်များ မှတ်ပုံတင်ခွင့်ပြုရာမှာလည်းပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများကိုပါ တစ်ပါတည်းထည့်သွင်းပြီး စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိပါတယ်။
အမှတ်(၂)စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများအတွက် သုတေသနဖွံ့ဖြိုးရေးဗဟိုဌာန၊ ဗဟိုဌာနမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့အနေနဲ့ အခါအားလျော်စွာ စက်ရုံများကို လိုက်လံစစ်ဆေးပြီး တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စက်ရုံနယ်မြေအတွင်း မိုးရာသီ ကာလများမှာ သစ်ပင်များအားစီမံချက်ဖြင့် တစ်အုပ်တစ်မစိုက်ပျိုးစေခြင်းနှင့် စက်ရုံမှစွန့်ပစ်ရေဆိုး နှင့် ပစ္စည်းများကို စနစ်ကျစွာ စွန့်ပစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့လည်း နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်း (Investment Portion)ကို တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ စက်ရုံ အလုပ်ရုံများ အသစ်တည်ထောင်ရာမှာ Environmental Impact Assessment(EIA), Social Impact Assessment စသည်များကို ထည့်သွင်းပြီး စဉ်းစားစိစစ်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိပါတယ်။ စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လက်အောက်တွင်ရှိသော စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဟာလည်းပဲ တိုင်းဒေသကြီး၊ပြည်နယ်များမှာရှိတဲ့ စက်မှုဇုန်တာဝန်ခံများဖြစ်ကြတဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးချုပ်များနဲ့ညှိနှိုင်းပြီး စက်ရုံအလုပ်ရုံများအနေဖြင့် စက်ရုံနယ်မြေ အတွင်း အစားထိုးသစ်ပင်များကို စီမံချက်ဖြင့် ပြန်လည်စိုက်ပျိုးရေး၊ စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများကို ပြန်လည်သန့်စင်မှုဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု(Pollution) လျော့ပါးစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာ့စက်မှုထုတ်ကုန်များ၊ ထုတ်လုပ်သူများအသင်းအနေနဲ့လည်း စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံများမှဝန်ထမ်းများ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ဗဟုသုတများရရှိစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများ၊ စွန့်ပစ်ရေဆိုးများ ပြန်လည်သန့်စင်မှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးစေရေးလုပ်ငန်းများနဲ့ပတ်သက်တဲ့ သင်တန်းများကိုလည်းပဲ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါတယ်။ စက်ရုံအလုပ်ရုံများမှထွက်တဲ့ စွန့်ပစ်ပစ္စည်းများနှင့်ရေဆိုးများကို စနစ်တကျစွန့်ပစ်ရေး အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းရန်လည်းပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ ပြည်ထောင်စုအစိုးရသို့ တင်ပြရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ခွင့်ပြုသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၂၁ ဦးပါဝင်တဲ့ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကိုလည်း လက်ရှိကျွန်တော်တို့ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိပါတယ်။ မြစ်ရေ၊ ချောင်းရေများ ညစ်ညမ်းမှုမရှိစေရန် ပတ်ဝန်းကျင်စွန့်ထုတ်အရည်များ စံချိန်စံညွှန်းသတ်မှတ်ပြဋ္ဌာန်းရေးအတွက် မြန်မာနိုင်ငံပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေမူကြမ်းမှာလည်းပဲ ဒီအချက်ကိုထည့်သွင်းရေးဆွဲ တင်ပြထားခဲ့ပါတယ်။ ပြဋ္ဌာန်းပြီး သည့်အခါ အဆိုပါဥပဒေအရ ထိရောက်စွာ ပိုမိုဆောင်ရွက်သွားနိုင်မည်လို့ ယူဆပါတယ်။
အထက်ပါဖြေကြားချက်များအားလုံးသည် ဤကိစ္စတွင် သက်ဆိုင်မှုရှိနေသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တည်ဆဲလုပ်ထုံးလုပ်နည်းများအရ ဖြေကြားခြင်းသာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း များ မည်သို့ပင်ရှိစေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါရှိသောအချက်များသည် လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ဖြစ်ပေါ်နေနိုင်သည်ဆိုခြင်းကို ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ လက်ခံယုံကြည်ပါတယ်။ အများပြည်သူများ၏အကျိုးကိုရှေ့ရှု၍ ဤအချက်ပေါ်တွင် တာဝန်ရှိသူများ အား အလေးထားဆောင်ရွက်စေလိုသည့် စိတ်စေတနာလည်းပေါ်လွင်လျက်ရှိပါတယ်။ ထို့ကြောင့် မိမိတို့တာဝန်ရှိသူများအနေနဲ့ ကြီးစွာသောသတိဖြင့် အလေးအနက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
